Maruti Suzuki က ကီလိုမီတာ ၅၅၀ ရသည့် လျှပ်စစ်ကားမော်ဒယ်အသစ် ပွဲထုတ်ပြသ


Maruti Suzuki က ကီလိုမီတာ ၅၅၀ ရသည့် လျှပ်စစ်ကားမော်ဒယ်အသစ် ပွဲထုတ်ပြသ


Maruti Suzuki ၏ အဦးဆုံး အီးဗီမော်ဒယ် ဖြစ်လာမည့် eVX မော်ဒယ်သည် ခရီးတာ ၅၅၀ ကီလိုမီတာအထိ သွားနိုင်သည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံတွင် ကားစီးရေ အများဆုံး ထုတ်လုပ်သည့် Maruti Suzuki က စိတ်ကူးပုံဖော်အဆင့် လျှပ်စစ်ကားမော်ဒယ်ကို ပွဲထုတ်ပြသခဲ့သည်။
လျှပ်စစ်ကားမော်ဒယ်များသာမက သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်သော မော်ဒယ်များ၊ အီသနော ရောထားသည့်လောင်စာဆီဖြင့် မောင်းနှင်နိုင်သည့် မော်ဒယ်များကိုလည်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Maruti Suzuki က ပြောကြားခဲ့သည်။
"အိန္ဒိယမှာ ကာဗွန် ထပ်တိုးမထွက်ရေးကို ရရှိဖို့အတွက် လျှပ်စစ်ကားတွေနဲ့ချည်းပဲ ဖြေရှင်းလို့ မရပါဘူး"Maruti Suzuki ၏ မိခင်ကုမ္ပဏီ Suzuki Motor ဥက္ကဋ္ဌ Toshihiro Suzuki က အိန္ဒိယနိုင်ငံ နယူးဒေလီ ဆင်ခြေဖုံးတွင် ကျင်းပသည့် ကားပြပွဲတွင် စာနယ်ဇင်းသမားများကို ပြောကြားသည်။



“ဒီနိုင်ငံက ဓာတ်အားထောက်ပံ့မှု အခြေအနေကိုကြည့်ရင် အိန္ဒိယက တခြားရွေးချယ်စရာတွေ လိုပါတယ်။ကျွန်တော်တို့ အိန္ဒိယမှာ  အီးဗီများပေါ်မှာသာ တည်မှီနေမှာ မဟုတ်ပါ။ ကာဘွန်ထပ်မထွက်ဘို့ တခြားနည်းလမ်းတွေ ရှိနေပါတယ်။ Suzuki Motor အနေဖြင့် အီးဗီဘက်ကို မယိမ်းယိုင်လိုပါဘူး" ဟု ၎င်းက  ပြောကြားသည်။ 

Maruti Suzuki သည် ၎င်း၏ eVX ဟု အမည်ပေးထားသော အီးဗီ SUV ကို ၂၀၂၅ ခုနှစ်တွင် ရောင်းချရန် မျှော်မှန်းထားသည်။
60 kWh ဘက်ထရီ သုံးထားပြီး ခရီးတာ ၅၅၀ ကီလိုမီတာအထိ သွားနိုင်မည့် မော်ဒယ်ဖြစ်သည်။

Maruti Suzuki သည် လျှပ်စစ်ကားများတွင် နောက်ကျနေသည်။ အိန္ဒိယကားဈေးကွက်ထဲမှ အီးဗီကဏ္ဍမှာ ပြည်တွင်းလုပ်ငန်း Tata Motors ၊ တောင်ကိုရီးယားမှ Hyundai ၊ တရုတ်မှ BYD တို့က အီးဗီများ ရောင်းချနေကြပြီ ဖြစ်သည်။

အိန္ဒိယကားဈေးကွက်သည် လျင်မြန်စွာ ကြီးထွားလာနေသည်။ ၂၀၂၂ တွင် ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့တတိယအကြီးဆုံး ကားဈေးကွက်အဖြစ်သို့ ပထမဆုံးအကြိမ် ရောက်ရှိသည်။


ကားငယ်များတည်ဆောက်ရန်အတွက် အီးဗီနည်းပညာကို အသုံးပြုခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီသည် မိတ်ဖက် Toyota Motor ထံမှ သင်ယူရန် စီစဉ်ထားကြောင်း  Toshihiro Suzuki မှ ပြောကြားခဲ့ပါသည်။
"ကားငယ်တွေမှာ အဲဒီ အီးဗီ နည်းပညာကို သုံးစွဲဖို့ ဆိုတာက Toyota နဲ့ လက်တွဲလုပ်ဆောင်ဖို့ လိုအပ်တဲ့အရာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
Maruti Suzuki သည် SUV မော်ဒယ်များဖြင့် ဈေးကွက်ဝေစု ပြန်ရဖို့ ကြိုးပမ်းမည် ဖြစ်သည်။ ကိုဗစ်မတိုင်ခင်က အန္ဒိယကားဈေးကွက်တွင် ကားအသစ် နှစ်စီးရောင်းလျှင် တစ်စီးသည် Maruti Suzuki ကား ဖြစ်သည်။ တစ်နည်းဆိုရသော် ဈေးကွက်ဝေစု ၅၀% ရရှိခဲ့သည်။ ယခုအခါ ဈေးကွက်ဝေစု ၄၁% သို့ ကျဆင်းနေသည်။
"စျေးကွက်ဝေစု ၅၀% ကို မထိန်းထားနိုင်ရသည့်အကြောင်းရင်းတစ်ခုမှာ SUV မော်ဒယ်များ ထုတ်လုပ်ရာတွင် နှောင့်နှေးခြင်းကြောင့် ဖြစ်ပါတယ်။ SUV အပိုင်းအကန့်မှာ ကျွန်တော်တို့ရဲ့ ဈေးကွက်ဝေစုက ၁၆% မှ ၁၈% အထိပဲ ရှိပါတော့တယ်။ တော်တော်လျော့သွားပါပြီ။ ဒီနေ့မှာ SUV တွေ စန်းထနေပါတယ်။ ဒါပေမဲ့ မနက်ဖြန် စန်းထမှာက ဘာလဲဆိုတာ စောင့်ကြည့်နေဖို့ လိုပါတယ်" ဟု ၎င်းက ပြောကြားသည်။

၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံတွင် ရောင်းချသည့် ကားစုစုပေါင်း၏ ၄၂% ခန့်သည် SUV များဖြစ်သည်။ ၂၀၁၉ တွင် ၂၆% သာ ရှိခဲ့သည်။ ၎င်းကာလတွင် hatchback ကားများသည် ၄၆% မှ ၃၅% သို့ ကျဆင်းသွားသည်။

 

မူလက နိုင်ငံပိုင်လုပ်ငန်းအဖြစ် ၁၉၈၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် Suzuki Motor က ဝယ်ယူခဲ့သည်။ Maruti Suzuki သည် Maruti 800 နှင့် Zen မော်ဒယ်များ အပါအဝင် လူလတ်တန်းစားကို ဦးတည်ချက်ထားသည့် hatchback ကားမော်ဒယ်များကို ထုတ်လုပ်ခဲ့သည်။ 
ဈေးသက်သာသည်။ အရွယ်ငယ်ပြီး ခေတ်ဆန်သည့် ဒီဇိုင်းဖြင့် ထုတ်လုပ်သည်။ Hindustan Motors မှ ကိုယ်ထည်ကြီးသည့် Ambassador မော်ဒယ်များ၊ Walchand Group မှ ထုတ်လုပ်သော Premier Padmini တို့နှင့် အမြင်မှာ ကွဲပြားဆန်းသစ်နေသည်။
Maruti Suzuki သည် hatchback အပိုင်းအကန့်တွင် ဈေးကွက်ဝေစု ခိုင်မာနေဆဲ ဖြစ်သည်။ ဈေးကွက်ဝေစု ၆၅% ရရှိထားသည်။ 
 
Maruti Suzuki ၏ ရောင်းအားသည် မိခင်ကုမ္ပဏီ Suzuki Motor စုစုပေါင်း ဝင်ငွေ၏ ၅၀% မှ ၆၀% အထိ ရှိသည်။

Source Asia Nikkei 
 

Read 347 times