ထိုင်းမော်တော်ဆိုင်ကယ် ထုတ်လုပ်မှု များလာမည်ဟု ခန့်မှန်း


ထိုင်းမော်တော်ဆိုင်ကယ် ထုတ်လုပ်မှု များလာမည်ဟု ခန့်မှန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းနိုင်ငံတွင် မော်တော်ဆိုင်ကယ် လုပ်ငန်းကဏ္ဍသည် ရောင်းအား ကျဆင်းနေသော်လည်း ယခုနှစ် နောက်ဆုံးသုံးလပတ်တွင် မော်တော်ဆိုင်ကယ် ဝယ်လိုအား ပြန်ကောင်းလာမည်ဖြစ်ပြီး ထုတ်လုပ်သည့် စီးရေ ပိုများလာမည်ဟု ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries (FTI) မှ ပြောကြားပါသည်။ 

FTI ၏ Automotive Industry Club သည် ယခုနှစ်အစောပိုင်းတွင် မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုအတွက် အလားအလာကောင်းမည်ဟု ခန့်မှန်းခဲ့သည်။ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာခြင်း၊ ချစ်ပ် ပြတ်လပ်မှု မရှိတော့ခြင်းတို့ကြောင့်  အလားအလာကောင်းမည်ဟု ခန့်မှန်းခဲ့သည်။

ဇူလိုင်လတွင် ပြည်တွင်းရောင်းအား ယမန်နှစ်ထက် ၁၂.၇% ပိုများခဲ့ပြီး ၁၅၀,၇၇၉ စီး ရောင်းချခဲ့သည်။
ဩဂုတ်လတွင် ယမန်နှစ်ထက် ၆.၈% လျော့ကျခဲ့ပြီး ၁၆၀,၁၂၃ စီး ရောင်းချခဲ့သည်။ ထုတ်လုပ်မှုသည် ယမန်နှစ်ထက် ၂၃.၇% လျော့ကျခဲ့ပြီး ၁၈၆,၉၃၀ စီး ထုတ်လုပ်ခဲ့သည်။

FTI ၏ ဒုဥက္ကဋ္ဌနှင့် Automotive Industry Club ၏ ပြောရေးဆိုရေး တာဝန်ခံ  Surapong Paisitpatanapong က ထုတ်လုပ်မှုကျဆင်းခြင်းသည် စားသုံးသူများအကြား ဝယ်ယူနိုင်စွမ်းအား အားနည်းနေခြင်း၊ မော်တော်ဆိုင်ကယ်နှင့် ကားဝယ်ယူမှုများအတွက် ချေးငွေထုတ်ပေးခြင်းအတွက် ဘဏ်များက တင်းကျပ်သောစံနှုန်းများ သတ်မှတ်ထားသောကြောင့် ချေးငွေ အလွယ်တကူ မရသဖြင့် မော်တော်ဆိုင်ကယ် ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောကြားသည်။

“နိုင်ငံတွင်း အိမ်ထောင်စုကြွေးမြီများ မြင့်မားလာပြီးနောက် ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေက ကြွေးပြန်မဆပ်နိုင်တဲ့ ချေးငွေများ ပိုများလာမယ့်အရေးကို စိုးရိမ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

ယခုအခါ ထိုင်းနိုင်ငံ၏ အိမ်ထောင်စုကြွေးမြီနှုန်းသည် နိုင်ငံ၏ GDP ၏ ၉၀% ထက် ကျော်လွန်နေသည်။ အစိုးရကြွေးမြီသည် ယခုနှစ် GDP ၏ ၆၁% ရှိသည်။

မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေးကဏ္ဍသည် ချစ်ပ် အလုံအလောက်မရသည့် ကာလတရပ်ကို ဖြတ်သန်းခဲ့ရသည်။ ယခု ကြွေးမြီပြဿနာနှင့် မော်တော်ဆိုင်ကယ် ဝယ်ရန်အတွက် ဘဏ်ချေးငွေ ရဖို့ မလွယ်ကူသည့် အခက်အခဲကို စားသုံးသူတို့ ကြုံနေရသည့်အတွက် ရောင်းအား ထိခိုက်နေသည်။

Automotive Industry Club သည် ယခုနှစ်တွင် စုစုပေါင်း မော်တော်ဆိုင်ကယ် အစီးရေ ၂.၁ သန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။
ယခုနှစ် ဇန်နဝါရီ မှ ဩဂုတ်လကုန်အထိ အစီးရေ ၁.၆၈ သန်း ထုတ်လုပ်ခဲ့သည်။ 
အပြီးအစီး တပ်ဆင်ပြီးစီး completely built-up (CBU) အစီးရေ ၁.၄၆ သန်း၊ တပ်ဆင်ရန်အသင့် အစိတ်အပိုင်းများ completely-knocked down (CKD) အနေဖြင့်  ၂၁၉,၄၀၃ စီး ထုတ်လုပ်ခဲ့သည်။
CBU နှင့်  CKD ၂ မျိုးပေါင်း ၅၄၀,၆၃၀ စီး တင်ပို့ခဲ့သည်။ စုစုပေါင်းတန်ဖိုးမှာ ဘတ် ၄၆ ဘီလီယံ ဖြစ်ပါသည်။

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 252 times