ဒဏ်ကြေးငွေ သိန်း ရာဂဏန်းအထိ တိုးမြှင့်ထားရှိမည်ဖြစ်သော မော်တော်ယာဉ် ဥပဒေသစ်


၂၀၁၅ မော်တော်ယာဉ် ဥပဒေအား ခေတ်စနစ်နှင့်အညီဖြစ်စေမည့် ဥပဒေအသစ် ပြင်ဆင်ရေးဆွဲနေရာ စည်းကမ်းဖောက်ဖျက်သည့်ကားများကို ပြစ်မှုအလိုက် ဒဏ်ကြေးငွေ သိန်း ရာဂဏန်းအထိတိုးမြှင့်ထားရှိကြောင်း ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံး (နေပြည်တော်) မှ သိရသည်။

၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအား ပြင်ဆင်၍ ဥပဒေအသစ် ရေးဆွဲထားပြီးဖြစ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရှေ့နေချုပ်ရုံးသို့တင်ပြထားရှိပြီး ယခု ၂၀၁၉ ခုနှစ်အတွင်း မကြာမီ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်သည်။

"အခုထွက်မယ့် မော်တော်ယာဉ် ဥပဒေအသစ်မှာ ပြစ်မှုပြစ်ဒဏ်တွေ ထပ်တိုးထားပါတယ်။ ၂၀၁၅ မော်တော်ယာဉ် ဥပဒေကို ခေတ်နဲ့ညီတဲ့ ဥပဒေဖြစ်ဖို့ ရေးဆွဲနေပြီး ရှေ့နေချုပ်ရုံးကို တင်ပြထားပါတယ်" ဟု ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး (နေပြည်တော်) မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၅ မော်တော်ယာဉ် ဥပဒေအား ခေတ်စနစ်နှင့်ကိုက်ညီမှုရှိစေရန်အတွက် ယခုအသစ်ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် မော်တော်ယာဉ် ဥပဒေသစ်တွင် ပြစ်မှုပြစ်ဒဏ်များ ထိရောက်မှုရှိစေရန် အမြန်လမ်းပေါ်တွင် အရှိန်ပြင်းမောင်းနှင်ခြင်းများ၊ စည်းကမ်းဖောက်ဖျက်သွားလာသောယာဉ်များ၊ ယာဉ်မောင်းနှင်ရာတွင် ဖုန်းပြောခြင်း၊ ယာဉ်များတွင် စတေကာကပ်ခြင်း၊ ရဲလုပ်ပိုင်ခွင့်များ အစရှိသည့် အချက်များကို ထည့်သွင်းရေးဆွဲထားရာ မော်တော်ယာဉ် ထုတ်လုပ်ခြင်းများ၊ ကားတင်သွင်းမှုများနှင့် လုပ်ငန်းလိုင်စင်များကိုလည်း အသစ်ရေးဆွဲပြင်ဆင်နေလျက်ရှိပြီး ဥပဒေ ထုတ်ပြန်ကြေညာပြီးပါက ကဏ္ဍတစ်ခုချင်းစီအလိုက် ပြစ်မှုပြစ်ဒဏ်နှင့် သက်ဆိုင်သည့် နည်းဥပဒေများကို ထပ်မံ၍ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

Read 2066 times