မော်တော်ကားကိုယ်ထည်ပေါ်က ကြော်ငြာများပေါ်ပေါက်လာပုံ


မော်တော်ကားဆိုသည်မှာ စပေါ်ပေါက်လာခဲ့သည့် အချိန်တည်းက စီးပွားရေးလုပ်ငန်းရှင်များနှင့် ကားများနှင့် ပတ်သက်ပြီး စိတ်ဝင်တစားဝါသနာပါသူများသည် သူတို့၏ ကားများပေါ်တွင် သူတို့ကို ကိုယ်စားပြုသည့် အမှတ်အသားမျိုးများ ဖော်ပြကြလေ့ရှိသည်။

အရင်က ကားပြိုင်ပွဲများတွင် ပါ၀င်သည့် ပြိုင်ပွဲဝင်ကားများသည် သူတို့အတွက် သတ်မှတ်ပေးထားသည့် နံပါတ်များနှင့် သူတို့သဘောကျနှစ်သက်ပြီး သူတို့ကို ကိုယ်စားပြုသည့် အမှတ်အသားတစ်ခုခုကို ကားများပေါ်အလှဆင်ပြသခဲ့ကြပါသည်။

နောက်ပိုင်းတွင် ထိုလုပ်ဆောင်ချက်များကို စီးပွားရေးအမြင်နှင့် ပြန်လည်မွမ်းမံပြီး အိုင်ဒီယာများဆန်းသစ်လာခဲ့ကြပါသည်။

၁၉၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် Milton Hershey ဆိုသူသည် သူ၏ ကားကိုယ်ထည်ပေါ်တွင် သူပိုင်ဆိုင်သည့် ကုမ္ပဏီ PA Hershey အမှတ်တံဆိပ်ပုံစံကို ဆေးနှင့်ရေးဆွဲကြော်ငြာခဲ့ပါသည်။

ထို့ကြောင့် ကမ္ဘာ့ပထမဦးဆုံးမော်တော်ကားပေါ် ဒီဇိုင်းရေးဆွဲကြော်ငြာခဲ့သူသည် Milton Hershey ပါ။

၁၉၆၂ ခုနှစ်တွင် ဓာတုဗေဒပညာရှင်နှင့် တီထွင်သူ Waldo Semon ကယနေ့ခေတ်အသုံးပြုနေသည့် Vinyl ကိုဖန်တီးခဲ့ပြီး အသုံးတွင်ကျယ်လာပါသည်။

၁၉၅၀ ပြည့်လွန်နှစ်နှောင်းပိုင်းနှင့် ၁၉၆၀ ပြည့်လွန်နှစ်များရောက်လာသည့်အခါများတွင် ကားကိုယ်ထည်တွင် ကြော်ငြာရန်အတွက် ခက်ခဲပြီး လက်ဝင်သည့် ပန်းချီဆေးရေးမှ ဗီနို်င်းဒီဇိုင်းခေတ်ကို ပြောင်းလဲလာခဲ့ပါသ်ည။

၁၉၉၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွင် နည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရေစိုခံပြီး ဖြတ်တောက်ရလွယ်သကဲ့သို့ ကပ်လို့ခွာလို့ရသည့် ဗီနိုင်းဂရပ်ဖစ်ဒီဇိုင်းများကို စျေးနှုန်းအရ လူများပိုပြီး လက်လှမ်းမီလာပါသည်။

၁၉၉၃ ခုနှစ်တွင် Pepsi ကုမ္ပဏီသည် Crystal Pepsi ထုတ်ကုန်အတွက် ဗီနိုင်းဂရပ်ဖစ်ကြော်ငြာဖန်တီးပြီး ကုမ္ပဏီပိုင်ဘတ်စ်ကားတစ်စီးမှာ ကားတစ်စီးလုံးအပြည့်ကပ်ပြီးကြော်ငြာခဲ့ပါသည်။

ထိုဘတ်စ်ကားသည် ကမ္ဘာ့ပထမဦးဆုံးဗီနိုင်းဂရပ်ဖစ်ကြော်ငြာကပ်ပြီး ကြော်ငြာခဲ့သည့်ကားဟု မှတ်တမ်းဝင်ခဲ့ပါသည်။

မော်တော်ကားဂရပ်ဖစ်ကြော်ငြာလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းများအတွက် အတော်လေးကို အကျိုးသက်ရောက်မှုရှိသည့် ကြော်ငြာနည်းတစ်မျိုးဖြစ်ပါသည်။

လျှပ်တစ်ပြက်တွေ့မြင်လိုက်ရသည့် ကြော်ငြာမှတစ်ဆင့် ယင်းကုန်ပစ္စည်း၏ နောက်ဆက်တွဲအကြောင်းအရာများကို လူများစိတ်ဝင်စားလာကြပါသည်။

ကားပိုင်ရှင်များအတွက် အကျိုးအမြတ်ရရှိသကဲ့သို့ အလွယ်တကူလည်း အပြောင်းအလဲလုပ်ပစ်လို့ရပါသည်။

သတ်မှတ်ချိန်ပြည့်ပါက ချက်ချင်းပြန်ဖယ်ပစ်လို့ရပါသည်။

နှစ်ဦးနှစ်ဘက်အတွက် အကျိုးရှိပြီး အမှန်တကယ်ထိရောက်သည့် ကြော်ငြာလုပ်ငန်းတစ်မျိုးဖြစ်ပါသည်။

အခုနိုင်ငံတကာတွင်ရော ကိုယ့်နိုင်ငံထဲတွင်ပါ မော်တော်ကားတစ်စီးလုံးပဲဖြစ်ဖြစ်၊ ကားဘော်ဒီတစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ် ဗီနိုင်းကြော်ငြာများ ကပ်ပြီး အသုံးပြုလာကြပါသည်။

ကြော်ငြာဒီဇိုင်းများ ကပ်ရန်အတွက် ကားအရွယ်အစားအကြီးအသေးနှင့် ကပ်ချင်သည့်ဂရပ်ဖစ်ဒီဇိုင်းများအပေါ်မူတည်ပြီး အများဆုံး သုံးရက်လောက်တော့ ကြာမြင့်ပါသည်။

နေ့စဉ်နှင့်အမျှ ကြောက်ငြာ ကပ်ထားသည့်ကားများကို လမ်းပေါ်တွင် အလွယ်တကူတွေ့မြင်နေကြရသည့် ခေတ်ကြီးမှာ မော်တော်ကားကိုယ်ထည်ပေါ်တွင် ကြော်ငြာများ ပေါ်ပေါက်လာပုံကို ဖော်ပြပေးလိုက်ပါသည်။

 

Read 855 times