ကမ္ဘာပေါ်ရှိကားထုတ်လုပ်သည့်ကုမ္ပဏီများမှာအခြေစိုက်နိုင်ငံတွင်သာမဟုတ်ဘဲအခြေခံကုန်ကြမ်းရရှိနိုင်မှု ၊ ဈေးကွက်ဖြန့်ချိတင်ပို့နိုင်မှုလွယ်ကူခြင်းအပါအဝင်ဒေသခံကားဈေးကွက်အနေအထားများအရ နီးစပ်ရာနိုင်ငံများတွင်စက်ရုံခွဲများထားရှိထုတ်လုပ်ရောင်းချနေသည်ကိုတွေ့ရပါသည်။
ဂျပန်အခြေစိုက် Toyota အနေဖြင့်မိခင်ကုမ္ပဏီအခြေစိုက်ရာဂျပန်တွင်လည်းကားထုတ်လုပ်မှုစက်ရုံ ရှိသကဲ့သလို့အခြားကားဈေးကွက်ကြီးများဖြစ်သည့်တရုတ်နှင့်အမေရိကန်ကဲ့သို့နိုင်ငံများတွင်လည်း ထုတ်လုပ်မှုစက်ရုံခွဲများထားရှိထုတ်လုပ်ရောင်းချနေခြင်းဖြစ်ပါသည်။
ကမ္ဘာ့ကားထုတ်လုပ်မှုအများဆုံးနိုင်ငံများနှင့်ကုမ္ပဏီများအကြောင်းတင်ပြလိုက်ပါသည်။
ကားထုတ်လုပ်မှုက ၂၀၀၀ ခုနှစ်နောက်ပိုင်းနှစ်စဉ်ကားအစီးရေစုစုပေါင်းသန်း ၅၀ ကျော်ထုတ်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင်နှစ်စဉ်အစီးရေသန်း ၇၀ နှင့်အထက်ထုတ်လုပ်နေကြပါသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင်အစီးရေသန်း ၉၀ ကျော်နှင့် ၂၀၁၆ ခုနှစ်အတွင်းတွင် ၉၄ သန်းလောက်ထုတ်လုပ်သည်ဟုအကြမ်းဖျင်းသိရပါသည်။
နောက်ဆုံးအတည်ပြုထားသည့် ၂၀၁၅ ခုနှစ်စာရင်းများအရကမ္ဘာပေါ်တွင်တရုတ်နိုင်ငံသည်ကားဈေးကွက် အကြီးဆုံးနေရာကိုအမေရိကန်ဆီကရယူခဲ့ပြီး နောက်ပိုင်းမော်တော်ကားဝယ်လိုအားနှစ်စဉ် တိုးတက်နေသကဲ့သို့ ကားကုမ္ပဏီအများအပြားကလည်းတရုတ်တွင်အခြေစိုက်စက်ရုံများဖွင့်လှစ်ပြီးကားများ ထုတ်လုပ်ရောင်းချနေကြသည့်အတွက်လက်ရှိကားထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ်တရုတ်က ၁ နှစ်လျှင် အစီးရေ ၂၄ သန်းဝန်းကျင်ထုတ်လုပ်နေကြောင်းတွေ့ရပါသည်။
ယင်းနောက်တွင်အမေရိကန်မှ ၁ နှစ်ကိုအစီးရေ ၁၂ သန်းကျော်ထုတ်လုပ်နေပြီး တတိယနေရာတွင်ဂျပန်က ၁၀ သန်းနီးပါးထုတ်လုပ်နေပါသည်။
ဇိမ်ခံကားကောင်းအများစုထုတ်လုပ်သည့်ဂျာမနီကအစီးရေ ၆သန်းကျော်၊ နောက်ပိုင်းဈေးကွက်တွင်နေရာကောင်းရလာသည့် တောင်ကိုရီးယားမှအစီးရေ ၄ ဒဿမ ၅ သန်းကျော်၊ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတစ်ခုဖြစ်သည့်အိန္ဒိယမှအစီးရေ ၄ ဒသမ ၁ သန်းကျော်၊ တောင်အမေရိကတိုက်၏အကြီးဆုံးကားဈေးကွက်တည်ရှိရာမက္ကဆီကိုမှအစီးရေ ၃ ဒသမ ၄ သန်းကျော်၊ စပိန်မှအစီးရေ ၂ ဒဿမ ၇ သန်းကျော်၊ ဘရာဇီးကအစီးရေ ၂ ဒသမ ၄ သန်းကျော်နှင့်အသီးသီးမော်တော်ကား အများဆုံးထုတ်လုပ်နိုင်ကြောင်းတွေ့ရပါသည်။
၂၀၁၆ ခုနှစ်တွင်အချို့သောသတင်းများအရ Toyota မှအများဆုံးရောင်းချထားနိုင်ကြောင်းသိရသကဲ့သို့ အချို့ကလည်း VW Group မှ Toyota ထက်ကားပိုရောင်းချနိုင်ခဲ့ကြောင်းဖော်ပြထားတာတွေ့ရပါသည်။
နောက်ဆုံး ၂၀၁၅ ခုနှစ်စာရင်းများအရတစ်နှစ်အတွင်းကားအများဆုံးရောင်းထားနိုင်သည့် Toyota မှကား အစီးရေ ၁၀ ဒဿမ ၀၈၃ သန်းထုတ်လုပ်ခဲ့ပါသည်။
ဒုတိယနေရာမှာ VW ၏ထုတ်လုပ်မှုကအစီးရေ ၉ ဒဿမ ၈၇၂ သန်းဖြစ်ပါသည်။
တတိယနေရာမှာတောင်ကိုရီးယားအခြေစိုက် Hyundai ကတစ်နှစ်အတွင်းအစီးရေ ၇ ဒသမ ၉၈၈ သန်း၊ အမေရိကန်အခြေစိုက် General Motors ကအစီးရေ ၇ ဒသမ ၄၈၅ သန်း၊ အမေရိကန်အခြေစိုက် Ford က ၆ ဒသမ ၃၉၆ သန်း၊ ဂျပန်အခြေစိုက် Nissan ကအစီးရေ ၅ ဒသမ ၁၇၀ သန်း၊ အီတလီနှင့်အမေရိကန်ဖက်စပ် Fiat-Chrysler မှအစီးရေ ၄ ဒသမ ၈၆၅ သန်း၊ ဂျပန်အခြေစိုက် Honda ကအစီးရေ ၄ ဒသမ ၅၄၃ သန်း၊ ဂျပန်အခြေစိုက် Suzuki ကအစီးရေ ၃ ဒသမ ၀၃၄ သန်း၊ ပြင်သစ်အခြေစိုက် Renault ကအစီးရေ ၃ ဒသမ ၀၃၂ သန်းအသီးသီးအများဆုံးထုတ်လုပ်ခဲ့ကြပါသည်။
အခြားနာမည်ကျော် BMW က အစီးရေ ၂ ဒသမ ၂၇၉ သန်း၊ဂျာမနီ အခြေစိုက် Mercedes ရဲ့ ကုမ္ပဏီ Daimler က အစီးရေ ၂ ဒသမ ၁၃၄သန်း၊ဂျပန် အခြေစိုက် Mazda က အစီးရေ ၁ ဒသမ ၅၄၀ သန်း ထုတ်လုပ်ခဲ့ကြတာလည်း တွေ့ရပါသည်။
Source:car lover