ကုန်းမြေပေါ် အမြန်ဆုံးမောင်းနိုင်သဖြင့် ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည့် Motorised Shed


ဝေးလ်စ်နိုင်ငံ တောင်ပိုင်းက ခုနစ်မိုင်ရှည်လျားျသော Pendine Sands ကမ်းခြေသည် ညီညာဖြောင့်ဖြူးပြီး တစ်ဆက်တည်းရှိသော မြေမျက်နှာပြင် ပိုင်ဆိုင်ခြင်းကြောင့် ၁၉၂၀ ပြည့်လွန်နှစ်များမှစတင်၍ စက်တပ်ယာဉ် အမျိုးမျိုး၏ ကုန်းမြေပေါ် အမြန်ဆုံးမောင်းနိုင်သော ကမ္ဘာ့စံချိန်သစ်တင်ရန် ကြိုးပမ်းရာနေရာတစ်ခု ဖြစ်ခဲ့ပါသည်။

၂၀၁၈ ခုနှစ်အတွက် Land Speed Event ကို ပြီးခဲ့သည့်မေလတွင် ကျင်းပပြုလုပ်ခဲ့ရာ ယူကေစံချိန်ဖြစ်သော တစ်နာရီ ၁၉၄ ဒသမ ၅ မိုင် အမြန်နှုန်းကိုချိုးဖျက်ရန် လေးဘီးတပ် ပြိုင်ကားငယ်(Kart)၊ သုံးဘီးတပ်ယာဉ်နှင့်စွမ်းအားမြင့်ဆိုင်ကယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယူကေစံချိန်ကို မချိုးနိုင်သော်လည်း ကိုယ်ပိုင်စံချိန်သစ်တစ်ရပ်တင်နိုင်သည့် Motorised Shed ကားတစ်စီး ထွက်ပေါ်လာခဲ့ပါသည်။ ထိုကားက အသက် ၅၃ နှစ်အရွယ်ဥယျာဉ်မှူး Kevin Nicks တီထွင်ထားသော Fastest Shed ဖြစ်ပါသည်။

Kevin Nicks သည် ၂၀၁၅ ခုနှစ်ခန့်က သူပိုင်ဆိုင်သော Volkswagen Passat ကားပျက်စီးသွားချိန်တွင် ပုံမှန်ထက်အနည်းငယ်ထူးခြားသည့် ကားတစ်စီးတီထွင်ရန် စိတ်ကူးရခဲ့ပြီး ထိုကားကို အခြေခံသည့် သစ်သားတဲပုံစံMotorised Shed ကို စတင်တည်ဆောက်ခဲ့ပါသည်။ Kevin Nicks ကိုယ်တိုင် ကြိုးပမ်းခဲ့ပြီး ဗြိတိန်ပေါင်စတာလင် ငါးထောင် အကုန်အကျခံ၍ ၁၂ လ အချိန်ယူတည်ဆောက်ပြီးနောက်တွင် လမ်းပေါ်တရားဝင်မောင်းနိုင်သည့်Motorised Shed တစ်စီးဖြစ်လာခဲ့ပါသည်။

Kevin Nicks သည် သူ့၏ Motorised Shed ကို ဘယ်လောက် မြန်မြန်မောင်းနိုင်သလဲဆိုသည်ကို သိရရန် Speed Event တချို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နာရီ မိုင်ရှစ်ဆယ်အမြန်နှုန်းနှင့်ဂင်းနက်စ်ကမ္ဘာ့ မှတ်တမ်းဝင်ခဲ့သော်လည်း နောက်ထပ်စံချိန်သစ်တင်နိုင်ရန် ဆက်လက်ကြိုးပမ်းခဲ့ခြင်းဖြစ်ပါသည်။

Motorised Shed ကို စတင်ဖန်တီးချိန်မှ ၂ နှစ်တာ ကာလအတွင်း လူမှုရေးရန်ပုံငွေရှာဖွေပေးရန် စုစုပေါင်းခရီးမိုင်နှစ်သောင်း မောင်းနှင်ခဲ့ပါသည်။ Pendine Sands ကမ်းခြေက Land Speed Event ကို ဝင်ပြိုင်ရန်Kevin Nicks သည် သူ့၏ Motorised Shed ကို ဗြိတိန်ပေါင်စတာလင် ရှစ်ထောင်ခန့်ကုန်ကျသော ဆိုင်းထိန်းစနစ်အသစ်နှင့် Audi RS4 အင်ဂျင်တို့ ပြောင်းလဲတပ်ဆင်ခဲ့ပါသည်။

ဗြိတိန်ကာကွယရေးဝန်ကြီးဌာန၏ လက်နက်စမ်းသပ်ကွင်းဖြစ်ခဲ့ဖူးသော Pendine Sands ကမ်းခြေသည် အပေါ်ယံညီညာဖြောင့်ဖြူးသော်လည်း မပေါက်ကွဲဘဲကျန်ရှိခဲ့သည့် လက်နက်ခဲယမ်းများ၊ ရေစီးကြောင်းနဲ့ပါလာပြီးကမ်းပေါ်တင်ကျန်ရစ်သည့် ကြီးမားသော JellyFish ငါးများကြောင့် အမှန်တကယ်မောင်းသည့်အခါ ခက်ခဲတတ်ပြီး မည်သည့်စက်တပ်ယာဉ်မှ တစ်နာရီ မိုင်နှစ်ရာကျော်အောင် မမောင်းနိုင်သေးပေ။

Kevin Nicks ၏ Motorised Shed သည် Pendine Sands ကမ်းခြေမှာ တစ်နာရီ ၁၀၁ မိုင် အမြန်နှုန်းနှင့် မောင်းနိုင်ခဲ့၍ ကုန်းမြေပေါ် အမြန်ဆုံးမောင်းနိုင်သော Motorised Shed အဖြစ် ကမ္ဘာ့ စံချိန်သစ်တင်ခဲ့ပါသည်။

ယခင်က အမြန်ဆုံးမောင်းနိုင်သော Motorised Shed စံချိန်က ၂၀၁၁ ခုနှစ်တုန်းက Edd China ၏ Motorised Shed ဖြစ်ပြီး တစ်နာရီ ၅၈ မိုင်နှုန်းသာရှိခဲ့ပါသည်။

Read 583 times