ကားအသစ်ကျပ်ချွတ် အင်ဂျင်ထဲ သကြားရောက်သဖြင့် ဝယ်ပြီး ၈ နာရီအကြာမှာ စက်ပျက်


ကားအသစ်ကျပ်ချွတ် အင်ဂျင်ထဲ သကြားရောက်သဖြင့် ဝယ်ပြီး ၈ နာရီအကြာမှာ စက်ပျက်


မလေးရှားနိုင်ငံမှ အမျိုးသမီး Nagakanni Subramaniam သည် ကားအသစ်တစ်စီး ဝယ်ယူပြီးနောက် အိမ်သို့ သယ်ယူခဲ့သည်။ အိမ်သို့ ရောက်ရှိပြီး ရှစ်နာရီအကြာတွင် စက်ပျက်သည်ကို ကြုံရသည်။ 

သူမ၏ အဖြစ်ဆိုးကို Facebook ပေါ်တွင် အင်္ဂါနေ့ (ဇန်နဝါရီ ၂) တွင် တင်ပြခဲ့သည်။
ကားအသစ်ကျပ်ချွတ်မှာ မလေးရှား ထိပ်တန်းကားအမှတ်တံဆိပ် Perodua ၏ Bezza 1.3X Premium ဖြစ်ပြီး Perodua အရောင်းပြခန်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက် မနက် ၁၁ နာရီ ဝန်းကျင်တွင် ၎င်းကားကို သွားယူခဲ့သည်။ 

"၈ နာရီကြာပြီးချိန် ညနေ ၇ နာရီ မိနစ် ၄၀ မှာ ကျွန်မ ကားကို စက်နှိုးတော့ အင်ဂျင်က စက်မနိုးဘူး" ဟု သူမက Facebook ပို့စ်တွင် ရေးသားတင်ပြထားသည်။ 
နောက်တနေ့တွင် ၎င်းကားကို Perodua Segamat Service Centre သို့ ဆွဲခေါ်သွားပြီး ကားကို စစ်ဆေးသည်။ အင်ဂျင် ပျက်စီးနေကြောင်း တွေ့ရသည်။ 


Perodua ဝဘ်ဆိုက်တွင် ၎င်းမော်ဒယ် ဈေးနှုန်းသည် ရင်းဂစ် ၄၀,၀၉၀ (ကန်ဒေါ်လာ ၈,၆၄၂) ဟု ဖော်ပြထားသည်။ 

ကားအသစ်တစီး အစားလျော်ပေးမည်ဟု သူမက ထင်ထားသော်လည်း Perodua ရုံးချုပ်မှ ယာဉ်စစ်ဆေးချက် အစီရင်ခံစာကို စောင့်ရမည်ဟု ဆားဗစ်စင်တာမှ ဝန်ထမ်းက ပြောကြားသည်။
၎င်းအစီရင်ခံစာ ရရှိရန် နှစ်ပတ်မှ တလအထိ ကြာမြင့်သည်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် Perodua ရုံးချုပ်က သူမထံ ဆက်သွယ်လာသည်။ အင်ဂျင်ထဲတွင် သကြားများ ရောက်ရှိနေသဖြင့် အင်ဂျင် ပျက်စီးရကြောင်း သူမကို အကြောင်းကြား အသိပေးသည်။ ထိုသို့ သကြားပါသောအရာမျိုးကို Perodua ကုမ္ပဏီတွင် မသုံးစွဲကြောင်းလည်း ပြောကြားသည်။ 

“ပြဿနာက အဲဒီ ၈ နာရီအတွင်း ကားအင်ဂျင်ထဲကို ရောက်ဖို့ နေနေသာသာ ကားထဲကိုတောင် အစားအသောက်တွေ သကြားတွေ ကျွန်မ မယူခဲ့ပါဘူး" ဟု သူမက ရေးသားထားသည်။

သူမ ကားအသစ် ဝယ်ယူခဲ့သည့် အရောင်းပြခန်းမှ အရောင်းဝန်ထမ်းက Nagakanni ကိုကားအသစ်ဝယ်ရန် ချေးငွေအသစ် ရယူရန် ပြောကြားသည်။

ပျက်သွားသည့် ကားအတွက် ချေးငွေ ရယူထားသဖြင့် ၎င်းချေးငွေအတွက် တလလျှင် ၅၃၇ ရင်းဂစ် ပေးသွင်းရမည် ဖြစ်သဖြင့် သူမက နောက်ထပ် ချေးငွေ ထပ်မယူတော့ချေ။ 

အောက်တိုဘာလမှ စ၍ ယခုအထိ ကားချေးငွေကို လစဉ်လတိုင်း အရစ်ကျ ဆက်လက်ပေးချေရသည်။ Perodua ထံမှ ကားအသစ်တစီး အစားပေးလျော်ရန် ဆက်သွယ်လာခြင်း မရှိသေးချေ။ 

Perodua Sales Sdn Bhd ၏ Chief Operating Officer Mr. JH Rozman Jaafar ၏ Perodua Bezza ပြဿနာနှင့် စပ်လျဉ်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် 
"အသစ်ဝယ်ယူထားသော Perodua Bezza ကားများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ ဖောက်သည်များထံမှရရှိထားသော တိုင်ကြားစာများကို ပတ်သက်၍ Perodua သည် ယမန်နှစ် အောက်တိုဘာလကတည်းက ဖောက်သည်များနှင့် ဆက်သွယ်နေကြောင်း သင့်အား အသိပေးလိုပါသည်။

ထိုအချိန်မှစ၍ အသုံးပြုရန်အတွက် ယာယီကားတစ်စီးကို ကမ်းလှမ်းခြင်းနှင့် ကားပြန်ဝယ်ရန် ရွေးချယ်ခွင့်တို့ကို ပေးဆောင်ခြင်းအပါအဝင် ပြဿနာကို ဖြေရှင်းရန် အဆင့်များစွာကို လုပ်ဆောင်ခဲ့ပါသည်။

Perodua သည် ၎င်းအမှုကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ဖောက်သည်အား အာမခံချက်‌ေပးပြီး  "ဤပြဿနာကို ဖြေရှင်းရန်အတွက် ကုမ္ပဏီမှ မည်သည့်အရေးယူမှုမျှ လုပ်ဆောင်ခြင်း မရှိသေးကြောင်း" စွပ်စွဲချက်ကို ဖယ်ရှားလိုပါသည်။

ဤပြဿနာအတွက် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်နေပြီး ၎င်းနှင့်ပတ်သက်သည့် အချက်အလက်များကို ပြီးမြောက်သည်နှင့် ကျွန်ုပ်တို့ ထပ်မံမျှဝေပါမည်။

အဆင်မပြေမှုများအတွက် တောင်းပန်ပြီး သင်၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါသည်။" ဟု ဖော်ပြထားသည်။


ကားဝယ်ခဲ့သူ  Nagakanni Subramaniam လက်တွေ့ ကြုံရသည်မှာ အသုံးပြုရန်အတွက် ယာယီကားတစ်စီးကို ကမ်းလှမ်းခြင်း မရှိသည့်အပြင် ပျက်သွားသည့်ကားအတွက် ချေးငွေကို ပေးဆပ်နေရဆဲ ဖြစ်သည်။ ကားပြန်ဝယ်ရန် ရွေးချယ်ခွင့် ဆိုသည်မှာလည်း ချေးငွေ ထပ်ယူပြီး ဝယ်ယူရန် စီစဉ်ပေးခြင်း ဖြစ်သဖြင့် Nagakanni Subramaniam အနေဖြင့် ကား ၂ စီးစာ လစဉ် အရစ်ကျ ပေးဆပ်သွားရမည် ဖြစ်သည်။
သူမက ဇန်နဝါရီလ ၂ ရက်၌ Facebook ပေါ်တွင်  တင်ပြခဲ့ရာ ချက်ချင်း ပွဲဆူသွားပြီး မီဒီယာများတွင်လည်း ဖော်ပြကြသဖြင့် တုံ့ပြန်သည့်စာကို နောက်တရက်တွင် ထုတ်ပြန်ခဲ့သည်။ ၂ လခွဲကျော် ကြာပြီးချိန်ကျမှ ထုတ်ပြန်ခြင်း ဖြစ်သဖြင့် ဝေဖန်မှုများ လူမှုကွန်ရက်တွင် ဆက်လက် ထွက်ပေါ်နေပါသည်။

 


Source Facebook 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 835 times