Silicon Anodes အသစ်ဖြင့် လျှပ်စစ်ဘတ်ထရီကားများ ခရီးရှည် သွားနိုင်မည်


လျှပ်စစ်မော်တော်ယာဉ်များအတွက် ပြုလုပ်ထားသည့် မျိုးဆက်သစ် ဘတ်ထရီသည် စွမ်းအင်များ ပိုမို သိုလှောင်နိုင်သည့်အပြင် ခရီးပိုမိုကြာရှည်စွာ သွားလာနိုင်မည် ဖြစ်ကာ ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်မည်လည်း ဖြစ်သည်။ ဤဘတ်ထရီများကို ယခုဆယ်စုနှစ် အလယ်ပိုင်းတွင် သုံးစွဲသူများထံသို့ ထုတ်လုပ် ဖြန့်ချိပေးနိုင်မည် ဖြစ်သည်ဟု သိရသည်။

 

အဆိုပါ ဘတ်ထရီများကို Silicon အခြေခံ Electrodes အသစ်များဖြင့် ပြုလုပ်ထားပြီး နောက်နှစ်အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများ စတင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ 

 

Startup ကုမ္ပဏီ ၂ ခုဖြစ်သည့် Group14 Technologies နှင့် Sila Nanotechnologies တို့သည် Silicon သတ္ထု၏ အသုံးပြုနိုင်စွမ်း အသစ်များအား သုတေသနပြုလုပ်ကာ ရှာဖွေလျက်ရှိပြီး အဆိုပါ သတ္ထုကို ဘတ်ထရီ Anodes များတွင် ဖြည့်စွက် အစားထိုးနိုင်အောင် တီထွင်လျက် ရှိသည်။ 

 

ဧပြီလ ၄ ရက်နေ့ ( အင်္ဂါနေ့ ) တွင် Group14 ကုမ္ပဏီဟာ ၎င်းသည် Moses Lake တွင် စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် SCC-55 ခေါ် Silicon-Carbon Powder ထုတ်လုပ်ရေး စက်ရုံတစ်ခု တည်ဆောက်လျက် ရှိသည်။ ယင်းစက်ရုံအား ၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်မည် ဖြစ်ကာ ၎င်းတွင် လျှပ်စစ်ကား အစီး ၂ သိန်းအတွက် ထုတ်လုပ်နိုင်သည့် ပမာဏရှိမည် ဖြစ်ပြီး တိုးပွားလာသော ဝယ်လိုအားကြောင့် ထို ပမာဏ၏ ၃ ဆ အထိ ထုတ်လုပ်နိုင်အောင် စီစဉ်ထားကြောင်းလည်း သိရသည်။ 

 

 

Group14 ၏ ပထမဆုံး ဖောက်သည်မှာ Porsche ကားကုမ္ပဏီ ဖြစ်ပြီး အခြားသော ရင်းနှီးမြှုပ်နှံသူများတွင် TDK၊ Amperex Technology Limited၊ BASF နှင့် SK Inc., တို့ပါဝင်ပြီး လတ်တလောတွင် အမေရိကန် ဒေါ်လာ သန်း ၆၅၀ အထိ ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

 

Group14 နှင့် တောင်ကိုရီးယားနိုင်ငံတွင် ဘတ်ထရီထုတ်လုပ်သည့် SK ကုမ္ပဏီတို့၏ ပူးတွဲ တည်ဆောက်ထားသည့် စက်ရုံသည် ယခုနှစ်တွင် ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း Group14 ၏ CEO နှင့် Co-founder ဖြစ်သူ Rick Luebbe က ပြောကြားခဲ့သည်။

 

Advertisement

Click Here >>> Central Ko Soe Myint

 

ဒါ့အပြင် Sila Nano ၏ CEO နှင့် Co-founder ဖြစ်သူ Gene Berdichevsky သည် ၎င်းတို့၏ Moses Lake ရှိ စက်ရုံ၌ Titan Silicon nano-composite Anode များကို နောက်နှစ်အတွင်း စတင်ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်းကိုလည်း ပြောကြားချက်အရ သိရသည်။ 

 

အဆိုပါ ကုမ္ပဏီ၏ ပထမဆုံးဖောက်သည်မှာ Mercedes-Benz ကားကုမ္ပဏီဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၎င်း၏ EQG လျှပ်စစ် SUV နှင့် ပထမဆုံး အနေဖြင့် ဖြန့်ချိမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Mercedes အပြင် ATL နှင့် Siemens တို့ကလည်း ၎င်းကုမ္ပဏီတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့ကြပြီး အမေရိကန် ဒေါ်လာ သန်း ၉၀၀ ရရှိခဲ့သည်။ 

 

 

Silicon ပါဝင်မှုများသည့် Anode များဝယ်လိုမှုများပြားနေပြီး Luebbe က ၎င်းတို့တွင် လျင်လျင်မြန်မြန် ကြီးကြီးမားမား ဆောင်ရွက်နိုင်ရန်အတွက် ဖိအားများစွာနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ကာ Korea နှင့် Washington ရှိ စက်ရုံများကလည်း ထိုကဲ့သို့ များပြားနေသော ဝယ်လိုကိစ္စများကို အမီလိုက်နိုင်ရန်အတွက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ 

 

သို့သော်လည်း Anode များတွင် Graphite အစား Silicon အား အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုနိုင်ရန်အတွက် နောက်ထပ် ၁၀ နှစ်ကျော်အထိ ကြာမြင့်ဦးမည် ဖြစ်ကြောင်း Berdichevsky က ပြောကြားခဲ့သည်။


Source - Reuters

Read 501 times