‌မော်ဒယ်နှစ်အနည်းငယ်ကွဲလွဲသော ရုပ်ပြောင်းကားများအား ကနဦးယာဉ်မှတ်ပုံတင် ပြန်လည်ခွင့်ပြုပေးသွားမည်


ပြည်ပမှ အသစ်တင်သွင်းလာသော မိုဒယ်နှစ်အနည်းငယ်ကွဲ ရုပ်ပြောင်းကားများအား ကနဦးယာဉ်မှတ်ပုံတင်နှင့် သက်တမ်းတိုး ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ပြည်ပတင်သွင်းယာဉ်များ၊ ကားများသည် မူလစက်ရုံထုတ်ပုံစံအတိုင်း ဖြစ်ရမည်ဖြစ်ရာ မိုဒယ်နှစ်အား ၂၀၀၈ မိုဒယ်မှ ၂၀၁၆ မိုဒယ်အထိ အမြင့်သို့ခုန်၍ ရုပ်ပြောင်းထားသောကားများကို ခွင့်ပြုမည်မဟုတ်ဘဲ မီးလုံး/မီးခွက်၊ ရှဲလ်ပြောင်းလဲထားသော ကားများကိုသာခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

"တန်ဖိုးအရမ်းမြင့်တဲ့အပြင် မိုဒယ်ကို ၂၀၀၈ ကနေ ၂၀၁၆ အထိလောက်ခုန်ပြီး ရုပ်ပြောင်းထားတဲ့ကားတွေကိုတော့ ခွင့်ပြုပေးမှာမဟုတ်ပါဘူး။ မိုဒယ်အနည်းငယ်လွဲပြီး ရှဲလ်ပြောင်းထားတဲ့ ကားတွေကို ခွင့်ပြုပေးမှာပါ။ မိုဒယ် အရမ်းခုန်ထားတဲ့ ကားတွေကို ဘယ်လိုလုပ်မလဲဆိုတာ သက်ဆိုင်ရာဝန်ကြီးဌာနကိုမေးမြန်းထားပါတယ်" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ကနဦးမှတ်ပုံတင်ပြုလုပ်ထားပြီးသော ရုပ်ပြောင်းကားများကို ယခင်မှတ်ပုံတင်ထားသည့်အတိုင်း တိုက်ဆိုင်စစ်ဆေး၍ ခွင့်ပြုပေးမည်ဖြစ်ရာ ၂၀၀၈ မိုဒယ်မှ ၂၀၁၆ အထိ မိုဒယ်လွဲ ရုပ်ပြောင်းကားများသည် သိသာထင်ရှားလှသော ရုပ်ပြောင်းကားများဖြစ်နေသည့်အတွက် ကားအရောင်းအဝယ်ပြုလုပ်ရာတွင် အခက်အခဲများဖြစ်ပေါ်နေလျက်ရှိသောကြောင့် ကားတင်သွင်းထားသည့်မူလတင်သွင်းစက်ရုံထုတ် ဟုတ်/မဟုတ်အား တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ မိုဒယ်ခုန်၍ modify ပြန်လည်လုပ်ဆောင်ထားသော ရုပ်ပြောင်းကားများကို ခွင့်မပြုထားကြောင်း သိရပါတယ်။

Read 484 times