McLaren ရဲ့ 600 LT


ဗြိတိန်အခြေစိုက် McLaren အမှတ်တံဆိပ်ဖြစ်တဲ့ Sport ကားကုမ္ပဏီဟာ မကြာခင်မှာကျင်းပတော့မယ့် Bangkok International Motor Show မှာပထမဦးဆုံးဝင်ရောက်ပြသမှာဖြစ်ပါတယ်။ ဒါကြောင့် McLaren ရဲ့ 600 LT မိုဒယ်ကို မြည်းစမ်းနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

LT ဆိုတာ Longtail ရဲ့အတိုကောက်ဖြစ်ပြီး ပုံမှန်မိုဒယ်တွေထွက်စာရင် နောက်ပိုင်းကပိုရှည်နေတာကို ရည်ညွှန်း ထားတာပါ။ အခုဖော်ပြပေးမယ့် 600LT ဟာဆိုရင်လည်း McLaren ရဲ့ နောက်ဆုံးထုတ် LT မိုဒယ်တစ်ခုဖြစ်ပြီး McLaren ရဲ့ စွမ်းအားမြင့် အမြန်နှုန်းနဲ့ ပုံမှန်လမ်းတွေပေါ်မှာမောင်းနှင်နိုင်အောင် အာရုံစိုက်ဖန်တီထားတဲ့ Street Legal (ပုံမှန်လမ်းတွေမှာ တရားဝင်မောင်းနှင်ခွင့်ရှိတဲ့) ကားတစ်စီးပဲ ဖြစ်ပါတယ်။

600 LT ဆိုတာ McLaren ရဲ့ sport ကားခေါင်းစဉ်အောက်က မိုဒယ်တစ်ခုဖြစ်ပြီး ၂၀၁၈ ဇွန်လက စပြီး မိတ်ဆက်ပေးခဲ့တာပါ။ အရင် 570S မိုဒယ်ကို အခြေတည်ပြီး အသစ်တည်ဆောက်ထားတာပါ။ (McLaren P1 မိုဒယ်တို့၊ Seanna တို့ကိုတော့ စူပါကား ခေါင်းစဉ်နဲ့ ထုတ်တာပါ။)

ဒီဇိုင်းဝိသေသများ

600LT မှာ ပထမဦးဆုံး သတိထားမိမှာကတော့ အိတ်ဇောပေါက် တွေပါပဲ။ အရင် အိတ်ဇောပေါက်တွေလို ကားရဲ့ အောက်ခြေမှာ မဟုတ်တော့ပဲ ကားရဲ့ အင်ဂျင်ကာဗားပေါ် (စပွိုင်လာ ရဲ့ ရှေ့) မှာ မြင်နေရတော့မှာပါ။ စူပါကား Series ထဲက နောက်ဆုံးထွက်ထားတဲ့ McLaren Senna ရဲ့ အိတ်ဇောထက်တောင် ပိုပြီးကြည့်လို့ ကောင်းပါတယ်။

စတိန်းလက်စတီးနဲ့ ပြုလုပ်ထားတဲ့ အိတ်ဇောပေါက် ၂ ပေါက်ရဲ့ ပုံပန်းသဏ္ဍန်တွေကလည်း အင်ဂျင်ရဲ့အနေအထားနဲ့ ချိန်ကိုက်ထားပြီး နောက်မှာတပ်ဆင်ထားတဲ့ စပွိုင်လာနဲ့လိုက်ရောညီထွေဖြစ်အောင်လည်း ဒီဇိုင်းဆင် ပေးထားပါတယ်။

ဒုတိယ အနေနဲ့ တွေ့ရမှာက ပိုမိုကြီးမာလာတဲ့ ကာဗွန်ဖိုက်ဘာ လေဝင်ပေါက်တွေပဲ ဖြစ်ပါတယ်။ နောက်အင်ဂျင် ကားဖြစ်တဲ့အလျောက် ကားရဲ့ လေဝင်ပေါက်တွေက ဘော်ဒီရဲ့ ဘေး ၂ ဖက် ၂ ချက်စီမှာ တွေ့ရမှာပါ။ အရင်မိုဒယ် တွေထက် ထူးခြားသွားတာကတော့ လေဝင်ပေါက် လေစီးကြောင်းတွေကို ပိုမိုချဲ့ကားထားပေးထားပါတယ်။

မြင်းကောင်ရေ ၆၀၀ (600 PS) အင်ဂျင်ကို အအေးခံနိုင်ဖို့ရည်ရွယ်ပြီး ဘေးဘက်က လေဝင်ပေါက်တွေကို အရင်မိုဒယ်တွေထက် ၁၅ မီလီမီတာဆီ ချဲ့ကားပေးထားတာပါ။ McLaren ရဲ့ သင်္ကေတ တစ်ခုဖြစ်တဲ့ လှန်ပြီးဖွင့်ရတဲ့ ဒိုင်ဟီဒရယ် တံခါးပေါက် (Dihedral Door) ၂ ပေါက်မှာလည်း အဆိုပါလေဝင်ပေါက်ကို ပိုမိုအား ကောင်စေမယ့် လေစီးကြောင်းလိုင်းတွေကိုပါ တစ်ပါတည်း ထည့်ထားပေးပါတယ်။ လေဝင်ပေါက်၊ လေစီးကြောင်းလိုင်း နဲ့ တခြားသော လေခွင်အားဆိုင်ရာ အစိတ်အပိုင်းတွေအားလုံးကို ကာဗွန်ဖိုက်ဘာတွေနဲ့ပဲ ပြုလုပ်ထားတာဖြစ်ပြီး အခြေခံဗားရှင်းတွေအတွက်တော့ Dark Palladium လို့ခေါ်တဲ့ အနက်ရောင်ပြင် ပုံစံနဲ့ပဲ တွေ့ရမှာဖြစ်ပြီး အပိုဆောင်းရွေးချယ်မှုတွေအတွက်တော့ ကာဗွန်ဖိုက်တာရွှန်ရွှန်းစိုနေတဲ့ အကွက်တွေနဲ့ပါ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဘော်ဒီ ဒီဇိုင်း

ကားရဲ့ အရှေ့ပိုင်းက ကြည့်မယ်ဆိုရင် အားမာန်အပြည်နဲ့ လေခွဲကြောင်း (Splitter) တွေကိုတွေ့ရမှာဖြစ်ပြီး ဒီ Splitter တွေကို ကာဗွန်ဖိုက်ဘာနဲ့ပဲ ပြုလုပ်ထားတဲ့အတွက် မာကြောရုံသာမက ပေါ့ပါးမှုကိုလည်း ရရှိသွား စေပါတယ်။ ကားရဲ့ အောက်သက်အား (Down Force) ကို ရရှိလာစေဖို့ နဲ့ ရှေ့ဘရိတ်တွေကို အအေးခံနိုင်ဖို့ အဆိုပါ Splitter တွေက ကူညီပေးသွားမှာပါ။ကားရဲ့ ဘေးကြည့်မှန်တွေကိုလည်း အရှိန်မြန်မြန်တဲ့ သွားတဲ့အခါ လေကိုခွင်နိုင်ဖို့ အလိုက်သင့်ဒီဇိုင်းလေးနဲ့ ထည့်သွင်းပေးထားတာကို တွေ့ရမှာပါ။ကားရဲ့ အနောက်ဘက်မှာဆိုရင်လည်း ကြီးမားပြီးထင်ရှားတဲ့ လေထုတ်မြောင်း (Diffuser) တွေကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

Long Tail ရဲ့ အမည်နာမအောက်မှာ ကားရဲ့ နောက်မြှီးပိုင်းကို အောက်သက်အား (Down Force) ကို ပိုကောင်းလာစေဖို့ ၄၇ မီလီမီတာ ရှည်ပေးထားကို တွေ့ရမှာပါ။ ဒီလိုအမြှီးရှည်လိုက်ခြင်းက ကားရဲ့ လေတောင်ပံ စပွိုင်လာကို အနောက်ဘက်ပိုကျကျမှာ တပ်ဆင်ပေးနိုင်ဖို့ နေရာတစ်ခုလည်း ရသွားစေပါတယ်။ ဒီလိုအနောက်ဆုတ်ပြီး တောင်ပံကိုတပ်လိုက်တဲ့အတွက် ကားရဲ့ လေခွင်အားစွမ်းဆောင်ရည်ကို ပိုပြီး သိသာစွာမြင့်တက်လာစေပါတယ်။ စပွိုင်လာရဲ့ အနေအထားကိုလည်း အဆိုပါ Downforce ကောင်မွန်စေနိုင်မယ့် အနေအထားကို တွက်ဆပြီး အသေတပ်ဆင်ပေးထားတာပါ။

၁၉၈၁ ကတည်းက ထုတ်လုပ်လာခဲ့တဲ့ McLaren ကားတွေရဲ့ အဓိက တည်ဆောက်ပုံတစ်ခုကတော့ ကာဘွန်ဖိုက်ဘာတွေ ကိုယ်ထည်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် 600LT မှာလည်း ကာဗွန်ဖိုက်ဘာ ကိုယ်ထည်နဲ့ အစိတ်အပိုင်းတော်တော်များများကို ကာဗွန်ဖိုက်ဘာနဲ့ ပြုလုပ်ထားမယ်ဆိုတာကို ယုံမှားဖြစ်စရာမရှိပါဘူး။

ကား ဘီးတွေအနေနဲ့ သိသိသာသာပေါ့ပါးတဲ့ အလျူမီနီယမ်အလွိုင်း ဂွေတွေကို သေချာတပ်ဆင် ပေးထား ပါတယ်။ အလွိုင်းဂွေ တွေလည်း Spoke ၁၀ ချောင်းနဲ့ တွေ့ရမှာဖြစ်ပါတယ်။ တာယာတွေကတော့ Pirelli အမှတ်တံဆိပ်တွေနဲ့ပါ။ ဘရိတ်တွေကို McLaren ရဲ့ 720S က ဘရိတ်တွေကိုပဲ အလေးချိန် ထပ်မံ လျော့ချ ပြုပြင်ပြီး တပ်ဆင်ပေးထားပါတယ်။

 

အတွင်းပိုင်း ဒီဇိုင်း

McLaren 600LT တစ်ခုလုံးမှာ တော်တော်ကြီး အလေးချိန်ကိုလျော့ချထားတာကို တွေ့ရမှာဖြစ်ပြီး အတွင်းပိုင်းမှာဆိုရင်လည်း ကာဗွန်ဖိုက်ဘာ ပြိုင်ကားထိုင်ခုံ၊ အဲ့ကွန်း၊ အသံပိုင်းမီဒီယာစနစ်နဲ့၊ တည်နေရာအချက်ပြ စနစ်တွေကိုလည်း မထည့်သွင်းပေးထားပါဘူး။ ဝယ်သူက ရွေးချယ်ပြီး ထည့်စေချင်ရင်တော့ ရနိုင်မှာပါ။ ထိုင်ခုံအောက်နဲ့ ခြေနင်းပြားတို့မှာလည်း ကော်ဇော်ခင်းကျင်းထားပေးမှု မရှိပါဘူး။ ပိုမိုပါးလွာထားတဲ့ ရှေ့ လေကာမှန်၊ နောက်ပိတ်မှန်တို့ ကိုလည်း အရောင်တင်လွှာတောင် မထည့်သွင်းပေးထားပါဘူး။ အလေးချိန်ပေါ့ပါးစေဖို့ ဦးတည်နေတဲ့ အင်ဂျင်နီယာအဖွဲ့ အနေနဲ့ တက်နိုင်သမျှ ဘယ်အရာကိုမှ အလွတ်မပေးခဲ့ပါဘူး။

ပါဝါ ထရန်စမစ်ရှင်း

McLaren 600LT ဟာ စပေါ့ကားခေါင်းစဉ်အောက်က ထုတ်ခဲ့သမျှ McLaren ကားတွေထဲမှာ ပါဝါထုတ်လွတ်နိုင်မှု အကောင်းဆုံးကားတစ်စီးပဲ ဖြစ်ပါတယ်။ 3.8 Litre V8 အင်ဂျင်ကို တပ်ဆင်ထားပေးပြီး မြင်ကောင်ရေအနေနဲ့ ၆၀၀ ကောင် (600 PS) ပါဝင်တာကို တွေ့ရပါတယ်။ (PS ဆိုတာ ဂျာမန်မြင်းကောင်ရေပါ။)

အနောက် အလယ် မှာ ထပ်ဆင်ထားတဲ့ အင်ဂျင်ကို Dual-Clutch ထရန်စမစ်ရှင်းနဲ့ ပေါင်းစပ်ပေးထားပြီး ဂီယာ ၇ချက်နဲ့ ထိန်းချုပ်မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။ အရှိန်မြင့်တင်မှုအနေနဲ့ ၂.၉ စက္ကန့်အတွင်းမှာ တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းအထိကို မြင့်တင်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အမြန်ဆုံး သွားလာနိုင်မှုကတော့ တစ်နာရီ ၂၀၄ မိုင် ဖြစ်ပါတယ်။ ရုန်းအား Torque အနေနဲ့ကတော့ 620 Nm ပဲဖြစ်ပါတယ်။

အလေးချိန်

အလေးချိန်ကို အာရုံစိုက်လျော့ချမှုတွေကြောင့် McLaren 600LT ရဲ့ အလေးချိန် (Dry-Weight - ဆီတွေမထည့် ရသေးခင်) မှာ ၂၇၅၀ ပေါင်ပဲ ရှိပါတော့တယ်။ Lamborghini Avantador ရဲ့အလေးချိန်ဆိုရင် ၃၄၇၂ ပေါင်ရှိပြီး 600LT ရဲ့ အရင် မိုဒယ်ဖြစ်တဲ့ 570 S မှာဆိုရင် ပေါင် ၂၈၀၀ အထက်မှာ ရှိတာကိုတွေ့ရပါတယ်။

ပြည့်စုံဟိန်း (FWC)

Read 435 times