တကျော့ပြန် လိပ်ခုံးကား ၂၂ စီး
ရုတ်တရက် မြင်လိုက်တဲ့အခါ ခေတ်ဆန်တဲ့ Volkswagen လိပ်ခုံးကား မော်ဒယ်အသစ်လို့ ထင်မိမယ်။ သေသေချာချာကြည့်တော့ Volkswagen ရဲ့ VW တံဆိပ် မတွေ့ရဘူး။
ဘာလို့ VW တံဆိပ် မတွေ့ ရတာလဲဆိုတော့ ဂျာမန်လုပ်ငန်း Milivié က ထုတ်လုပ်တဲ့ ကား ဖြစ်နေလို့ပါ။ ဘာလို့ လိပ်ခုံးကားပုံစံ ဖြစ်နေရသလဲဆိုတော့ လိပ်ခုံးကားအဖြစ် ထုတ်လုပ်ထားလို့ပါ။
နဂိုအတိုင်း ပြန်လည် ပြင်ဆင်မွမ်းမံခြင်း restore လုပ်တာမှာ ခေတ်ဆန်ဆန် မော်ဒန်ဖြစ်အောင် ပြုလုပ်ပေးထားလို့ restomodem လို့ ခေါ်ဝေါ်သုံးနှုန်းကြတဲ့ နည်းလမ်းဖြင့် Volkswagen Type 1 မော်ဒယ်ကို ပြန်လည် ထုတ်လုပ်ထားပါတယ်။
Type 1 ကို Milivié က ပြန်လည်ထုတ်လုပ်ထားလို့ ကားမော်ဒယ်ကို Milivié 1 အမည်ပေးထားပါတယ်။
Volkswagen Type 1 က ချေးပိုးထိုးကောင် “beetle” ကို ဘီး ၄ ဘီးတပ်ထားတဲ့ပုံ ဖြစ်နေလို့ Volkswagen Type 1 လို့ သိသူ နည်းပါးပြီး Volkswagen beetle လို့ လူသိများပါတယ်။
မြန်မာပြည်မှာတော့ လိပ်ခွံလို ခုံးကွေးနေလို့ လိပ်ခုံးကား လို့ လူသိများပါတယ်။
ရှေးကားကို ခေတ်မီနည်းပညာ သို့မဟုတ် အီလက်ထရွန်းနစ်ပစ္စည်းများ တပ်ဆင်ခြင်းပြုေပးတဲ့ ပြုပြင်မွမ်းမံခြင်း retomode က အဆန်းတော့ မဟုတ်ပါဘူး။
ဂန္ထဝင်ကားအိုကို အင်ဂျင် ဖယ်ရှားပြီး လျှပ်စစ်မော်တာဖြင့် မောင်းလို့ရအောင် retomode လုပ်ကြလေ့ရှိပါတယ်။ Milivié 1 ရဲ့ retomode ကတော့ အင်ဂျင်ကို မဖယ်ရှားပါဘူး။
ကိုယ်ထည်အခုံးအကွေးက လိပ်ခုံးကားကို အခြေခံထားပြီး Porsche ကားမော်ဒယ်ရဲ့ စတိုင်လ်ကို ပေါင်းစပ်ထားပါတယ်။
ရှေ့မီးကြီးတွေကို LED အစင်းဝိုင်း ပြောင်းထားတယ်။
နောက်မီးတွေလည်း ပြောင်းပေးထားတယ်။
လိပ်ခုံးကားရဲ့ ထုံးတမ်းစဉ်လာအရ အင်ဂျင်ကို ကားနောက်ပိုင်းမှာ ထားတယ်။
နောက်ဖုံးစက်ဖုံးကို ဘဲမြီးပုံ ဖော်ထားတယ်။ အိပ်ဇောပိုက်နှစ်ခုကို အလယ်မှာ ထုတ်ထားတာက Porsche ကားမော်ဒယ် စတိုင်ဖမ်းထားတာ ဖြစ်ပါတယ်။
လိပ်ခုံးကားရဲ့ ထုံးတမ်းစဉ်လာအရ အင်ဂျင်ကို ရေနဲ့ အပူချိန်မထိန်းဘူး။ လေနဲ့ပဲ air-cooled လုပ်တဲ့ အင်ဂျင် တပ်ဆင်ပေးထားတယ်။ ဆလင်ဒါ ၄ လုံးထိုး၊ အရွယ်အစားက 2.3 liters ဖြစ်ပါတယ်။ အင်ဂျင်ကို ဆီကျွေးဖို့ ခေတ်ပေါ် fuel injection မသုံးဘဲ ခေတ်ဟောင်းက ကာဗျုရေတာ carburetor ၂ လုံး တပ်ဆင်ပေးထားပါတယ်။
အင်ဂျင်က နောက်ဘက်မှာဆိုတော့ Milivié 1 က နောက်ဘီးယက် ဖြစ်ပြီး ဂီယာ ၄ ချက် အော်တိုဂီယာနှင့် အင်ဂျင်ကို တွဲဖက်ပေးထားပါတယ်။
ကားအတွင်းပိုင်းမှာ ခေတ်မီ အီလက်ထရွန်းနစ် ပစ္စည်းကိရိယာတွေ တပ်ဆင်ပေးထားပါတယ်။ ၁၂.၃ လက်မ စခရင်ပါတဲ့ အင်ဖိုတိန်းမင့် infotainment ပါတယ်။ နောက်ထပ် ၁၂.၃ လက်မ စခရင်တစ်ခုက ဒိုင်ခွက်အဖြစ် ပြသပေူတယ်။ ဆော့ဖ်ဝဲကို Milivié ကုမ္ပဏီကိုယ်တိုင် ဖန်တီးပါတယ်။
Milivié 1 ကို ၂၂ စီး ထုတ်လုပ်ပါမယ်။ Volkswagen Type 1 ကို ၁၉၃၈ မှ ၂၀၀၃ ခုနှစ်အထိ စီးရေ ၂၂ သန်း ထုတ်လုပ်ခဲ့တဲ့အတွက် ၂၂ စီး ထုတ်လုပ်တာလို့ ဆိုပါတယ်။ အတိအကျ ပြောရင် ၂၁.၅ သန်း ထုတ်လုပ်ခဲ့ပြီး လိပ်ခုံး ထုတ်လုပ်မှု အပြီးအပြတ် ယတိပြတ် ဇာတ်သိမ်း လိုက်ပါတယ်။
“Volkswagen” ဆိုတာက “people’s car” လို့ ဆိုလိုပါတယ်။ ဂျာမနီ နာဇီခေါင်းဆောင် ဟစ်တလာက အများပြည်သူ ဝယ်စီးဖို့ တတ်နိုင်တဲ့ကား ထုတ်လုပ်ဖို့ ညွှန်ကြားခဲ့လို့ ပေါ်ပေါက်လာတဲ့ ကား ဖြစ်ပါတယ်။
Milivié 1 ကတော့ “people’s car” ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ စီးရေက ၂၂ စီးတည်း ထုတ်လုပ်မှာ ဖြစ်ပြီး ဈေးနှုန်းက ယူရို ၅၇၀,၀၀၀( ကန်ဒေါ်လာ ၆ သိန်းနီးပါး) ဖြစ်ပါတယ်။
နောက်နှစ် နှစ်ဆန်းပိုင်းမှ ပထမဆုံးကားကို ရရှိမှာဖြစ်ပြီး နောက်ဘိတ်ဆုံးကားကို ၂၀၂၅ မှာ ရရှိပါမယ်။
#MyanmarAutomobileGuide
Telegram Channel
https://t.me/Guid4U