ပါရမီထူးချွန်တဲ့ထီထွင်သူ အမေရိကန်နိုင်ငံသား James V.Martin ဟာ မော်တော်ကားနဲ့ လေယာဉ်ပျံဒီဇိုင်းတွေကို
နှစ်ပေါင်းများစွာအချိန်ယူပြီး ဖန်တီးပြခဲ့သလို သူ့လက်ရာတွေကို အမြောက်အမြားထုတ်လုပ်ရောင်းချဖို့လည်း ကြိုးစားခဲ့သူတစ်ဦးဖြစ်ပါတယ်။
James V.Martin ဖန်တီးခဲ့တဲ့ တီထွင်မှုတွေကတော့ Martin Scootmobile (1922) ၊ Martin Dart (1929) ၊ Martin Aerodynamic (1932) နှင့် Martin Martinette (1948) တို့ဖြစ်ပြီး သူ့ရဲ့နောက်ဆုံးလက်ရာကတော့ ၁၉၅၀ ပြည့်နှစ်မှာတီထွင်ခဲ့တဲ့ Martin Stationette ဖြစ်ပါတယ်
Station Wagon ကားစတိုင်လ်ရှိတဲ့ Martin Stationette ကို တစ်စီးလုံးနီးပါး Mapel ၊ Spruce နဲ့ တခြားသစ်သားတွေကိုအသုံးပြု၍ တည်ဆောက်ထားပြီး ကျန်စက်ပစ္စည်းအစိတ်အပိုင်းများကတော့ Harley-Davidson ၊ Studebaker နှင့် Chevrolet ယာဉ်အမျိုးမျိုးဆီက ယူသုံးထားပါတယ်။
အင်ဂျင်ကိုတော့ Water Cooled အအေးပေးစနစ်သုံးထားတဲ့ ဆလင်ဒါလေးလုံးထိုး Hercules ဖြစ်ပြီး ကားနောက်မှာ တပ်ဆင်ထားပါတယ်။
နောက်ဘီးယက်စနစ်ဖြင့် မောင်းနှင်ရတာဖြစ်ပြီး 3 Speed Manual ဂီယာနဲ့ တွဲသုံးရမှာဖြစ်ပါတယ်။
ကားအတွင်းမှာ စတီယာရင်လက်ကိုင်ကို ကိုယ်တွယ်ထိန်းသိမ်းရလွယ်တဲ့ အနေအထားမျိုး တပ်ဆင်ထားပြီး သစ်သားလက်ကိုင်ဒက်ရှ်ဘုတ်ပေါ်မှာ အချက်ပြဒိုင်ခွက်တွေ ပါဝင်ပါတယ်။
အမြင့်ဆုံးမောင်းနှင်နိုင်တဲ့နှုန်းကတော့ တစ်နာရီကို မိုင် ၆၀ နှုန်းရှိပါတယ်။
Martin Stationette မှာ လူသုံးယောက် လိုက်ပါစီးနင်းနိုင်သော ထိုင်ခုံများ တပ်ဆင်ထားပြီး ရှေ့မှာနှစ်ယောက်၊နောက်မှာတစ်ယောက် စီးလို့ရပါတယ်။
ရှေ့ထိုင်ခုံတွေကို အသုံးမပြုတော့တဲ့အချိန်မှာ အပေါ်ကိုလှန်တင်ထားနိုင်လို့ ဝင်ရထွက်ရသည်မှာ အဆင်ပြေလွယ်ကူစေပြီး ကားတံခါးကိုအရှေ့ဘက်မှာပဲ တပ်ဆင်ပေးထားပါတယ်။
သုံးဘီးကားအမျိုးအစားဖြစ်တဲ့ Martin Stationette ရဲ့ထူးခြားချက်ကတော့ ပုံမှန်ကားအစိတ်အပိုင်းတွေဖြစ်တဲ့ ရှေ့နဲ့နောက်ဘီးဝင်ရိုး၊ Shock Absorbers နှင့် အင်ဂျင်ကနေ ကားဘီးတွေဆီ စွမ်းအင်ပို့လွှတ်ပေးတဲ့ Propeller Shaft တို့မပါဝင်တာပဲ ဖြစ်ပါတယ်။
တီထွင်သူ James V.Martin က ကုန်ကျစရိတ်သက်သာအောင် Martin Stationette မှာ ဘီးဝင်ရိုး၊ Shock Absorbers နှင့် Propeller Shaft တို့မထည့်သွင်းဘဲ Single Chain Drive စနစ်ဖြင့်မောင်းနှင်ဖို့ ဖန်တီးတည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။
ယာဉ်ကြောကျပ်တဲ့မြို့ပြလမ်းတွေမှာ အကောင်းဆုံးသုံးစွဲနိုင်အောင် တီထွင်ခဲ့တဲ့ Martin Stationette ဟာ အမေရိကရဲ့ အနာဂတ် ကားအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ပိုက်ဆံစိုက်ထုတ်ပေးမဲ့သူတွေ့အောင်တော့ မရှာဖွေနိုင်ခဲ့ပါဘူး။
ထို့ကြောင့် James V.Martin ရဲ့ ကနဦးကားဒီဇိုင်းနှစ်ခုဖြစ်တဲ့ Martin Aerodynamic ၊ Martin Martinette တို့လိုမျိုး Martin Stationette ဟာလည်း တစ်စီးတည်းထုတ်လုပ်ပြီး ရပ်တန့်သွားခဲ့ပါတယ်။
အမေရိကန်ဒေါ်လာ ၉၉၅ ဒေါ်လာနဲ့ ရောင်းချဖို့ကြိုးစားခဲ့တဲ့ Martin Stationette ကို ၁၉၅၄ World Motor Sports Show မှာ ပြသခဲ့စဉ်က Grand Prize ဆု ချီးမြှင့်ခံခဲ့ရပါတယ်။