တရုတ်နှင့် မူဆယ်နယ်စပ်မှ ကုန်ကားသမားများ တွက်ချေမကိုက်သော်လည်း ဆက်လက်ပြေးဆွဲနေရ


တရုတ်နှင့် မူဆယ်နယ်စပ်တွင် နယ်စပ်စခန်းအလိုက် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုအခြေအနေ နှိုင်းယှဉ် ချက်စာရင်းမှာ

ယခင်နှစ်ကာလတူထက်လျော့နည်းနေပြီး ကုန်ကားသမားများအနေဖြင့် တွက်ချေကိုက်၍ လုပ်ကိုင်နေရခြင်းမဟုတ်ဘဲ လုပ်လက်စအလုပ်ဖြစ်၍သာ လုပ်နေရကြောင်း မူဆယ်ကုန်ကားသမားများထံမှ သိရသည်။

ကုန်သွယ်ရေးဦးစီးဌာနက နိုဝင်ဘာ‌နောက်ဆုံးအပတ်မှာထုတ်ပြန်တဲ့ ကာလတူနယ်စပ်စခန်းအလိုက် ပို့ကုန်၊ သွင်းကုန်ကုန်သွယ်မှုအခြေအနေ နှိုင်းယှဉ်ချက်စာရင်းအရ ယခုဘဏ္ဍာနှစ် နိုဝင်ဘာ ၂၀ ရက်အထိ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ်ကာလတူထက် ကန်ဒေါ်လာ သန်း ၅၀ နီးပါး လျော့ခဲ့ကြောင်း သိရသည်။

ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာ ၂၀ ရက်အထိ မူဆယ် နယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုတည်းတွင်ပင် ကုန်တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၀၄ ဒသမ ၅၈၅ သန်း ရှိခဲ့ပြီး တရုတ်ဘက်သို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၉၇ ဒသမ ၆၆၂ သန်းဖိုး တင်ပို့ခဲ့ကာ တရုတ်ဘက်မှ ပြန်တင်သွင်းမှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၉၂၃ သန်းထိ ရှိကြောင်း သိရသည်။

အဆိုပါပမာဏတွင် မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ကုန်တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅၆ ဒသမ ၄၄၄ သန်းရှိခဲ့ပြီး တရုတ်ဘက်သို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၁၅ ဒသမ ၀၀၁ သန်းဖိုး တင်ပို့ခဲ့ကာ တရုတ်ဘက်မှ ပြန်တင်သွင်းမှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၃ ဒသမ ၁၃ သန်းထိ ရှိသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်‌ဒေါ်လာ ၃၀၃၂ ဒသမ ၅၉၁ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၈၃၆ ဒသမ ၁၀၈ သန်း တင်သွင်းခဲ့ကာ ဘဏ္ဍာနှစ်တစ်နှစ်လုံးနီးပါးတွင် ကန်ဒေါ်လာ ၄၈၆၈ ဒသမ ၆၉၉ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

မြို့တော်သတင်း

Read 458 times