ကျပ်သိန်း ၃၀၀ နှင့် ၄၀၀ ကြားရွေးချယ်သင့်သည့် Mazda 2


Mazda 2 ဟာ Mazda Demio ရဲ့ မျိုးဆက်ဖြစ်ပြီး ၁၉၉၆ ခုနှစ်တည်းက ထုတ်လုပ်ခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင် မျိုးဆက်လေးခုအထိ ရှိပြီဖြစ်ပါတယ်။ နောက်ပိုင်းမျိုးဆက်တွေမှာ Skyactiv နည်းပညာပါဝင်လာပြီး KODO ဒီဇိုင်းကို အသုံးပြုထားပါတယ်။

အပြင်ပိုင်းနှင့် အတွင်းပိုင်းအပြင်အဆင်

Mazda 2 မှာ Body Style ကို Hatchback နဲ့ Sedan ပုံစံနှစ်မျိုး ထုတ်လုပ်ထားပါတယ်။ Mazda 2 မျိုးဆက်ထဲမှာဆိုရင် ၂၀၁၅ မိုဒယ်နဲ့နောက်ပိုင်းက စတုတ္ထမြောက်မျိုးဆက်ဖြစ်ပြီး Mazda ရဲ့ KODO ဒီဇိုင်းအယူအဆကို အသုံးပြုဖန်တီးထားပါတယ်။ စတုတ္ထမြောက်မျိုးဆက်ကားတွေမှာ ဖရိမ်နဲ့ ဘော်ဒီပိုင်းကို ပြန်လည်အဆင့်မြှင့်တင်ထားလို့ မောင်းနှင်တဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ခံစားမှုကို ရရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး Mazda ရဲ့ မူပိုင်းနည်းပညာဖြစ်တဲ့ Skyactiv ကိုယ်ထည်ဟာ ခိုင်ခံ့ပြီးလေခွင်းအားကောင်းမွန်အောင် ပြုလုပ်ထားတဲ့အတွက် ထူးခြားတဲ့ မောင်းနှင်မှုအရသာကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ အတွင်းခန်း အပြင်အဆင်က သက်သောင့်သက်သာရှိပြီး အသုံးပြုရ လွယ်ကူအောင် ဖန်တီးပေးထားပါတယ်။ ရှေ့ထိုင်ခုံတွေက လျှပ်စစ်နဲ့ ချန်ညှိနိုင်ပြီး နောက်ခန်းထိုင်ခုံတန်းကတော့ အနည်းငယ်ကျဉ်းသယောင်ရှိပါတယ်။ အတွင်းခန်းမှာထည့်သွင်းပေးထားတဲ့ Function တွေကတော့ Electronic Assist Power Steering ၊ Rotary Commander Control စနစ်ပါ ခုနစ်လက်မအရွယ် Touch Screen Display ၊ Push-Start Button ၊ Full-auto Climatr-control အဲကွန်းစနစ်၊ နောက်ကြည့်ကင်မရာနဲ့ စပီကာခြောက်လုံးတပ်ဆင်ပေးထားပါတယ်။

အင်ဂျင်အမျိုးအစား

Mazda 2 Sedan Sport မှာ ဆလင်ဒါလေးလုံတပ် Skyactiv-G 1.5L ဓာတ်ဆီအင်ဂျင် အသုံးပြုထားပြီး မြင်းကောင်ရေ ၁၁၄ ကောင်အားကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဂီယာမှာတော့ Sport Mode ပါဝင်တဲ့ 6 Speed Automatic ကို အသုံးပြုထားပါတယ်။

ဈေးနှုန်း

Mazda 2 မှာ နယ်လိုင်စင်ကားတွေ ပိုများပြီး ၂၀၁၅ ၊ ၂၀၁၆ မိုဒယ်ရဲ့ဈေးက ကျပ်သိန်း သုံးရာ ကနေ ၃၅၀ ကြား ရှိပါတယ်။

 

Read 1659 times