နီပေါနိုင်ငံတွင် လောင်စာဆီသုံးစွဲမှု လျှော့ချရန် တစ်ပတ်လျှင် အများပြည်သူရုံးပိတ်ရက် ၂ ရက်သတ်မှတ်ရေး


နီပေါနိုင်ငံတွင် လောင်စာဆီသုံးစွဲမှု လျှော့ချရန် တစ်ပတ်လျှင် အများပြည်သူရုံးပိတ်ရက် ၂ ရက်သတ်မှတ်ရေး အကောင်အထည်ဖော်မည်

 

နီပေါနိုင်ငံ အစိုးရက မကြာသေးမီလများအတွင်း လောင်စာဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေသဖြင့် လောင်စာဆီသုံးစွဲမှု လျှော့ချရေး ကြိုးပမ်းအားထုတ်မှုအဖြစ် တစ်ပတ်လျှင် ပုံမှန်အများပြည်သူဆိုင်ရာရုံးပိတ်ရက် ၂ ရက် တိုးမြှင့်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက ဧပြီ ၂၇ ရက်၌ ပြောကြားခဲ့သည်။

“ဧပြီ ၂၆ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ မေလ ၁၅ ရက်ကစပြီးတော့ တစ်ပတ်ကို အများပြည်သူဆိုင်ရာ ရုံးပိတ်ရက် ၂ ရက် စမ်းသပ်လုပ်ဆောင်ရေး အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး Gyanendra Bahadur Karki က သတင်းထောက်များအား ပြောခဲ့သည်။

လက်ရှိတွင် နီပေါနိုင်ငံသည် စနေနေ့ကို တစ်ပတ်လျှင် အများပြည်သူဆိုင်ရာရုံးပိတ်ရက် တစ်ရက် အကောင်အထည်ဖော်လျက်ရှိကာ ဥပဒေသစ်အရ တနင်္ဂနွေနေ့ကိုလည်း ထပ်တိုးပိတ်ရက်အဖြစ် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ အလုပ်လုပ်ရက် ၅ ရက်အတွင်း အလုပ်ချိန်နာရီကို နံနက် ၁၀:၀၀ နာရီမှ ၅:၀၀ နာရီအထိ သတ်မှတ်ထားရာမှ နံနက် ၉:၃၀ နာရီမှ ညနေ ၅:၃၀ နာရီအထိ ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က နီပေါနိုင်ငံ ဗဟိုဘဏ်က အားလပ်ရက်များအတွင်း အများပြည်သူသွားလာရေးအတွက် သိသိသာလျှော့ချနိုင်ရန် မြေပြင်၌ လောင်စာဆီသုံးစွဲမှုများကို လျှော့ချရန် အများပြည်သူဆိုင်ရာရုံးပိတ်ရက် နှစ်ရက် အကောင်အထည်ဖော်ရန် အစိုးရကို အကြံပြုထားခြင်းဖြစ်သည်။

လောင်စာဆီများသည် နီပေါနိုင်ငံအတွက် အကြီးမားဆုံး သွင်းကုန်ပစ္စည်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လလယ်ပိုင်းတွင် စတင်ခဲ့သော လက်ရှိဘဏ္ဍာနှစ်၏ ပထမ ၈ လအတွင်း စုစုပေါင်း သွင်းကုန်များ၏ ၁၄ ရာခိုင်နှုန်းကျော်ရှိကြောင်း ကုန်သွယ်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးစင်တာအရ သိရသည်။
ကမ္ဘာပေါ်ရှိ အခြားသောနိုင်ငံများကဲ့သို့ပင် နီပေါနိုင်ငံသည် မကြာသေးမီလများက ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အခြားသောအကြောင်းအရာများအတွင်း လောင်စာဆီဈေးနှုန်း မြင့်မားမှုကို ကြုံတွေ့ခဲ့ရသည်။

တစ်ချိန်တည်းမှာပင် နီပေါနိုင်ငံ၏ နိုင်ငံခြားအရန်ငွေမှာလည်း လက်ရှိဘဏ္ဍာနှစ် အစပိုင်းက အမေရိကန်ဒေါ်လာ ၁၁.၇၅ ဘီလီယံရှိရာမှ မတ်လလယ်အတွင်း ၁၈.၅ ရာခိုင်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၉.၅၈ ဘီလီယံ ကျဆင်းခဲ့ကြောင်း ဗဟိုဘဏ် စာရင်းအင်းများအရ သိရသည်။

နိုင်ငံခြားအရန်ငွေကျဆင်းခြင်းကို တုံ့ပြန်သောအားဖြင့် အစိုးရသည် ကုန်ပစ္စည်းအချို့ တင်သွင်းခြင်းကို တားမြစ်ခဲ့သလို အစိုးရအဖွဲ့အစည်းများအတွက် လောင်စာဆီ ထောက်ပံ့မှုကိုလည်း လက်ရှိဘဏ္ဍာနှစ်မကုန်မီအထိ ၂၀ ရာခိုင်နှုန်းလျှော့ချခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များက နီပေါနိုင်ငံသည် အစိုးရဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် ကုန်ထုတ်စွမ်းအား မြှင့်တင်ရန်အတွက် နှစ်ရက်တာ အားလပ်ရက်များသတ်မှတ်ခြင်းကို ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်အား လအနည်းငယ်ကြာပြီးနောက် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(Xinhua)

Read 344 times