ရေပက်ခံလည်ပတ်ရာတွင် အကြမ်းခံနိုင်သည့် တရုတ် MSX ဆိုင်ကယ်များ


မြန်မာနှစ်သစ်ကူးကာလရောက်တော့မည်ဖြစ်ရာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလတွင် ရေပက်ခံ လည်ရာတွင် မြူးထူးခုန်ပေါက်ပျော်ရွင်စွာ စီးနင်းနှိုင်မည့် တရုတ် MSX ဆိုင်ကယ်များ ဈေးကွက်သို့ စတင် ဝင်ရောက်လာကြောင်းသိရသည်။

သင်္ကြန်ပွဲတော်နီးလာသောကြောင့် ဆိုင်ကယ်နှင့်လည်သည့်အခါတွင်စိတ်ကြိုက်ခုန်ပေါက်ကစားနိုင်မည့် တရုတ် MSX ဆိုင်ကယ်များမှာ ခါးဖောက်ကို Gas ဖောက်ထည့်လာပြီး အိပ်ဇောပိုက်ကိုလည်းဘယ်/ညာနှစ်လုံးနှင့် နောက်ကယ်ရီယာခုံအောက်နားတွင် တပ်ဆင်ထားပြီး ထုတ်လုပ်လာကြပါသည်။

ယင်းဆိုင်ကယ်၏ စက်သံသည် သာမန်ထက်အသံကျယ်သောကြောင့် သင်္ကြန်လည်သည့်သူများအတွက် လီဗာကောင်းသကဲ့သို့ ခါးဖောက်ဖြစ်သည့်အတွက် နောက်ကလိုက်သည့်သူများ ခုန်ပေါက်ရနိုငသော သင်္ကြန်အမီဈေးကွက်ထဲရောက်လာကြပါသည်။

ယခင်တရုတ် MSX ဆိုင်ကယ်များကို ထိုင်း Honda ဆိုင်ကယ်ဒီဇိုင်းအတိုင်း သမားရိုးကျပုံစံဖြင့်သာ ထုတ်လုပ်နိုင်ခဲ့သော်လည်း သင်္ကြန်အမီ ထွက်ရှိလာသည့် တရုတ် MSX ဆိုင်ကယ်များတွင်မူ နောက်ဖင်ထိုင်ခုံအပြင် နောက်ကယ်ရီခုံပါ သီးသန့်တပ်ဆင်ပေးလာကြပြီး ရှေ့မီးကြီးအပြင် Sidelight မီးအဖြစ် အနီ၊ အနက်၊ အဖြူ၊ အစိမ်း၊ အပြာ စသည့်ကာလာမျိုးစုံ LED မီးသီးများပါ ထည့်သွင်းထုတ်လုပ်လာကြသည်။

ထို့ပြင်ရှေ့ဖောက်၊ လက်ကိုင်နှင့် အိပ်ဇောပိုက်များကိုလည်း ဖန်စီရွှေရောင်များဖြင့် ထုတ်လုပ်လာသည့်အပြင် သင်္ကြန်ကာလ ဆိုင်ကယ်အခိုးခံရစေရန် ဆိုင်ကယ်သော့ကို ကားသော့ပုံစံ လုံခြုံရေးစနစ်မြှင့်၍ ပုံစံပြောင်း ထုတ်လုပ်လာကြောင်းသိရသည်။

သင်္ကြန်ကာလအမီ ဖန်စီ ဒီဇိုင်းများဖြင့် ဝင်ရောက်လာသော တရုတ် MSX ဆိုင်ကယ်များကို JINCHENG, WonJan,WSC စသည့်ကုမ္ပဏီများမှ တင်သွင်းလာကြပြီး မန္တလေးဈေးကွက်တွင် ကျပ်ကိုးသိန်းခွဲဝန်းကျင်ဖြင့် ရောင်းချလျက်ရှိသည်။

 

Read 4627 times