မာရူတီ စူဇူကီး တနှစ် အစီးရေ ၁ သန်း ထုတ်လုပ်သည့် ကားစက်ရုံအသစ် နှစ်ရုံ ရင်းနှီးမြှုပ်နှံ


မာရူတီ စူဇူကီး တနှစ် အစီးရေ ၁ သန်း ထုတ်လုပ်သည့် ကားစက်ရုံအသစ် နှစ်ရုံ ရင်းနှီးမြှုပ်နှံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကမ္ဘာ့ တတိယအကြီးမားဆုံး ကားဈေးကွက် တည်ရှိရာ အိန္ဒိယနိုင်ငံတွင် ပြည်တွင်းပြည်ပ ကားလုပ်ငန်းများသည် လုပ်ငန်းများကို အကြီးအကျယ် တိုးချဲ့နေကြသည်။


အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ကားထုတ်လုပ်သူ Maruti Suzuki သည် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် စက်ရုံသစ် တည်ဆောက်ရန်အတွက် ရူပီး ၃၅၀ ဘီလီယံ (ကန်ဒေါ်လာ ၄.၂ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
မာရူတီ စူဇူကီးသည် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ရှိ စက်ရုံသစ်ကို ၂၀၂၉ ခုနှစ် မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာနှစ်တွင် စတင်လည်ပတ်ရန် ရည်မှန်းထားသည်။
စက်ရုံသစ်သည် တနှစ်လျှင် အစီးရေ ၁ သန်း ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း Suzuki Motor ဥက္ကဌ Toshihiro Suzuki က ပြောကြားသည်။

မာရူတီ စူဇူကီးသည် ဂူဂျာရတ်ရှိ ၎င်း၏လက်ရှိစက်ရုံတွင် လျှပ်စစ်ကားများအတွက် ထုတ်လုပ်မှုလိုင်းအသစ်တစ်ခု ထပ်တိုးရန် နောက်ထပ် ရူပီး ၃၂ ဘီလီယံကိုလည်း သုံးစွဲမည်ဖြစ်သည်။ ၂၀၂၇ ဘဏ္ဍနှစ်တွင် ထုတ်လုပ်မှု စတင်မည် ဖြစ်ပြီး ၎င်းစက်ရုံသည် ထုတ်လုပ်မှုစီးရေ ၃၃% တိုးမည်ဖြစ်ပြီး တနှစ်လျှင် အစီးရေ ၁ သန်း ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ဂူဂျာရပ်ပြည်နယ်သည် လက်ရှိဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ ဇာတိ ပြည်နယ် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ စီးဝင်နေသည်။


မာရူတီ စူဇူကီးသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဟာယနပြည်နယ်တွင် စက်ရုံအသစ် တရုံကိုလည်း တည်ဆောက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်မည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် တနှစ်လျှင် အစီးရေ ၁ သန်း ထုတ်လုပ်နိုင်မည် ဖြစ်သည်။
 
မာရူတီ စူဇူးကီးသည် ၂၀၃၁ ခုနှစ်တွင် တနှစ်လျှင် အစီးရေ ၄ သန်း ထုတ်လုပ်ရန် ရည်မှန်းချက် ချမှတ်ထားသည်ကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
လက်ရှိတွင် တနှစ်လျှင် အစီးရေ ၂ ဒသမ ၂၅ သန်းအထိ ထုတ်လုပ်နိုင်သည်။

 
မာရူတီ စူဇူးကီးသည် ဓာတ်ဆီသုံး ကားများနှင့် ဘက်ထရီသုံး လျှပ်စစ်ကားများအပြင် ဖိသိပ် သဘာဝဓာတ်ငွေ့ compressed natural gas CNG သုံး ကားများ၊ ဇီဝဓာတ်ငွေ့သုံး ကားများ၊ ဇီဝအီသနောသုံး ကားများ၊ ဟိုက်ဒရိုဂျင်သုံး ကားများကိုလည်း ထုတ်လုပ်မည် ဖြစ်သည်။

အိန္ဒိယတွင် နွားများ အပါအဝင် မွေးမြူရေးတိရစ္ဆာန်များရှိသဖြင့် ဇီဝဓာတ်ငွေ့သုံး ကားများ ထုတ်လုပ်မည် ဖြစ်သည်။ စစချင်းတွင် နွားချေးဖြင့် ဇီဝဓာတ်ငွေ့ ထုတ်လုပ်မည် ဖြစ်သည်။ ထို့အတွက် ဂူဂျာရပ်တွင် ဇီဝဓာတ်ငွေ့ ထုတ်လုပ်ရေး စက်ရုံ ၄ ရုံ ဆောက်လုပ်လျက် ရှိသည်။

 
၁၉၈၁ ခုနှစ်တွင် ပြည်သူပိုင် ကားစက်ရုံအဖြစ် စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် Suzuki Motor မှ လွှဲပြောင်းရယူခဲ့သည်။ Maruti Suzuki ဖက်စပ်လုပ်ငန်းသည် Maruti 800 နှင့် Zen ကဲ့သို့သော hatchback များဖြင့် အိန္ဒိယလူလတ်တန်းစားများကို ဖမ်းစားခဲ့သည်။
သင့်တင့်သော ဈေးနှုန်း၊ ခေတ်ဆန်သော ကားငယ် ဒီဇိုင်းသည် အိန္ဒိယမှ လုံးလုံးခုံးခုံး ကိုယ်ထည် အရွယ်အစားကြီးသည့် ကားမော်ဒယ်များ ဖြစ်သည့် Hindustan Motors မှ ထုတ်လုပ်သည့် Ambassador ၊ Walchand Group မှ ထုတ်လုပ်သည့် Premier Padmini တို့နှင့် ကွဲပြားခြားနားနေသည်။ 

ဈေးသက်သာသည့် hatchback ကားမော်ဒယ်များဖြင့် မာရူတီ စူဇူးကီးသည် ဈေးကွက်ဝေစု အများစုကို သိမ်းပိုက်ခဲ့သည်။ အိန္ဒိယတွင် အစီးရေ အများဆုံး ထုတ်လုပ်ရောင်းချသည့် အကြီးမားဆုံး ကားလုပ်ငန်း ဖြစ်လာပြီး ဈေးကွက်ကို ကြီးစိုးထားသည်။
လတ်တလော နှစ်များအတွင်း sports utility vehicle (SUV) မော်ဒယ်များ ရေပန်းစားလာပြီး ရောင်းအား မြင့်တက်လာသည်။ SUV မော်ဒယ် မထုတ်လုပ်သည့် မာရူတီ စူဇူးကီးသည် ဈေးကွက်ဝေစု ဆုံးရှုံးသည်။ 
ငွေကြေးတတ်နိုင်သည့် လူလတ်တန်းစား အထက်လွှာသည် အရွယ်အစား ပိုကြီးသော မော်ဒယ်များကို ဝယ်စီးကြသဖြင့် SUV များ ရောင်းပန်းလှသည်။ 

အိန္ဒိယ ကားဈေးကွက်တွင် ၂၀၂၂ ခုနှစ်တွင် SUV အစီးရေ ၁.၆ သန်း ရောင်းချခဲ့ပြီး hatchback အစီးရေ ၁.၃၂ သန်း ရောင်းချခဲ့သည်။
SUV သည် ဈေးကွက်ဝေစု ၄၂% ရရှိပြီး hatchback သည် ဈေးကွက်ဝေစု ၃၅% ရရှိသည်။

SUV မော်ဒယ် မထုတ်လုပ်သည့် မာရူတီ စူဇူးကီး၏ ဈေးကွက်ဝေစုသည် ၂၀၂၀ ပြည့်နှစ် အစောပိုင်း မတိုင်မီက အိန္ဒိယတွင် ကားအသစ် နှစ်စီး ရောင်းချလျှင် တစီးသည် မာရူတီ စူဇူးကီး၏ကား ဖြစ်သည်အထိ ဈေးကွက်ကို ကြီးစိုးထားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ၄၁.၄% သို့ ကျဆင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၄၀.၃% သို့ ထပ်မံကျဆင်းသည်။ 

မာရူတီ စူဇူးကီးသည် ဈေးကွက်အကြိုက်ကို တုံ့ပြန်သည့်အနေဖြင့် SUV မော်ဒယ်များ ဖြစ်သည့် Grand Vitara, Invicto, Jimny မော်ဒယ်များ ၂၀၂၃ ခုနှစ်တွင် ထုတ်လုပ်သည်။ 
ပြည်တွင်း ကားကုမ္ပဏီများ ဖြစ်သည့် Tata Motors နှင့်  Mahindra တို့၏ SUV မော်ဒယ်များကို လည်းကောင်း၊ ပြည်ပ ကားကုမ္ပဏီများ ဖြစ်သည့် Renault, Nissan, Honda, Hyundai, Kia တို့၏ SUV မော်ဒယ်များကို လည်းကောင်း မာရူတီ စူဇူကီး အကြိတ်အနယ် ယှဉ်ပြိုင်နေရသည်။ 

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 259 times