Mark II ရွှေငါးကားရဲ့1JZ FSE Engine ရဲ့ High Pressure Fuel Pump အကြောင်း


ဒီကားအင်္ဂျင်ရဲ့ ဆီပေးပုံ စနစ်ဟာ ယခင် မတ်တူးကားအင်္ဂျင်တွေဖြစ်တဲ့ 1JZ GE Engine တွေနဲ့ မတူပါဘူး။

ယခင် မတ်တူးအင်္ဂျင်တွေဖြစ်တဲ့ 1JZ GE Engine တွေရဲ့ ဆီပေးပုံစနစ်ဟာ Intake manifold နဲ့ ။ Engine head အင်္ဂျင်ဟက် အဝင်နေရာဆက်ထားတဲ့ အင်းတက်အဆုံးမှာ fuel injector nozzle ကိုထိုင်ထားပြီး ဆီတိုင်ကီထဲမှာရှိတဲ့ Pressure pump မှ ပို့ပေးတဲ့ ဆီတွန်းအားနဲ့သာ နော်ဇယ်ကို သူ့သတ်မှတ်ချိန်ရောက်ရင် သတ်မှတ်ထားတဲ့ အတိုင်းအတာကို မီးနဲ့ဖွင့်ပေးပြီး ဆီပန်းပေးတာပါ။

1JZ FSE အင်္ဂျင်ရဲ့ ဆီပေးပုံကျတော့ နော်ဇယ်ကို ဒီဇယ်အင်္ဂျင်တွေထိုင်ထားသလို အင်္ဂျင်ဟက်ထဲမှာ ထိုင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ပစ္စတင်မီးလောင်ပေါက်ကွဲတဲ့အခါ ခံနိုင်ရည်ရှိအောင် ပုံပါအတိုင်း နော်ဇယ်ခေါင်းကို ပြုလုပ်ထားပြီး အလုပ်လုပ်ပုံကလည်း ဒီဇယ်နော်ဇယ်လိုမျိုး အလုပ်လုပ်တာပါ။ ဒါကြောင့် အရင်အင်္ဂျင်တွေလို တိုင်ကီထဲက Pressure pump အော်တိုပန့် ရဲ့ဆီတွန်းအားနဲ့တင် နော်ဇယ်မဖွင့်နိုင်တော့လို့ 1JZ FSE အင်္ဂျင်မှာ ဒီ high pressure fuel pump တွန်းကန်အားမြင့်ဆီတွန်းပန့်ကို ထည့်ထားရပါတယ်။

ဒီလို ဆီကို ပစ္စတင်ခန်းထဲကို တိုက်ရိုက်ပေးပို့နိုင်တာကြောင့် ဆီစားသက်သာပြီး အင်္ဂျင်လည်းပိုသွက်ပါတယ်။ ဒါပေမယ့် high pressure fuel pump ထည့်ထားတဲ့အတွက် ဆီတိုင်ကီထဲက အော်တိုပန့်ဇကာနဲ့ ဆီစစ်တွေအနည်းငယ် ပိတ်ရင်ဖြစ်စေ high pressure fuel pump ထဲကိုအမှုန်အနည်းအပါးနဲ့ ရေရောက်သွားခဲ့ရင်ဖြစ်စေ။ ဆီတွန်းကန်အားနည်းပြီး ကားမဆွဲတော့ပါဘူး။

နောက်တစ်ချက်ကတစ်ခါ တစ်ခါ ကားကို ၁၀ ကျော်လောက်ရပ်ထားရင်လည်း စက်မနိုးတော့ပါ ၊ ဒီလိုတွေဖြစ်လာခဲ့ရင် ဆီတိုင်ကီကိုဖြုတ်ဆေး ၊ အော်တိုပန့်ဇကာကို သန့်ရှင်းရေးလုပ် လေမှုတ် ၊ နောက် ဆီစစ်အသစ်လဲ ၊ high pressure fuel pump ကိုတစ်စစီဖြုတ်ဆေးရပါတယ်။ ဒီလိုမျိုး လိုအပ်တာတွေ ပြုပြင်ပြီးသွားရင် တစ်ခါတည်းစက်နိုးပြီး ကောင်းသွားတာ ရှိပေမယ့် တစ်ခါ တစ်ခါ စက်မနိုးတတ်ပါဘူး။ အားလုံးပြုပြင်ပြီးမှ စက်မနိုးခဲ့ရင် scanner စက်နဲ့ဖတ်လည်းcode နံပါတ်မရှိတော့ပါဘူး။

ဒီလိုဖြစ်လာခဲ့ရင် ပလပ်တွေအကုန်လုံးကိုဖြုတ်ပြီး အင်္ဂျင်ကို တတ်မော်တာနဲ့ လေး ငါးကြိမ်လောက် ဆီလာအောင်အထိ နော်ဇယ်ဆီချူပေးပါ။ ဆီချူပေးပြီးလို့ ပလပ်တွေပြန်ထည့်ပြီးနိုးလို့ မနိုးသေးရင် high pressure fuel pump ရဲ့ နော်ဇယ်ဆီ ဆီပို့တဲ့ အထွက်ပိုက်ခေါင်း ၂၂ နတ်ခေါင်းကို ဆီအနည်းငယ်ထွက်လာအောင် အနည်းငယ်လျော့ထားပေးပြီးမှ နိုးရင် နိုးလာပါတယ်။

နိုးတာနဲ့ တစ်ပြိုင်နက် high pressure fuel pump ဆီပိုက်ခေါင်းက ဆီတွေဟာ အရမ်းပန်းလာမှာကျိန်းသေဖြစ်တာမို့ စက်မသေနိုင်အောင် အကူတစ်ယောက်ကို လီဘာအနည်းငယ်နင်းခိုင်းထားပြီး ဆီပိုက်ခေါင်းကို အမြန်ဆုံးပြန်ကြပ်ပါ။ အနည်းဆုံး ၅ မိနစ်ကျော်ကြာအောင်နိုးထားပါ။ ပြီးရင် ပြန်နိုးလို့ လွယ်ပါပြီ။ အင်္ဂျင် ဆွဲအားနဲ့ အင်္ဂျင်အပတ်ရေ(slow)ကို အနီရောင်မြှားပြထားတဲ့ Throttle position sensor မှာလိုအပ်သလို ဆင်ဆာကို ကစားပေးပြီးချိန်လို့ရပါတယ်။ ဒီလိုနိုးရာမှ ဘက္ထရီကြိုးနဲ့ ထောက်မနိုးပါနဲ့ ။ အားပြည့်တဲ့ ဘက္ထရီနဲ့သာ နိုးပါ။

ဘက္ထရီထောက်နိုးပါက ထောက်ကြိုးများ မီးပွင့်၍ မီးထတောက် တတ်ပါသည်။ ဒါကြောင့် ထောက်ကြိုးဖြင့် ဘက္ထရီထောက်နိုးခြင်းမပြုရပါ။ high pressure fuel pump က ဆီတွန်းအားမကောင်းခဲ့ရင်တော့ အသစ်လဲမှသာရမှာပါ။ မတ်တူးရွှေငါးတွေမှာ ဒီ high pressure fuel pump က ဒုက္ခအပေးဆုံးမို့ သတိထားနိုင်အောင်တင်ပေးလိုက်ရပါတယ်ခင်ဗျား။

 

Read 2068 times