ဒီနေ့ ပြည်သူကို အသိပေးချင်တာ ရှိလို့ Post တင်လိုက်ပါတယ်
အကြောင်းအရာက ကုန်တင်ကားတွေနဲ့ပတ်သက်လို့ပါ ။
Covid ရောဂါကာကွယ်ရေးမှာ ကုန်စည်စီးဆင်းရေး မထိခိုက်ရအောင် ညွှန်ကြားချက် ရှိပြီးသားပါ။ ဒါပေမယ့် SOP(standard operating procedure)အတိုင်းလိုက်နာ ဆောင်ရွက်ရပါမယ်။
အဲဒီအထဲမှာ
၁။ တိုင်း/ပြည်နယ် အစိုးရက ပြုလုပ်ရမည့်အချက်
၂။ ယာဉ်ပိုင်ရှင် ယာဉ်မောင်း ယာဉ်နောက်လိုက် ယာဉ်ငှားရမ်းသူကုန်ပစ္စည်းလက်ခံသူ များက လုပ်ရမည့်အချက်
၃။ ညအိပ်/တစ်ထောက်နား ရပ်နေရာများတွင် ဆောင်ရွက်ရမည့်အချက်
၄။ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ရမည့်အချက် အစရှိသည်တို့ပါဝင်ပါတယ်။
ဒီလုပ်ငန်းစဉ်များကို ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနက ယာဉ်လုပ်ငန်း
များ ကြီးကြပ်ရေးကော်မတီ (ကုန်တင်ယာဉ်/ခေါက်တိုယာဉ်) ကို၂၅-၉-၂၀၂၀ ရက် ကတည်းက SOP ကို ပို့ပြီးပါပြီ။
အောက်တိုဘာ (၁) ရက်နေ့ကျတော့ ပြသာနာ စပါတယ်။ ကုန်တင်ယာဉ်မောင်းနဲ့ နောက်လိုက် အားလုံး Covid စစ်ထားတာ မပါကြဘူး။ ကျွန်တော်တို့ကလည်း ညွှန်ကြားချက်နဲ့အညီ လွှတ်မပေးရဲဘူး။ ကားသမားတွေမှာ ပိုးရှိခဲ့ရင် ပြည်သူတွေဆီ ကူးနိုင်ပါတယ်။ ဒါကြောင့် အခက်အခဲဖြစ်ပြီး ဂိတ်တွေမှာ ကားတွေ စုပုံသွားပါတယ်။ ဒီမှာ ဝိုင်းရေးကြပါတယ်၊ ကုန်စည်တွေ ရပ်ကုန်ပြီ။ ကားတွေ ဒုက္ခရောက်ပါတယ်။ ဘာလုပ်ပေးမှာလဲ၊ အစရှိသဖြင့်ပေါ့လေ
ကျွန်တော်တို့က SOP နဲ့ ပတ်သက်လို့ စာပို့ထားတာပါ။ မလုပ်ဘဲထားတာ ယာဉ်တွေ ဘက်ပါ။ Line ပေါ်မှာတော့ ဝေဖန်မှုတွေ များလှတယ်။
covidစစ်ရမယ်ပါပြီး ဘယ်မှာ စစ်ရမယ် မပါတော့ နားလည်ပေးလိုက်ပါတယ်။ ညတွင်းချင်း သက်ဆိုင်ရာဆီ ဖုန်းဆက်ပြီး စစ်ဆေးမယ့် ပစ္စည်းတောင်းတာ ရန်ကုန်ကနေ ညတွင်းချင်း ပို့ပေးပါတယ်။
ဒါတွေမသိကြဘူး။ တာဝန်ရှိသူတွေ ကလည်း၂-၉-၂၀၂၀ ရက်နေ့ထဲက ကားသမား အားလုံး စစ်ပေးနေပါတယ်။ မန်းလေးက လမ်းဆုံလမ်းခွ ဆိုတော့ အနယ်နယ် အရပ်ရပ်က ကားတွေ များလှပါတယ် ဂိတ်တွေကလည်း (၁၀) ခုလောက် ရှိပါတယ်။
စစ်နေတာ မနိုင်ပါဘူး။ ပစ္စည်းတောင် ကုန်လို့ ထပ်ထုတ်ပေးဘို့ တောင်းထားရပါတယ်။
ဒီအခက်အခဲလေးတွေ သိစေချင်လို့ ရေးတာပါ။
ပြည်သူတွေရဲ့ကျန်းမာရေးကလည်း အရေးကြီးသလို ကုန်စည် စီးဆင်းမှုလည်း မရပ်ရအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။
အခု ကျွန်တော်တို့ ဒီ ၂ ချက်ကို အလေးထားပြီး ကားတွေကို စစ်နေပါတယ်။
အထက်က ပြောခဲ့သလို မန္တလေးက လမ်းဆုံမို့ စစ်ရမယ့် ကားက များမှာပါ။ ကြိုးစား စစ်မယ်လို့ ပြောပါရစေ။ စစ်ရမယ့် Test kit အလုံအလောက် ရရပါမယ်။ ပြည်ထောင်စုက တောင်းရမှာပါ။
ယနေ့အထိ ကားပေါင်း (၂၁၀၉) စီးကို ဂိတ် (၁၀) ခုက စစ်ပေးတာ
ယာဉ်မောင်း၊ နောက်လိုက် (၃၇၇၇) ဦး ရှိပါပြီ။
ပိုးတွေ့သူ(၂၄) ဦး ရှိပါတယ်။ SOP အသစ်နဲ့လည်း ဆက်စစ်ရအုံးမှာပါ။
ကျွန်တော်တို့ Quarantine ထားသူတွေလည်း ရာချီ စစ်ပေးနေရတယ်။
Covid တိုက်ဖျက်ရေး အစိုးရ တာဝန်ရှိဌာနများ၊ ပရဟိတများ၊ ပြည်သူများအားလုံး မန္တလေးကို ကာကွယ်နေပါတယ်။
စိတ်ဓါတ်မကျဘူး၊ အားမငယ်ဘူး၊ နိုင်မယ်လို့လည်း ယုံတယ်
အချိန်တစ်ခု စောင့်ရမယ်။ ပြည်သူများက ချမှတ်တဲ့စည်းကမ်း လိုက်နာပေးပါ။
မန္တလေးက ညီပါတယ်
ပြည်ရွာ သာယာဘို့ Covid ကိုကာကွယ်စို့
Fight Covid
Dr Zaw Myint Maung