Mercedes-Benz နှင့် Rivian ကုန်ကျစရိတ် သက်သာစေဖို့ ပူးပေါင်း
Mercedes-Benz နှင့် Rivian တို့သည် ဥရောပတွင် လျှပ်စစ်ဗင်ကားများ ပူးတွဲထုတ်လုပ်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ Mercedes-Benz နှင့် Rivian တို့သည် ၎င်းတို့၏ brand အသီးသီးအတွက် အရွယ်အစား ကြီးမားသည့် လျှပ်စစ်သုံး ဗင်ကားများ ထုတ်လုပ်ဖို့အတွက် ဖက်စပ်လုပ်ကိုင်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ Mercedes-Benz အတွက် အီးဗီဗင်မော်ဒယ်တစ်မျိုးနှင့် Rivian အတွက် အီးဗီဗင်မော်ဒယ်တစ်မျိုး စုစုပေါင်း အီးဗီဗင် နှစ်မျိုး ထုတ်လုပ်မည်။
တပ်ဆင်ထုတ်လုပ်ရေး လိုင်း တစ်ခုတည်းကိုသာ အသုံးပြုပြီး ၎င်းမော်ဒယ် ၂ မျိုးကို ထုတ်လုပ်မည်။ ထိုသို့ ဆင်ထုတ်လုပ်ရေး လိုင်း တစ်ခုတည်းကို ကုမ္ပဏီ ၂ ခု မျှဝေသုံးစွဲခြင်းဖြင့် ကုမ်ကျစရိတ် သိသိသာသာ သက်သာမည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာများနှင့် ပစ္စည်းပေးသွင်းသူများကို အတူတကွ မျှဝေသုံးစွဲကြမည် ဖြစ်သည်။ ၎င်းတို့သည် ဥရောပအလယ်ပိုင်း သို့မဟုတ် အရှေ့ဥရောပရှိ လက်ရှိ Mercedes-Benz စက်ရုံတွင် အီးဗီ သီးသန့်ထုတ်လုပ်သည့် တပ်ဆင်ထုတ်လုပ်ရေးလိုင်းအသစ်ကို တည်ဆောက်ရန် စီစဉ်နေသည်။
နှစ်အနည်းငယ်အတွင်း ထုတ်လုပ်မှု စတင်မည်ဟု ကုမ္ပဏီနှစ်ခုက ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တပ်ဆင်ထုတ်လုပ်သည့်လိုင်း တစ်ခုတည်း သုဲးစွဲထားသော်လည်း ပလက်ဖောင်း ကွဲပြားပါသည်။ Mercedes-Benz က Mercedes Van.EA ပလက်ဖောင်းကို အသုံးပြုမည်။ Rivian က ဒုတိယမျိုးဆက် Rivian Light Van (RLV) ပလက်ဖောင်းကို အသုံးပြုမည်။ ဖက်စပ်လုပ်ငန်းသည် Rivian ကို ဥရောပတွင် တပ်ဆင်ထုတ်လုပ်ရေးလိုင်းတစ်ခု ရရှိသွားစေမည်ဖြစ်သည်။
လက်ရှိတွင် Mercedes သည် eSprinter၊ eVito Panel Van ကုန်တင်ဗင်၊ eVito Touring နှင့် EQV ခရီးသည်တင်ဗင်များအပါအဝင် ဥရောပရှိ ၎င်း၏လက်ရှိဗင်ကားများ၏ လျှပ်စစ်ဗားရှင်းများကို ရောင်းချလျက်ရှိသည်။ နောက်ထပ် EQT နှင့် eCitan မော်ဒယ်များ ထုတ်လုပ်ရန် အစီအစဉ် ရှိသည်။ Rivian သည် Amazon အတွက် လျှပ်စစ်ဗင်များ ထုတ်လုပ်လျက် ရှိသည်။ Rivian တွင် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသော အွန်လိုင်း လက်လီအရောင်း လုပ်ငန်းကြီး Amazon က ၂၀၃၀ မတိုင်ခင် အိမ်တိုင်ရာရောက် ပစ္စည်းများ လိုက်လံပို့ဆောင်ရန်အတွက် လျှပ်စစ်ဗင်ကား စီးရေ တစ်သိန်း ထားရှိရန် ရည်မှန်းချက် ချမှတ်ထားသည်။
Source: Motor authority
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U