ယာဉ်မောင်းလိုင်စင်အ‌ပျောက်လျှောက်တဲ့အခါ လိုင်စင်နံပါတ် မမှတ်မိ‌တော့ရင် ဘယ်လိုလုပ်မလဲ


ကျွန်တော်တို့ယာဉ်မောင်းလိုင်စင်တွေ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် အသစ်ပြန်လျှောက်ရပါတော့မယ်


အဲ့ဒီလိုအသစ်ပြန်လျှောက်တဲ့အခါ မှတ်ပုံတင်မူရင်း၊မိတ္ထူ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထောက်ခံစာ ပက်စ်ပို့ပုံ(၃)ပုံလို့လိုအပ်ပါတယ်။

 

မှတ်ပုံတင်တို့ ပတ်စ်ပို့ပုံတို့က မိမိမှာရှိပြီးသားမို့အခက်အခဲမရှိပါဘူး။ ဒါပေမယ့် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထောက်ခံစာယူမယ် ဆိုရင်တော့ အနည်းဆုံး ယာဉ်ထိန်းရုံးကိုတော့သွားရပါတော့မယ်။


ဒီအခါမှာ မိဘပြည်သူများကို နားလည်ထားစေချင်တာက ယာဉ်ထိန်းရဲထောက်ခံစားဟာ ပျောက်ဆုံးသွားတဲ့မိမိလိုင်စင်နံပါတ်ကို အမှုကင်းရှင်းကြောင်း စီစစ်ထောက်ခံပေးတာဖြစ်တာမို့ မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်လေး သိထားဖို့လိုပါတယ်။ နံပါတ်ကလည်းမမှတ်မိဘူး ယာဉ်မောင်းလိုင်စင်ကိုမိတ္ထူကူးထားတာလည်းမရှိ ဓာတ်ပုံရိုက်ထားတာလည်းမရှိဘူးဆိုရင် ထောက်ခံပေးရမည့် ယာဉ်မောင်းလိုင်စင်နံပါတ် မရှိတဲ့အတွက် ထောက်ခံစာရေးရာမှာ အဆင်မပြေပါဘူး။

 

ယာဉ်မောင်းလိုင်စင်နံပါတ်ရရှိမှသာ အဆင်ပြေမှာဆိုတော့ နံပါတ်ကလည်းမမှတ်မိတာမို့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူးဖြစ်ကြရတယ်။ ဒီတော့ မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်ကို မှတ်ထားပါ မိတ္တူကူးထားပါ ဓါတ်ပုံရိုက်ထားပါ ဘာမှမှတ်ထားတာမရှိလို့ အခုလို ထောက်ခံစာယူတဲ့အခါမျိုးမှာဆိုရင်တော့ နောက်ဆုံး ဒီလိုလေးလုပ်လို့ရပါတယ်။

 

မိမိရဲ့မှတ်ပုံတင်နံပါတ်နဲ့ မိမိယာဉ်မောင်းလိုင်စင်လုပ်ခဲ့တဲ့ရုံးမှာ လိုင်စင်နံပါတ် ရှာပေးဖို့ အကူညီတောင်းလို့ရပါတယ်။ သက်ဆိုင်ရာရုံးက အကူအညီလည်းပေးပါတယ်။ ယာဉ်မောင်းလိုင်စင်နံပါတ်သာ မှတ်မိထားရင်တော့ အချိန်ကုန်သက်သာသွားတာပေါ့။ 

 

ဒါကြောင့် မိမိရဲ့ယာဥ်မောင်းလိုင်စင်နံပါတ်လေးတော့ တစ်နည်းနည်းနဲ့မှတ်ထားဖို့ သတိပေးပါရ‌စေဗျာ။

 

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 2139 times