ယခုနှစ်အတွင်း အမြန်လမ်းမကြီးတစ်လျှောက် သတ်မှတ်ကီလိုထက် ပိုမောင်းနှင်သည့်ကား ၂,၀၄၄ စီးကို ဒဏ်ရိုက် အရေးယူခဲ့ရာ ကျပ်သိန်းပေါင်း တစ်ထောင်ကျော် ရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ သိရပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက် လျှို့ဝှက်ကင်မရာ ၁၅ လုံးတပ်ဆင်ထားပြီး သတ်မှတ်ကီလိုထက် ပိုမောင်းနှင်သည့်ယာဉ်များကို အရေးယူဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ တွင် ၂,၃၃၄ စီး၊ ဖေဖော်ဝါရီလတွင် ၂,၆၂၉ စီး၊ မတ်လတွင် ၁,၉၁၂ စီး၊ ဧပြီလတွင် ၁,၈၄၂ စီး၊ မေလတွင် ၈၁၉ စီး၊ ဇွန်လတွင် ၇၂၃ စီး၊ ဇူလိုင်လတွင် အစီး ၈၄၀ ၊ သြဂုတ်လတွင် ၆၀၆ စီး၊ စက်တင်ဘာလတွင် ၁,၀၁၈ စီး၊ အောက်တိုဘာလတွင် အစီး ၁,၁၄၀၊ နိုဝင်ဘာလတွင် အစီး ၁,၂၆၀ နှင့် ဒီဇင်ဘာလတွင် ၉၃၃ စီး စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ်အတွင်း သတ်မှတ်ကီလိုထက် ပိုမောင်းသည့်ယာဉ်များကို တစ်စီးလျှင် ကျပ်ငါးသောင်းစီ ဒဏ်ရိုက် အရေးယူခဲ့ရာ ဒဏ်ကြေး ကျပ် ၈,၀၂၈ သိန်း ရရှိခဲ့ပါတယ်။ ယခုနှစ် အတွင်း၌လည်း သတ်မှတ်ကီလိုထက် ပိုမိုမောင်းနှင်သည့် ယာဉ်များကို အရေးယူခဲ့ရာ ဇန်နဝါရီလတွင် ၁,၁၇၂ စီးနှင့် ဖေဖော်ဝါရီလတွင် ၈၇၂ စီး ဖမ်းဆီးရမိခဲ့ပြီး ဒဏ်ကြေး ကျပ်သိန်းပေါင်း ၁,၀၂၂ သိန်း ရရှိခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာလအထိ အမြန်လမ်းတစ်လျှောက် သတ်မှတ်ကီလိုထက် ပိုမောင်းနှင်တဲ့ကား ၁၆,၀၅၆ စီး ဖမ်းဆီးအရေးယူခဲ့ပါတယ်၊ ဒီနှစ်မှာလည်း ဇန်နဝါရီလထဲမှာ ၁,၁၇၂ စီးနဲ့ ဖေဖော်ဝါရီလထဲမှာ ၈၇၂ စီး စစ်ဆေးအရေးယူခဲ့ပါတယ်၊ အမြန်လမ်းမကြီး ဥပဒေအတိုင်း သတ်မှတ်ကီလိုထက် ပိုပြီးမောင်းနှင်တဲ့ ကားတွေကို ငါးသောင်းစီ ဒဏ်ရိုက်အရေးယူခဲ့ပါတယ်”ဟု အမြန်လမ်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
အမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် Express များကို ကီလိုကိုးဆယ်၊ အိမ်စီးကားများဖြစ်သည့် Saloon ၊ Wagon ၊ Double Cab ကား များကို ကီလိုတစ်ရာ၊ သုံးတန်နှင့်အထက် ကုန်တင်ယာဉ်များနှင့် သုံးတန်နှင့်အောက် Light Truck ၊ Pick-up ၊ Single Cab များကို ကီလိုခြောက်ဆယ်သာ မောင်းနှင်ခွင့် ပြုထားကြောင်းသိရပါတယ်။
Source;Automobile Journal