မန္တလေးမြို့တွင်းလမ်းမကြီး (၇) ခုကို ဧပြီလ ၇ရက်ကစပြီး ယာဉ်ရပ်နားခကောက်ခံခြင်းဖျက်သိမ်း


လေလံစနစ်နဲ့ ယာဉ်ရပ်နားခကောက်ခံခွင့်ပြုခဲ့တဲ့ မန္တလေးမြို့တွင်းလမ်းမကြီး ၇ ခုကို ဒီနေ့ဧပြီ ၇ ရက်ကစပြီး ယာဉ်ရပ်နားခကောက်ခံခြင်းဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ မန္တလေး မြို့တော်ဝန်ကကြေညာလိုက်ပါတယ်။

မန္တလေးမြို့တွင်း အဓိကလမ်းမကြီး(လမ်းပိုင်း)တွေဖြစ်ကြတဲ့ ၂၆ လမ်း(လမ်း ၈၀ နဲ့ ၈၄ လမ်းကြား)၊ လမ်း ၃၀(၇၄ လမ်း နဲ့ ၇၈ လမ်းကြား)၊ ၃၅ လမ်း(လမ်း ၈၀ နဲ့ ၈၄ လမ်းကြား)၊ လမ်း ၈၀(၂၇ လမ်းနဲ့ ၃၃ လမ်းကြား)၊ ၈၂ လမ်း(၂၆ လမ်းနဲ့ လမ်း ၃၀ ကြား)၊ ၈၃ လမ်း(၂၆ လမ်း နဲ့ လမ်း ၃၀ ကြား)၊ ၈၄ လမ်း(၂၆ လမ်း နဲ့ ၂၈ လမ်းကြား) တို့ကို လေလံစနစ်နဲ့ခွင့်ပြုပေးခဲ့တဲ့ယာဉ်ရပ်နားခကောက်ခံခြင်းတွေကို ဖျက်သိမ်းလိုက်တာပဲဖြစ်ပြီး ဒါဟာ လမ်းအသုံးပြုသူတွေစိတ်အနှောင့်အယှက်မဖြစ်စေဖို့အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်ပေးလိုက်တာပဲဖြစ်တယ်လို့သိရပါတယ်။

ဒီလမ်းပိုင်းတွေဟာ တစ်နှစ်လေလံရရှိငွေကျပ်သိန်း ၁၅၀၀ ကျော်ဖြစ်ပေမယ့်လည်း မြို့နေပြည်သူအတွက် ငွေကြေးကိုအဓိကမထားဘဲ ကော်မတီကဆောင်ရွက်ပေးလိုက်တာ ဖြစ်တယ်လို့လည်း မန္တလေးမြို့တော်ဝန်က ၎င်းရဲ့တရားဝင် Facebook အကောင့်ကနေပြောဆိုထားပါတယ်။

ယာဉ်ရပ်နားခကောက်ခံခြင်းဖျက်သိမ်းလိုက်တဲ့နေရာတွေမှာ ငွေကြေးကောက်ခံတာတွေရှိနေရင်တော့ ကော်မတီဆီတိုင်ကြားရမှာပဲဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာ ကော်မတီဝင်တစ်ဦးကပြောပါတယ်။

Read 436 times