SKD1 ၊ SKD2 နှင့် CKD ကားများကို အခွန် ခွဲခြားကောက်ခံမည်


မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာ ပေါ်လစီတွင် SKD စနစ် နှင့် CKD စနစ် တို့အတွက် အဓိပ္ပာယ် ဖွင့်ဆိုချက်များ ပါရှိမည် ဖြစ်သည်။ ဥပဒေထုတ်ပြန်ပြီးချိန်၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ် လုပ်သည့် ကုမ္ပဏီများကို SKD1 စနစ်ဖြင့် ဆက်လက် တပ်ဆင်ထုတ် လုပ်ခွင့်ပေးမည် ဖြစ်သော်လည်း SKD1 နှင့် SKD2 ကြားတွင် အခွန်ခွဲခြားကောက်ခံမည် ဖြစ်သည်။ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်မှု တိုးတက်စေရန် ရည်ရွယ်ပြီး CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည့်ကားများကို အခွန်သက်သာခွင့် ပေးရန်အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။

“မော်တော်ယာဉ် ထုတ်လုပ်မှုဆိုင်ရာဥပဒေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ထုတ်ပြန်ကြေညာဖို့ စီစဉ်ခဲ့ပါတယ်၊ မူကြမ်းပြီးသွားပေမဲ့ ဆွေးနွေးအတည်ပြုရမှာတွေ ကျန်နေသေးတဲ့အတွက် လာမယ့်လမှာ ပေါ်လစီကို အရင်ကြေညာမှာ ဖြစ်ပါတယ်၊ CKD နဲ့ SKD ကြား အခွန်အခ သက်သာခွင့်ကို ခွဲခြားသတ်မှတ်မှာဖြစ်သလို SKD1 နဲ့ SKD2 ကိုလည်း အခွန်ခွဲခြား ကောက်ခံမှာ ဖြစ်ပါတယ်၊ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုး တက်လာဖို့အတွက် CKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ ကားတွေကိုတော့ အကျိုးခံစားခွင့် ပိုပြီးပေးမှာ ဖြစ်ပါတယ်၊ အခုအချိန်မှာ ပေါ်လစီကို ကြေညာဖို့အတွက် အစိုးရအဖွဲ့ ခွင့်ပြုချက်ရထားပြီး ဖြစ်တဲ့အတွက် ပုံနှိပ်ရိုက်နေပါတယ်၊ မေလထဲမှာ နိုင်ငံပိုင် သတင်းစာတွေကနေ တစ်ဆင့် ကြေညာသွားဖို့ ရှိပါတယ်”ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လာမည့် မေလအတွင်း မော်တော်ယာဉ် ထုတ်လုပ်မှုဆိုင်ရာ ပေါ်လစီနှင့်အတူ အမိန့်ကြေညာစာ ထုတ်ပြန်ပြီး CKD စနစ်နှင့် SKD စနစ်ဖြင့် ကားများ တပ်ဆင်ထုတ်လုပ်မှုများအတွက် အခွန်အခ အခွန်ခွဲခြားကောက်ခံမှုနှင့် CKD ထုတ်လုပ်မှုအတွက် အခွန်သက်သာခွင့်များကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

 

Read 4316 times