ယခုခေတ် မော်ဒယ်မြင့်ကားများတွင် မော်တော်ယာဉ်အင်ဂျင်အား Electronic Control Uint ခေါ် ဆင်ဆာများ ကွန်ပျူတာ စနစ်များဖြင့် အင်ဂျင်၏ လုပ်ဆောင်ချက်များ မှန် မမှန်ကို စောင့်ကြည့် ထိန်းချုပ်ပါ သည်။
ထိုသို့ စောင့်ကြည့် ထိန်းချုပ်ရာတွင် အင်ဂျင်၏ ပုံမှန် ရှိသင့်သည့် အချက်အလက်များ မှန် မမှန်ကို ECU Box မှ စောင့်ကြည့်လျှက်ရှိပြီး ဆင်ဆာများ၊ အင်ဂျင်၏လုပ်ဆောင်ချက် မမှန်ခြင်း၊ ရေအပူမမှန်ခြင်း၊ အင်ဂျင်ဝိုင်ပုံမှန်မရှိခြင်း၊ အင်ဂျင်စက်သံမမှန်ခြင်းနှင့် ဂီယာလုပ်ဆောင်ချက်များ ချို့ယွင်းချက်ရှိသောအခါ အင်ဂျင်ချက်မီး လင်းပါသည်။
အင်ဂျင်၏ အာရုံခံဆင်ဆာတစ်ခုဖြစ်သော MAF (Mass Air Flow) လေအဝင် အာရုံခံ ဆင်ဆာသည် အင်ဂျင်၏ပစ္စတင်သို့ အင်းတက် (Intake) ဘားများမှ လေစုပ်ယူသော ပမာဏနှင့် လေအပူချိန်ကို ECU သို့သတင်းပို့ပါသည်။
အင်ဂျင်ကွန်ထရိုးဘောက်မှ MAF မှ ပေးပို့သော လေပမာဏနှင့် လေအပူချိန်တို့ကိုလက်ခံရယူကာ အင်ဂျင်၏ အခြားဆင်ဆာများမှ ပေးပို့သော အချက်အလက်များနှင့် အတူ တွက်ချက်ကာ အင်ဂျင်အား ဆီပေးခြင်း၊ မီးမြှင့်ပေးခြင်း၊ ဗားတိုင်ပင်မြင့်ပေးခြင်း တို့ကို ဆောင်ရွက်ပါသည်။
ထိုသို့ ပုံမှန် ဆောင်ရွက်ရာတွင် MAF ၏ရှိသင့် ရှိထိုက်သော အတိုင်းအတာများမှာ အင်ဂျင်စလိုး (Idle Speed) တွင် အင်ဂျင်အားအလိုက် မည်မျှရှိရမည်၊ အင်ဂျင်အပတ်ရေ ၂၀၀၀ တွင် ဘယ်မျှရှိရမည်ကို သတ်မှတ်ချက်အတိုင်း ရှိပြီးသားဖြစ်ပါသည်။
MAF ၏ လုပ်ဆောင်ချက်များမှာ သတ်မှတ်ဘောင်အတွင်း ပုံမှန်ရှိနေပါက အင်ဂျင်ကွန်ထရိုးဘောက်သည် အချက်အလက်များအား လက်ခံကာ ပုံမှန် ဆီပေးမီးမြှင့်ပေး အလုပ်ကို လုပ်ဆောင်ပါသည်။
ထိုကဲ့သို့ MAF ဆင်ဆာ၏ ပုံမှန် ပေးပို့ချက်များမှ သတ်မှတ်ဘောင်အတွင်း မရှိတော့ဘဲ နည်းသွားခြင်းသော်၎င်း၊ များသွားခြင်းသော်၎င်း ဖြစ်လာပါက အင်ဂျင်ကွန်ထရိုးဘောက်သည် W (Warning) ဟုခေါ်သော မီးကြိုးလေးမှတဆင့် မီးပေးပို့ကာ ဒိုင်ခွက်အတွင်းရှိ အင်ဂျင်ချက်မီးကို လင်းစေပါသည်။
ဥပမာ - တိုယိုတာ 1500cc အင်ဂျင်တွင် အင်ဂျင်စလိုး အပတ်ရေ ၆၅၀ မှ ရ၅၀ အတွင်းတွင် 1.75 မှ 2.5 gm/sec ရှိနေပါက ပုံမှန်ဖြစ်နေသော်လည်း အင်းတက် လေ အဝင်လိုင်းတွင် ဟာနေသောကြောင့် 3.0 အထက်တွင်ပြနေပါက MAF မှပေးပို့သော အချက်အလက်သည် များနေပြီး အင်ဂျင်အပတ်ရေ ၆၅၀ မှ ရ၅၀ တွင် ဝင်ရောက်ရမည့် လေထက်များနေသဖြင့် အင်ဂျင်ချက်မီးကို လင်းစေပါသည်။
အင်ဂျင်ချက်မီးမှာ ကားဝပ်ရှော့များတွင် ပြုပြင်ချိန်များတွင် ဆင်ဆာများ ဝါယာရိန်းများ ဖြုတ်ထားချိန်ပြီး ပြန်တတ်ချိန်တွင်လည်း လင်း တတ်ပါသည်။
ထိုကဲ့သို့ အင်ဂျင်ချက်မီးမျိုးမှာ Scanner စက်ဖြင့် Reset လုပ်ကာ ဖျောက်လို့ရသော်လည်း မော်တော်ယာဉ် မောင်းနှင်ရင်းသော်၎င်း၊ စက်နိုးချိန်လင်းလျှင်သော်၎င်း၊ ကားမောင်းနေချိန် အမြဲလင်းနေလျှင်သော်၎င်း
ပုံမှန်မဟုတ်သဖြင့် နီးစပ်ရာ ကျွမ်းကျင်သော ကားဝပ်ရှော့များတွင် သွားရောက်စစ်ဆေးကာ အင်ဂျင်ချက်မီး လင်းသော ပြစ်ချက်ကို ပြုပြင်ပြီး၍ Reset လုပ်မှသာ ချက်မီးငြိမ်းကာ ပုံမှန်ပြန်ဖြစ်မည်ဖြစ်ပါသည်။
မိတ်ဆွေများမှ အမြဲမေးနေကျဖြစ်သော " အင်ဂျင်ချက်မီးလင်းနေလို့ ဘာကိုပြုပြင်ရမလဲ" ဟူသော မေးခွန်းမှာ
ဘာကိုပြုပြင်ရမည် ဆိုတာ ကျွမ်းကျင်သော မက္ကင်းနစ်များမှာ ဖြေဆိုတတ်မည်မဟုတ်ပါ။
စက်ဖြင့် စစ်ကြည့်၍ Error code ထွက်လာ မှသာလျှင် ဘာတွေ ဘာကိုပြင်ရမည် ဆိုတာကိုသာ ပြောနိုင်မှာဖြစ်ပါသည်။
အထက်ပါမေးခွန်းအောက်များတွင် တွေ့နေကျဖြစ်သော အင်ဂျင်ချက်မီးလင်းရင် ပလပ်လဲလိုက်ပါလား လေစစ်လဲလိုက်ပါလား လောင်စာဆီစစ်လဲလိုက်ပါလား ဆိုသော အဖြေများမှာ သေချာ မသိမကျွမ်းကျင် သောကြောင့် ဝင်ရောက်ဖြေဆိုကြ ခြင်း ဖြစ်ပါသည်။
အင်ဂျင်ချက်မီးလင်းရသော ပြစ်ချက်ကုတ်များမှာ များစွာရှိပေရာ ကားတစ်စီးနှင့် တစ်စီးပြစ်ချက်ကုတ် မတူပါက အထက်ကပြောသော အရာများ လုပ်သော်လည်း ပျောက်မည် မဟုတ်သလို ငွေ နှစ်ခါကုန် ဖြစ်တတ်ပါသည်။
အင်ဂျင်ချက်မီးလင်းနေ၍ ဆက်မောင်း၍ ရလား ဟူသော မေးခွန်းမျိုးမှာလည်း မေးတတ်သော မေးခွန်းမျိုး ဖြစ်ပါသည်။
အင်ဂျင်ချက်မီးလင်းသော ပြစ်ချက်များတွင် ကားဆက်မောင်း၍ ရသော ပြစ်ချက်များရှိသလို ဆက်မောင်းရန် မသင့်သော ပြစ်ချက်များလည်း ရှိပါသည်။
ဆက်မောင်းရန်မသင့်သော ပြစ်ချက်များမှာ ရေအပူချိန်များ၍ လင်းသောပြစ်ချက်များ၊ အင်ဂျင်ဝိုင်နည်း၍ ခမ်း၍ ပြလာသော ပြစ်ချက်များ၊ စက်သံကြမ်း (Knock) ၍ ပြလာသော ပြစ်ချက်များနှင့် ချာဂျင် အဝင်မမှန်သောကြောင့်ပြသော ပြစ်ချက်များဖြစ်ပါသည်။
ရေအပူချိန်များ၍ အင်ဂျင်ချက်မီးလင်းသော ပြစ်ချက်ဖြစ်လျှက် ဂရုမစိုက်ဘဲ ဆက်လက်မောင်းနှင်ပါက
ရေဆူကာ ဂက်စကက်ပြတ်ခြင်း၊ အင်ဂျင်အပူချိန်များကာ ထိုးရပ်ခြင်းတို့ဖြစ်ကာအင်ဂျင်ပျက်စီး တတ်ပါသည်။
အင်ဂျင်ဝိုင်နည်း၍ ခမ်း၍ အင်ဂျင်ချက်မီး လင်းသော ပြစ်ချက်ဖြစ်နေလျှက် ဆက်လက်မောင်းနှင်ပါက ဘယ်ရင်ပျော်ကာ အင်ဂျင်ပျက်စီးပြီး ထိုးရပ်တတ်ပါသည်။
စက်သံကြမ်း ( Knock) ၍ လင်းသော ပြစ်ချက်ဖြစ်လျှက် ဆက်လက်မောင်းနှင်ပါက လည်း ကွန်နတင်းခေါက်နေခြင်း၊ ပစ္စတင်စား၍ အစင်းဖြစ်နေခြင်း ဖြစ်ပါက လမ်းတွင် အင်ဂျင်ထိုးရပ်တတ်ပါသည်။
ချာဂျင်အဝင်မမှန်သောကြောင့် ပြသောပြစ်ချက်မှာ ချာဂျင်အနည်းငယ်ဝင်နေပါက ဘက္ထရီအိုးပုံ ချာဂျင်မီးအနီလေး မပြတတ်ပါ။
ထိုအချိန်တွင် ဆက်လက်မောင်းနှင်သွားပါက အဲယားကွန်း၊ ရှေ့မီးကြီးများဖွင့်ကာ မောင်းနှင်သွားချိန်တွင် ဘက္ထရီအားကုန်ကာ ထိုးရပ်တတ်ပါသည်။
ကျန် ပြစ်ချက်များဖြစ်သော ဆီနည်းခြင်း၊ဆီများခြင်း၊ ဆင်ဆာများ မမှန်ခြင်း၊ဂီယာပြစ်ချက်များကြောင့် လင်းခြင်းသည်လည်း ဆက်လက်မောင်းနှင်၍ ရသော်လည်း အခန့်မသင့်ပါက ထိုးရပ်တတ်ပါသေးသည်။
ထိုပြစ်ချက်များကြောင့် ထိုးရပ်ပါက စက်ပြန်နိုး၍ ရပါက ဆက်လက်မောင်းနှင်၍ ရပါသည်။
အင်ဂျင်ချက်မီးလင်းလာပါက ကားအား ရေဆူခြင်း ရှိ မရှိ၊ အင်ဂျင်အပူချိန် လိုအပ်သည်ထက် ပိုပူနေခြင်း ရှိ မရှိ၊ အင်ဂျင်ဝိုင် ရှိ မရှိ၊ စက်သံကြမ်း မကြမ်း၊ စက်သံ မှန် မမှန်တို့ကို ပထမဦးစွာ မဖြစ်မနေစစ်ဆေးသင့်ပါသည်။
ရေအပူချိန်ပုံမှန်၊ အင်ဂျင်အပူချိန်ပုံမှန်၊ အင်ဂျင်ဝိုင်ပုံမှန်ရှိ၊ စက်သံမကြမ်း၊စက်သံမှန်ပါက ဆက်လက်မောင်းနှင်ပြီးနီးစပ်ရာ ကျွမ်းကျင်သောဝပ်ရှော့တွင်အင်ဂျင်ချက်မီးလင်းနေကြောင်း ဝင်ရောက်ပြသစစ်ဆေးသင့်ပါသည်။
မက္ကင်းနစ်မှ ကားအားစစ်ဆေး ပြီးချိန်တွင်ဆက်လက်မောင်းနှင်၍ ရသေးကြောင်း၊ယခုချက်ချင်း ပြင်သင့်သည့် ပြစ်ချက်ဖြစ်ကြောင်းကို ရှင်းပြပေးပါက မက္ကင်းနစ်နှင့် တိုင်ပင်ဆွေးနွေးကာစစ်ဆေးပြုပြင်သင့်ပါသည်။