အင်ဂျင်နှင့် ဂီယာဘောက်စ် ကြားတွင်ရှိသော ကလပ်အုံသည် အင်ဂျင်ဖလိုင်းဝှီးမှ လှည့်အားပါဝါကို ဂီယာဘောက်စ်မှတစ်ဆင့် Drive Wheelအထိရောက်အောင် ပို့ပေးသည်။
ဂီယာပြောင်းထိုးတိုင်း အင်ဂျင် နှင့် ဂီယာဘောက်စ်ကို အဆက်အသွယ်ဖြတ်ပေးသည်။
ကလပ်ပလိတ်ပြားတွင် ဖိုင်ဘာပြား (၂) ချပ်ကို Revit ဖြင့် ရိုက်ထား ပြီး ဖိုက်ဘာပြား မျက်နှာပြင်နှင့် ဖလိုင်းဝှီး မျက်နှာပြင်တို့ကြားတွင် ပွတ်မှုအားဖြစ်ပေါ်စေရန် Pressure Plate ပြားက စပရိန်တွန်းအားဖြင့် ဖိပေးထားသည်။
ယာဉ်မောင်းသူက ကလပ်ခြေနင်းတံကို နင်းလိုက်ပါက အပေါ်ကလပ်ဆုံမှ ဟိုက်ဒြောလစ်ဆီ (ဘရိတ်ဆီ) များသည် အောက်ကလပ်ဆုံသို့ ဖိအားတစ်ခုဖြင့် ရောက်ရှိပြီး ကလပ်ထိုးတံကိုတွန်းသည်။
ထိုးတံမှ ကလပ်ဖောက်ကိုတွန်းသဖြင့် ကလပ်ဖောက်ကလည်း ကလပ်ဘောလ်ကို ဆက်တွန်းသည်။
ကလပ်ဘောလ်တွန်းအားသည် ကလပ်ဖင်းဂါးများပေါ်သို့ သက်ရောက်၍ စပရိန်ဖိအားကို လျှော့ချပေးသည်။
ထိုအခါ ကလပ်ပလိတ်ပြားသည် ဖရီးဖြစ်သွားပြီး အင်ဂျင်နှင့် ဂီယာဘောက်စ်အဆက် အသွယ်ပြတ်သွားသည်။
ဂီယာ ဘောက်စ် ဖရီးဖြစ်သွားပါက ယာဉ် မောင်းသည် ဂီယာထိုးရလွယ်ကူသွားသည်။
ဂီယာထိုးပြီးပါက ကလပ်ခြေ နင်းကို တဖြည်းဖြည်းချိန်၍ လွှတ်ပေးလျှင် အင်ဂျင်ဖလိုင်းဝှီးနှင့် ကလပ်ပလိပ် ငြိသွားပြီး ဂီယာဘောက်စ်နှင့် တစ်ဆက်တည်း ဖြစ်သွားမည်။
ကလပ်ပလိတ်အူတိုင်တွင် ဂီယာ ဘောက်စ်သပ်ရှပ်ကို စွတ်ထားသဖြင့် ကလပ်ပလိတ်လည်အားသည် ဂီယာ ဘောက်စ်သို့ ရောက်ရှိသွားမည်။
ကလပ်ပလိတ်ပြားသည် ဖလိုင်းဝှီးမှန်ပြင်ပြားနှင့် Pressure ပလိတ်ပြားကြားတွင်ရှိပြီး စပရိန် ဖိအား သက်ရောက်ခံရသဖြင့် ပွတ်မှုအား (Friction) ဖြစ်ပေါ်ကာ အင်ဂျင် လည်တိုင်းလိုက်၍ လည်ပတ်နိုင်ခြင်း ဖြစ်သည်။
ကလပ်ပလိတ်ပြားမျက်နှာပြင်ကြားတွင် အင်ဂျင်ဝိုင်၊ အမဲဆီ၊ ဂီယာဝိုင် စသော ချောဆီတစ်မျိုးမျိုး ရောက်ရှိနေပါက ပွတ်မှုအား ကျဆင်းပြီး ကလပ်ပလိတ်လည်အား ကျဆင်းကာ ကလပ်ချော်နေမည်။
ထို့သို့ဖြစ်လာသောအခါ ဖြစ်တတ်သော ကလပ်ပြဿနာများမှာ ကလပ်ကျခြင်း၊ ဂီယာထိုးရခက်ခြင်း၊ ကလပ်ခုန်ခြင်း၊ တုန်ခါခြင်း၊ ကလပ်ခြေနင်းတံ နင်းလိုက်လျှင် ထူးခြားသောအသံထွက်လာခြင်း၊ ကလပ်မာခြင်း၊ ပုံမှန်ကလပ် ခြေနင်းတံနင်းရသည်ထက် အားပိုမိုစိုက်နေရခြင်း၊ ကလပ်ပျော့ခြင်း၊ ကလပ် ခြေနင်းတံ(၂) ချက်၊ (၃) ချက်ခန့် တော့နင်းမှ ဂီယာထိုး၍ရခြင်း၊ ကလပ်လွှတ်လိုက်လျှင် ကားဆောင့်ထွက်သွားခြင်း၊ ကလပ်နင်းထားသော်လည်း ဂီယာထိုး၍မရခြင်း၊ ကလပ်စလစ်ဖြစ်ပြီး ကုန်းတက်တွင် မရုန်းနိုင်ခြင်း၊ ကလပ် ညှော်နံ့ထွက်လာခြင်း၊ ကလပ်ပေါက်ခြင်း၊ ကလပ် မှေးနင်းထား၍မရခြင်း၊ ကလပ်မိသော အခြေအနေ သည် ကလပ်ခြေနင်းတံ အပေါ်ဆုံး ထိပ်နားအထိရောက်နေခြင်းများဖြစ်ပါသည်။
ကလပ်မကောင်းပါက ယာဉ် မောင်းသူအား အနှောင့်အယှက်ဖြစ်စေသည်။
ဂီယာပြောင်းတိုင်း စိတ်ညစ်ရတက်ပါသည်။
ယာဉ်ကိုစိတ်တိုင်းကျ ထိန်းသိမ်းရခက်ခဲသဖြင့် အန္တရာယ်ဖြစ်နိုင်သည်။
ကလပ်ပြဿနာများကို ဖြေရှင်းခြင်း
မူမမှန်သော ကလပ်၏ ရောဂါလက္ခဏာများကို သတိထားသင့်၊ ဂရု ပြုသင့်သည်။
ရှေ့ပြေးလက္ခဏာများသည် ကလပ်ဒုက္ခပေးတော့မည့် နိမိတ်များဖြစ်သည်။
ကလပ်၏ မူလသဘာဝမှာ အင်ဂျင်ဖလိုင်းဝှီးနှင့် ဂီယာဘောက်စ်ကို ညင်သာစွာချိတ်ဆက်ပေးရန်ဖြစ်သည်။
ကလပ်အလွှတ်ကြမ်းတမ်းလျှင် ကားတစ်စီး လုံးဆောင့်ထွက်သွားမည်။
ထိုသို့ ကြမ်းတမ်းစွာ ကလပ်လွှတ်မောင်းခြင်း အလေ့အထ စတိုင်လ်သည် ကလပ်ပလိပ်ကို လျင်မြန်စွာပျက်စီး စေသည်။
ခရီးသည်တင်ဘတ်စ်ကားများသည် တစ်စီးနှင့်တစ်စီး ပြိုင်မောင်း၊ လုမောင်းကြသဖြင့် ကလပ်ပျက်စီးမှု မြန်သည်။
အင်ဂျင်နှင့် ဂီယာဘောက်စ် ကိုညင်သာစွာချိတ်ဆက်သွားနိုင်ရန် ကလပ်ပလိတ်ပြားသည် မျက်နှာပြင် များကြားတွင် ချော၍ပွတ်ဆွဲပြီးမှ ကလပ်မိစေခြင်းဖြစ်သည်။
ကလပ်ခြေ နင်းတံကို ညင်သာစွာမှေးပြီးမှ လွှတ်ပေးလျှင် ကလပ်ပွန်းစားမှုသက်သာပြီး သက်တမ်းပိုရှည်မည်။
ကလပ်ပလိတ်ပြားတစ်ချပ်၏ အများဆုံးခံနိုင်ဝန်အားထက် ပို၍ ထမ်းခိုင်းပါက Overload ဖြစ်ပြီး ကလပ် စလစ်ဖြစ်မည်။
ထို့နောက် ကလပ်ပလိတ် အပူလွန်ကဲပြီး ကလပ် ပလိတ်လောင်၍ပျက်စီးမည်။
ဖလိုင်း ဝှီးနှင့် ကလပ်ပလိတ်ကြားတွင် တစ် နည်းနည်းဖြင့် ချောဆီများဝင်သွားပါ က ကလပ်ချော်မည်။
အင်ဂျင်ကရိုင်း ရှပ်ဝိုင်းဆီးမလုံလျှင် အင်ဂျင်ဝိုင်များ ယိုစိမ့်ပြီး ကလပ်အုံထဲရောက်သွားနိုင်သည်။
ဂီယာဘောက်စ်ဝိုင်းဆီး မကောင်းလျှင်လည်း ဂီယာဝိုင်များ စိမ့်ထွက်ပြီးကလပ်ပလိတ်သို့ဆီ ရောက်နိုင်သည်။
ကလပ်ပလိတ်တွင် အဆောင့် ဒဏ်ခံနိုင်ရန် စပရိန်များထည့်သွင်း တည်ဆောက်ထားသည်။
ကလပ် အသုံးကြမ်း၍ စပရိန်ကျိုးလျှင် စပရိန် အကျိုးသံစများသည် ဖလိုင်းဝှီးနှင့် ကလပ်ပလိတ်ပြားကြားတွင် ညှပ်နေ တတ်သည်။
ထိုသို့အကျိုးစညှပ်လျှင် ဂီယာထိုးရ ခက်ခဲစေသည်။
ကလပ်ဘောလ်သည် ကလပ် နင်းထားစဉ် ကလပ်ဖင်းဂါးများကို တွန်းဖိထားသည်။
ကလပ်ဘောလ် စားသွားပါက အသံမြည်သည်၊ တုန် ခါသည်၊ ကလပ်ဘောလ်မကောင်း လျှင် ဒိုင်ရာဖရမ်စပရိန် (လင်ဘန်း ပြား) ကို ပွန်းစားပျက်စီးစေသည်။
ကလပ်ပလိတ် အသစ်လဲလျှင် ကျွမ်းကျင်သော ကားဝပ်ရှော့ပ်၌သာ ပြသသင့်သည်။
ဂီယာဘောက်စ်ချပြီးပါက ဖလိုင်းဝှီးမှန်ပြင် (ကျောက်ပြင်)ကို စစ်ဆေးပါ။
မျက်နှာပြင်များ လွန်စွာ စားနေလျှင် ဖလိုင်းဝှီးဖြုတ်ချပြီး မျက်နှာသစ်ပေးရမည်။
ဖလိုင်းဝှီး မှန်ပြင်ကို တွင်ခုံတွင်စက်ခုတ်စားပေး ခြင်းဖြစ်သည်။
ကရိုင်းရှပ်၊ မိန်းဝိုင်းဆီး ဆီယို မယိုစစ်ဆေးရမည်။
ဂီယာဘောက်စ်၊ သပ်ရှပ်ဘောလ် ထိပ်မှ ဝိုင်းဆီး ကောင်း မကောင်း၊ ဆီလုံ မလုံ စစ် ဆေးရမည်။
ကလပ်ဘောလ် ကလပ် ဖေါက် ကောင်း မကောင်း စစ်ဆေးရ မည်။
ကလပ်ဘော်လ်မကောင်းပါက အသစ်လဲပါ။
ကလပ်အုံ (ကလပ် ကာဘာဟုလည်းခေါ်သည်) ကောင်း မကောင်း၊
ဖင်းဂါးစပရိန်များ ကောင်း မကောင်းခုံပေါ်တင်၍ စမ်း သပ်စစ်ဆေးရမည်။
ဖင်းဂါးစပရိန်များ ကောင်းကောင်းအလုပ်မလုပ်လျှင် ကလပ်နင်းရသည်မှာလေးနေမည်။
အခြားဖြစ်တတ်သော ပြဿနာ များမှာ ကလပ်အုံကိုတပ်ဆင်ထား သောဖလိုင်းဝှီးအထိုင် မူလီ (Bolt) တိုင်များ ချောင်နေခြင်း၊ အင်ဂျင်နှင့် ဂီယာဘောက်စ်ကြားခံ ဖလန်းပြား အထိုင် Bolt & Nut များချောင်နေခြင်း၊ ကလပ်အောက်ဆုံနှင့် ထိုးတံမကောင်းခြင်း၊ ကလပ်အပေါ်ဆုံမကောင်းခြင်း၊ ကလပ်ဆီပိုက်လိုင်း ဆီမလုံခြင်းစသော ပြဿနာအားနည်းချက်များဖြစ်သည်။
ကလပ်ပလိတ်လဲလျှင် ဖြစ်နိုင်သော ချို့ယွင်းအားနည်းချက် အားလုံးကိုစစ်ဆေးပြီး အားလုံးကိုပြုပြင်ပါ၊ အစားထိုးလဲပါ၊ ကလပ်ပလိတ်၊ ကလပ်အုံများတပ်ဆင်လျှင် အလိုင်း မင့်မှန်အောင်ချိန်ပါ၊ ကလပ်အပေါ်ဆုံ အောက်ဆုံ ဝါရှာများပါ အသစ်လဲပါ၊ ကလပ်ဆီလိုင်း၊ ပိုက်ပျော့ကို စစ်ဆေးပါ၊ မကောင်းလျှင်အသစ်လဲပါ။
ဂီယာဘောက်စ်အထိုင် မောင်းတိန်းနှင့် အင်ဂျင်မောင်းတိန်းများ ပြတ်နေလျှင် တုန်ခါတတ်သည်။
အလိုင်းမန့်မမှန်ဖြစ်တတ်သည်။ အားလုံးပစ္စည်းစုံပြန်လည်တပ်ဆင်ပြီးပါ က ကလပ်ပြန်ချိန်ရသည်။
ဘရိတ်ဆီ အသစ်ထည့်ပြီး ဟိုက်ဒြောလစ်ဆီ လိုင်းတစ်လျှောက် လေခိုနေခြင်းလုံး၀ မရှိစေရန် လေရှုရမည်။
လေလုံးဝကုန်ပါက ကလပ်အကွာအဝေးထိုးတံ ချိန်ရမည်။
ထိုးတံထောက်နေ၍မရ။ ကလပ်ကြားလွတ်ကစားနိုင်မှု အနည်းငယ်ကျန်ရှိရမည်။
ကလပ်ထိန်းသိမ်းခြင်း
ကလပ်ဆီပုံမှန်စစ်ဆေးပါ။ ရေရော၍မသုံးပါနှင့်။ ကလပ်ခြေနင်းတံကို ညင် သာစွာလွှတ်ပါ။ ကလပ်အသုံးကြမ်း လျှင် ကလပ်ပလိတ်အစားမြန်မည်။ နံပါတ် (၁) ဂီယာမထိုးဘဲ ဂီယာကျော်မထိုးပါနှင့်။ ကလပ်ကို မနိုင်ဝန်မထမ်း ခိုင်းပါနှင့်။ ကားအရှိန်သတ်ရန် ဂီယာ ဒေါင်း၍ ကလပ်လွှတ်ပါများလျှင် ကလပ်ပလိတ် အစားမြန်မည်။ ရေကြီးရေလျှံသောလမ်းတွင် ဂီယာဘောက်စ်မြုပ်သည်အထိ ကား မောင်းခဲ့ပါက
ကလပ်ပလိတ်များရေစို ရေဝင်သွားပြီး ကလပ်ချော်မည်။ ကလပ်ပလိတ်ရေခြောက်သွားပြီးမှ ကားကို ဆက်သုံးပါ။
စက်နှိုးမော်တာမကောင်း၍၊ ဘက်ထရီမကောင်း၍ ကားကိုတွန်းနှိုး ခြင်းသည် တစ်ခါတစ်ရံသာပြုလုပ်သင့်သည်။
ကားတွန်းနှိုးခြင်းသည် ကလပ်ပလိတ်ကိုပျက်စီးစေသည်။ ဘက်ထရီနှင့် မော်တာအမြဲကောင်း မွန်နေအောင်ထိန်းသိမ်းပြုပြင်ပါ။ ကလပ်ဝါရှာပေါက်၍အသစ်လဲရလျှင် အရည်အသွေးကောင်း ဝါရှာကို သုံးပါ။
ကြိုးကလပ်ဖြစ်ပါက ကေဘယ်လ်ကြိုးစစ်ဆေး၍ ချောဆီ ထည့်ပေးပါ။ ကေဘယ်လ်ကြိုးအစ လန်နေပါက မပြတ်မီ အသစ်တစ် ချောင်းလဲပါ။ ကားမောင်းနေစဉ် သင်၏ ခြေဖျားကို ကလပ်ခြေနင်းတံပေါ် တင်မထားပါနှင့်။ အင်ဂျင်စက်သံမြှင့်တင်ပြီး ကလပ်ကိုဆောင့်မလွတ်ပါနှင့်။ ဝန်လေးပစ္စည်းများ၊ ကုန်းတက်လမ်းများတွင် No.1 ဂီယာ ဖြင့်သာမောင်းပါ။