ဘန်ကောက်ဆိုင်ကယ်တက္ကဆီများကို လျှပ်စစ်စကူတာများ ပြောင်းလဲသုံးစွဲမည်
ဘန်ကောက်ရဲ့ လမ်းတွေပေါ် အမြောက်အမြား သွားလာနေကြတဲ့ စက်သံညံ မော်တော်ဆိုင်ကယ် တက္ကဆီများကို အသံတိတ်သွားအောင် လျှပ်စစ်စကူတာများဖြင့် ပြောင်းလဲဖို့ အစီအစဉ် ရှိပါတယ်။
ထိုင်းအစိုးရက စမ်းသပ်မှုအသစ်တစ်ခုအဖြစ် ဆောင်ရွက်တာ ဖြစ်ပါတယ်။
အခု စမ်းသပ်လုပ်ဆောင်မှု အောင်မြင်ဖြစ်ထွန်းရင် အာရှမှ အခြား မော်တော်ဆိုင်ကယ် သုံးစွဲမှု များပြားတဲ့ မြို့ကြီးတွေမှာလည်း ယခုလို အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ပါတယ်။
မော်တော်ဆိုင်ကယ်တက္ကဆီတွေ၊ ကိုယ်ပိုင်တက္ကဆီတွေ၊ စကူတာတွေ စက်သံညံတဲ့အပြင် အိပ်ဇောမှ စွန့်ထုတ်မှုကြောင့် လေထုညစ်ညမ်းမှုလည်း ဖြစ်ပေါ်နေပါတယ်။
ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အာဏာပိုင် Electricity Generating Authority of Thailand (EGAT) လျှပ်စစ်စကူတာ ပြောင်းသုံးရေး စီမံချက်ကို မော်တော်ဆိုင်ကယ်တက္ကဆီ အော်ပရေတာများအတွက် လျှပ်စစ်စကူတာ ၅၁ စီး စီစဉ်ပေးပြီး အစမ်းကာလကို စတင်မှာ ဖြစ်ပါတယ်။
စကူတာမှာ 3 kW (4 hp) မော်တာတပ်ပေးထားတယ်။ အမြန်ဆုံး တစ်နာရီ ၈၀ ကီလိုမီတာအထိ ပြေးတယ်။ ခရီးတာ ကီလိုမီတာ ၁၀၀ အထိ သွားနိုင်တယ်။
ဘက်ထရီကုန်ခါနီးရင် အသင့်ထားရှိပေးထားတဲ့ လဲလှယ်ရေးဘက်ထရီရုံ Battery Swapping Stationမှာ အားပြည့်ဘက်ထရီနဲ့ အလုံးလိုက် လဲတပ်ရမှာ ဖြစ်ပါတယ်။
အိမ်မှာ အားသွင်းရင် ဘက်ထရီကို ဖြုတ်ယူပြီး အိမ်ထဲမှာ အားသွင်းနိုင်ပါတယ်။
လျှပ်စစ်စကူတာ ဈေးနှုန်းက ဘတ် ၈၄,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၅၀၀) ဖြစ်ပါတယ်။