အနာဂတ်မျိုးဆက်ကားကို ပုံဖော်ပြသလိုက်သော Mercedes


Mercedes မှ နာမည်ကျော် Maybach အဆင့်မြင့်ဇိမ်ခံစီးရီး၏ အနာဂတ်မျိုးဆက်ဟုဆိုနိုင်သော Concept ဒီဇိုင်းသစ်တစ်မျိုးကို ကယ်လီဖိုးနီးယားတွင် စတင်ပွဲထုတ်ပြသလိုက်ကြောင်း သိရပါသည်။

Mercedes ၏ Brand ခွဲ Maybach မှာ ဇိမ်ခံကားများ၏ ဘုရင်ဟု ဆိုနိုင်လောက်အောင် အဆင့်မြင့်ခမ်းနားလွန်း သလို တူမတူသော ဇိမ်ခံနိုင်မှုကို ပေးစွမ်းသည့်အတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် ကမ္ဘာအနှံ့က ချမ်းသာကြွယ်ဝသူများ အကြိုက်တွေ့စီးနင်းနေသော တန်ဖိုးကြီးဇိမ်ခံကား Brand ဖြစ်ပါသည်။

ယခုတွင် Brand ၏ ပထမဆုံးသော တံခါးနှစ်ပေါက် အမိုးပွင့် ရှေ့ပြေးဒီဇိုင်း Maybach 6 Cabri Concept ကို အခမ်းနားဆုံး စတင်မိတ်ဆက်လိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။

 blue metallic အရောင်၊ ကြီးမားသောရှဲ၊ ကျယ်ပြန့််ရှည်လျားသော ခေါင်ဖုံး၊ မြန်နှုန်းပိုထိရောက်စေသော တိုးတောင်းသော ရှေ့လေကာမှန်၊ 24လက်မ ကြီးမားသောဘီး၊ စသည်ဖြင့် ဆွဲဆောင်နိုင်မှု အကောင်းဆုံးဒီဇိုင်း မြင်တွေ့ရမည်ဖြစ်ကြောင်း သိရပါသည်။

ဇိမ်ခံရွက်လှေကို မှီငြမ်းဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်ပြီး ပေါ့ပါးသောအလူမီနီယမ်ဖရိန်၊ ထိခိုက်မှုဒဏ် အမြင့်ဆုံးကာကွယ်နိုင်မည့် သေးသွယ်သည့် ရှေ့နောက်မီးခွက်၊ အထူးထုတ်ထားသော (custom- made) fabric အမိုးစနစ်များဆင်ယင်ပြီး အတွင်းခန်းတွင် သလင်းကျောက်ဖြူရောင် Leather ထိုင်ခုံ၊ hand-up display၊ အလူမီနီယမ် ကျွန်းကွက် ကြမ်းပြင် စသည်ဖြင့် မျက်မှောက်ခေတ်ကားများနှင့် များစွာကွဲပြားကြောင်းတွေ့ရပါသည်။

အန္တရာယ်ကင်းစေရန် ဆင်ဆာများနှင့် အဆင့်မြင့်နည်းပညာ အမြောက်အများ ပေါင်းစပ်ပါဝင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

စွမ်းအားစနစ်သည် ဆီမလိုသောလျှပ်စစ်စနစ်ဖြင့် စွမ်းအားပေးသွားမည်ဖြစ်ပြီး မော်တာ 4လုံးမှ အမြင့်ဆုံးစွမ်းအား 750PS (550 kW) ထိ ထုတ်လုပ်ပေးနိုင်စွမ်းရှိမည်ဖြစ်ကြောင်းလည်း သိရပါသည်။

တစ်နာရီကီလိုမီတာ 100နှုန်းကို 4စက္ကန့်တည်းဖြင့် တင်နိုင်စွမ်းရှိပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီကို ကီလိုမီတာ 250ထိ တင်မောင်းနိုင်စွမ်းရှိမည့် မြန်နှုန်းမြင့် လျှပ်စစ်ကားဖြစ်ကြောင်းသိရပါသည်။

စွမ်းအားသိုလှောင်နိုင်စွမ်းမြင့်မားသော floor- mounted battery တွဲဖက်ပြီး အားအပြည့်ဆိုပါက ကီလိုမီတာ 500 (310မိုင်) သွားနိုင်စွမ်းရှိကြောင်းသိရပါသည်။

အမြန်အားသွင်းစနစ်ဖြင့် ပြန်လည်အားဖြည့်သွားမည်ဖြစ်ပြီး ကီလိုမီတာ 100(62မိုင်) ခရီးအတွက် ငါးမိနစ်တည်းဖြင့် အားသွင်းနိုင်မည်ဖြစ်ကြောင်းသိရပါသည်။

ဒီဇိုင်းလှပလွန်းသလို အဆင့်မြင့်လျှပ်စစ်ကားဖြစ်သောကြောင့် ထုတ်လုပ်မှုမော်ဒယ်အဖြစ် လာမည့်နှစ်အနည်းငယ်အတွင်း မြင်တွေ့လာနိုင်ဖွယ်ရှိကြောင်းသိရပါသည်။

 

Read 973 times