မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများထုတ်လုပ်သည့် တပ်မတော်အကြီးစားစက်ရုံ (ထုံးဘို)သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့ပါတယ်။
တပ်မတော်က ၂၀၁၆ ခုနှစ်တွင် အမှတ်(၂) စက်မှုဝန်ကြီးဌာနထံမှ လွှဲပြောင်းရယူခဲ့သည့် စက်ရုံမှ ရပ်တန့်နေသော မော်တော်ယာဉ်နှင့် အင်ဂျင်အစိတ်အပိုင်းများ ထုတ်လုပ်မှုကို ပြန်လည်ထုတ်လုပ်နိုင်ရန်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မော်တော်ယာဉ်များ စတင်ထုတ်လုပ် နိုင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင်ဒီဇိုင်းဖြင့် မော်တော်ယာဉ်များအား စတင်ထုတ်လုပ်နေရာ အစီး ၁၀၀ မြောက်ထုတ်လုပ်ပြီး ဖြစ်ပါတယ်။ ယခင်အခြေခံရှိပြီးသားစက်များ၊ အတွေ့အကြုံရှိပြီး စက်ရုံလုပ်သားများနှင့် ခေတ်မီနည်းပညာများပေါင်းစပ်ပြီး မိမိတို့စက်ရုံမှထုတ်လုပ်သည့် မော်တော်ယာဉ်များအား အရည်အသွေး ကောင်းမွန်အောင်ဆောင်ရွက်နေပြီး မော်တော်ယာဉ် နှစ်စဉ် အစီး ၁,၀၀၀ ထုတ်လုပ်သွားရန် စီမံဆောင်ရွက်နေသည်ဟုလည်း ပြောကြားခဲ့ပါတယ်။
အဆိုပါ တပ်မတော်အကြီးစားစက်ရုံ (ထုံးဘို) မှ ယခုဘဏ္ဍာနှစ်အတွင်း INLAY Jeep အစီး ၂၀၀ ထုတ်လုပ်မည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်း၌ ဖော်ပြထားပါတယ်။ အဆိုပါစက်ရုံတွင် ယခင်က Mazada Jeep၊ B -600၊ T-2000 မော်တော်ယာဉ်များအား အမှတ်(၂)စက်မှုဝန်ကြီးဌာနက ထုတ်လုပ်ခဲ့ပါတယ်။ စက်ရုံအလုပ်ရုံအတွင်း အသုံးပြုသည့်စက်များသည် ၁၉၆၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်ကာလက ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် OSAKA KOSAKUSHO ၊ HITACHI SEIKI ၊ MITSUBISHI ၊ OKUMA ၊ SHOUN ၊ OKK ၊ SEIKOSHA ၊ ROKU ROKU SANGVO ၊ YOSHIDA ၊ TOKUSHU KOKI SEISA KUSHO ၊ TSOGAMI နှင့် TOYOKOGVO စသော စက်အဟောင်းများဖြစ်ကာ ပြန်လည်ပြုပြင်၍ မော်တော်ယာဉ်များ၊ အင်ဂျင်နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံအတွက် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးနှင့် နိုင်ငံခြားငွေကုန်ကျမှုအား တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။