အိန္ဒိယ ဗဟိုအစိုးရက မော်တော်ယာဉ် ဖျက်သိမ်းရန် သတ်မှတ်ချက် ထုတ်ပြန်ပြဋ္ဌာန်း


အိန္ဒိယ အစိုးရက တစ်ပတ်ရစ်ကားတွေထဲမှာ လုပ်ငန်းသုံး မော်တော်ယာဉ်တွေ သက်တမ်း ၁၅ နှစ်နဲ့အထက်၊ အိမ်စီးကားတွေ သက်တမ်း ၂၀ နှစ်နဲ့အထက် မော်တော်ယာဉ်တွေအပြင်  ကားလမ်းတွေပေါ် မောင်းနှင်ဖို့ ကြံ့ခိုင်ရေး စစ်ဆေးမှု မအောင်တဲ့ ကားတွေကိုပါအရည်ကြိုကို ပို့ရမယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ 
တမီနာဒူးပြည်နယ်မှာ အဆိုပါ ပြဋ္ဌာန်းချက်ကြောင့် ကားအသစ် ရောင်းချသူတွေက ကျေနပ်အားရ ဖြစ်ကြပြီး တစ်ပတ်ရစ်ကားလောကမှာတော့ မကျေမနပ် ပြောဆိုသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ 
အဆိုပါ သက်တမ်းသတ်မှတ်ချက်အရ တမီနာဒူးပြည်နယ်မှာ ကားစီးရေ ၁၆ သိန်းဝန်းကျင် အရည်ကြိုကို ပို့ကြရမှာ ဖြစ်ပါတယ်။ ချန်နိုင်းမြို့ တစ်မြို့တည်းမှာတင် စီးရ သုံးသိန်းကျော် ထိမှာ ဖြစ်ပါတယ်။ 

အရည်ကြို အပ်နှံတဲ့ ကားပိုင်ရှင်အနေဖြင့် တစ်ကိုယ်ရေအခွန်ဆောင်ရတာတွေမှာ ၂၅% သက်သာခွင့် ရရှိမှာ ဖြစ်တဲ့အပြင် ကားအသစ် ဝယ်စီးတဲ့အခါ ကနဦး မော်တော်ယာဉ် မှတ်ပုံတင်ကြေး အခမဲ့ သတ်မှတ်ပေးထားပါတယ်။ 
အိန္ဒိယအစိုးရက မော်တော်ယာဉ် ထုတ်လုပ်သူတွေကို အရည်ကြိုလက်မှတ် တင်ပြတဲ့ ကားအသစ် ဝယ်ယူသူတွေကို လျှော့ဈေးဖြင့် ရောင်းချပေးဖို့ကိုလည်း ညွှန်ကြားထားပါတယ်။ 

တစ်ပတ်ရစ်ကား ရောင်းဝယ်ရေး လုပ်ကိုင်နေသူကတော့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်နေကြပါတယ်။ တစ်ပတ်ရစ်ကား ရောင်းဝယ်ရေး လုပ်ငန်းဖြစ်တဲ့ BRK automobiles မှ Wilson Joseph က ချန်နိုင်းမြို့မှာ တစ်ပတ်ရစ်ကား ရောင်းဝယ်ရေး အခြေချ လုပ်ကိုင်လျက်ရှိပြီး သူက” သက်တမ်းကို ကြည့်ပြီး ဆုံးဖြတ်တာ မမှန်ဘူး။ သက်တမ်းရင့်နေပေမဲ့ ကောင်းကောင်းမွန်မွန် ပြုပြင်ထိန်းသိမ်းပေးထားတဲ့ ကားတွေ ရှိနေတယ်။ တစ်ပတ်ရစ်ကားလောကအတွက် ဘယ်လို အစိုးရမူဝါဒ ချမှတ်ထားသလဲ ဆိုတာတော့ ကျွန်တော် မသိဘူး။ အခုလို မပြဋ္ဌာန်းခင် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်သင့်တယ်” လို့ မှတ်ချက်ပြုပါတယ်။ 

ကားအိုတွေကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်တာကို လျှော့ချဖို့နဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍ အားကောင်းလာစေဖို့အတွက် အစိုးရက အခုလို ပြဋ္ဌာန်းလိုက်တာလို့ ဆိုပါတယ်။  နောက်တစ်ချက် လျှပ်စစ်ကား သုံးစွဲမှုသို့ ပြောင်းလဲတာအတွက် လမ်းတွေပေါ်မှာ ကားအိုတွေကို ဖယ်ထုတ်သွားရမယ်လို့ ဆိုပါတယ်။ ကားအိုတွေ များနိုင်သမျှ များများ အရည်ကြိုကို ပို့နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ လျှပ်စစ်မော်တော်ယာဉ်တွေ လာမယ့် တစ်ဆယ်နှစ်အတွင်း ကြီးစိုးတော့မှာ ဖြစ်လို့ အခုကတည်းက လမ်းတွေပေါ်မှာ ရှိတဲ့ ယာဉ်အိုတွေကို ကြိုရှင်းထားတာ ဖြစ်ပါတယ်။ 

ထရပ်ကားလောကမှာလည်း ပြဋ္ဌာန်းချက်ကြောင့် ဂယက်အကြီးအကျယ် ထသွားတယ်။ Tamil Nadu Lorry Owners association ဉက္ကဋ္ဌဖြစ်သူ Yuvaraj က “အလတ်စားနဲ့ အသေးသား ထရပ်ကားတွေမှာ ၈၅ % နီးပါးလောက်က ဖျက်ပစ်ရမယ့်အထဲ ပါနေတယ်။ သက်တမ်းလွန်နေပြီ။ တကယ်လို့ အစုလိုက်အပြုံလိုက် ဖျက်တဲ့ဆီကို ပို့ပစ်ရမယ်ဆိုရင် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ထရပ်ကား မလုံလောက်တဲ့ ပြဿနာ ကြီးမားလိမ့်မယ်။ ကားငှားခ ဈေးတက်မယ်။ ကုန်ဈေးနှုန်းလည်း လိုက်တက်လိမ့်မယ်” လို့ ပြောကြားတယ်။ 
အခုလို အကြီးအကျယ် မထိခိုက်အောင် တစ်ကြိမ်တည်းဖြင့် အပြတ်ဖြတ်ပစ်တာအစား အဆင့်ဆင့် လုပ်ကိုင်သွားသင့်တယ်လို့ သူက အကြံပြုတယ်။ 
“သယ်ယူပို့ဆောင်ရေး ကဏ္ဍက ကိုဗစ်ကပ်ဘေးကြောင့် ကြုံနေရတဲ့ အကျပ်အတည်းကို တိုက်ပွဲဝင်နေရတယ်။ အစိုးရက တစ်ဆင့်ချင်း သွားတဲ့ မူဝါဒကို ကျင့်သုံးရင် ကျွန်တော် လိုလိုလားလား ပူးပေါင်းပါဝင်ကြမှာပဲ။ အဲဒီလို အဆင့်ဆင့် လုပ်နေတုန်းမှာ ကားတစ်စီးစီကို တစ်နှစ် ရူပီ တစ်သောင်း စိမ်းလန်းခွန်ဆိုပြီး ကောက်ခံတယ်ဆိုရင် အစိုးရလည်း ကားအိုတွေဆီမှ ဝင်ငွေရသွားမယ်” လို့ သူက အကြုံပြုတယ်။ 
 

Read 459 times