လူအများဆုံး/အနည်းဆုံး ခန့်ထားတဲ့ ကားကုမ္ပဏီများ


မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍမှာ အကြီးမားဆုံး ကားထုတ်လုပ်ငန်း ၃၅ ကို Alan’s Factory Outlet က ရွေးထုတ်ပြီး မည်သည်က လုပ်သားအင်အား မည်မျှ အလုပ်ခန့်ထားသည်ကို ဆန်းစစ်တင်ပြပါတယ်။

ကားလုပ်ငန်းကဏ္ဍဟာ နှစ်စဉ် ဒေါ်လာဘီလျံချီ ရိတ်သိမ်းနေပြီး အလုပ်အကိုင်တွေလည်း အများအပြား အလုပ်ခန့်ထားတဲ့ကဏ္ဍ ဖြစ်ပါတယ်။ မော်တော်ယာဉ် ထပ်ဆင်ထုတ်လုပ်တဲ့စက်ရုံတွေမှာသာမက မော်တော်ယာဉ်အပိုပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေ၊ ယာဉ်အပိုပစ္စည်း ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်းတွေ၊ ကားရောင်းချတဲ့ လုပ်ငန်းတွေ စသဖြင့် ကျယ်ပြန့်တယ်။ 
အမေရိကန်နိုင်ငံမှာ အလုပ်အကိုင် အရေအတွက် စုစုပေါင်းရဲ့ ၄.၅% က ကားလုပ်ငန်းကဏ္ဍမှာ လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ 

အခုတင်ပြမယ် အလုပ်ခန့်ထားသူဦးရေ စာရင်းက ကားထုတ်လုပ်ရေးကုမ္ပဏီမှ တိုက်ရိုက်ခန့်ထားတဲ့ လုပ်သားအင်အားစုကိုသာ ထည့်သွင်း တွက်ချက်ထားပါတယ်။  နှီးနွှယ်ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အကျုံးမဝင်ပါဘူး။ 

ကားထုတ်လုပ်မှု စီးရေအရကြည့်လျှင် ၂၀၂၀ ခုနှစ်တွင် တိုယိုတာ Toyota က စီးရေ ၉.၅၂၈ သန်းဖြင့် ပထမအများဆုံး ၊ ဗို့စွဲဂင် Volkswagen က ၉.၃၀၅ သန်းဖြင့် ဒုတိယအများဆုံး ထုတ်လုပ်ခဲ့ပါတယ်။ ထုတ်လုပ်မှု ကားစီးရေမှာ မတိမ်းမယိမ်း ဖြစ်နေပေမဲ့ အလုပ်ခန့်ထားတဲ့ လုပ်သားအင်အားစုကို ကြည့်လျှင် Volkswagen က Toyota ထက် နှစ်ဆနီးပါး ရှိပါတယ်။ 

လုပ်သားအင်အားစု အကြီးမားဆုံးဖြစ်ပြီး ကားထုတ်လုပ်မှုစီးရေမှာ ဒုတိယအများဆုံးဖြစ်တဲ့ Volkswagen က ကမ္ဘာတစ်လွှားမှာ တည်ရှိတဲ့ ၎င်းရဲ့ ကားစက်ရုံတွေမှာ ဝန်ထမ်းစုစုပေါင်း ၆၆၂,၅၇၅ ဦး ခန့်ထားပါတယ်။ ထို့ပြင် ကုမ္ပဏီဝန်ထမ်း ၇၀၀,၀၀၀ နီးပါး ခန့်ထားပြီး ယင်းတို့အနက် ၁၂၀,၀၀၀ ဦး ဝန်းကျင်က ဂျာမနီမှာ လုပ်ကိုင်ကြပါတယ်။ Volkswagen က ဂျာမနီမှာ အခြေစိုက်ထားတဲ့ ကားလုပ်ငန်းဖြစ်ပြီး ဂျာမနီမှာ ရုံးချုပ် ထားရှိပါတယ်။

ရောင်းချရတဲ့ ကားစီးရေ အများဆုံးနဲ့ ကားထုတ်လုပ်မှု စီးရေ အများဆုံး ဖြစ်တဲ့ Toyota Motor Corporation က လုပ်သားအင်အားစု ဒုတိယအကြီးမားဆုံး ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားမှာ  ၃၇၀,၈၇၀ ဦး ခန့်ထားပါတယ်။ Volkswagen ရဲ့ ထက်ဝက်နီးပါး ဖြစ်ပါတယ်။

ပခုံးချင်း ယှဉ်နေတဲ့ ပြိုင်ဘက် Toyota  နဲ့ နှိုင်းယှဉ်လိုက်ရင် Volkswagen က ဘာလို့ လုပ်သားအင်အားစု အများကြီး ပိုများများ ခန့်ထားရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ Volkswagen မှာ လုပ်ကိုင်နေတဲ့ ဂျာမနီနိုင်ငံသား ဝန်ထမ်းတွေရဲ့ သဘောတူညီချက် မရရှိဘဲ ဂျာမနီ အပါအဝင် ကမ္ဘာတစ်လွှားမှာ ရှိနေတဲ့ ၎င်းရဲ့ စက်ရုံတွေ ဖွင့်တာ ပိတ်တာ ကုမ္ပဏီက လုပ်ခွင့် မရှိဘူး။ ကုမ္ပဏီရဲ့ ကြီးကြပ်ရေး ဘုတ်အဖွဲ့မှာ ဂျာမနီနိုင်ငံသား ဝန်ထမ်းတွေက အမြဲတမ်း အနည်းဆုံး ထက်ဝက် ပါဝင်တယ်။ ဒီတော့ လူလျှော့ဖို့ မလွယ်လှဘူး။ 

 လုပ်သားအင်အားစု အများဆုံး ကားကုမ္ပဏီ ၁၀ ခု
လုပ်ငန်းအမည်  ခန့်ထားတဲ့ဦးရေ

Volkswagen Group: 662,575
Toyota Motor Corporation: 370,870
Daimler AG: 288,481
Honda Motor Company: 218,674
SAIC Motor: 204,815
Ford Motor Company: 186,000
Renault Group: 179,565
General Motors Company: 155,000
Dongfeng Motor Corporation: 136,549
Nissan Motor Corporation: 136,134

အများဆုံး ခန့်ထားတာတွေ ရှိသလို အနည်းဆုံး ခန့်ထားတဲ့ ကုမ္ပဏီတွေလည်း ရှိနေတယ်။ ဘာလို့ နည်းနေရသလဲဆိုတော့ ကားလုပ်ငန်းရဲ့ အရွယ်အစား သေးငယ်နေလို့ ဖြစ်ပါတယ်။ 

အလုပ်ခန့်ထားသူ ဦးရေ အနည်းဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီက ကနေဒါမှာ ရုံးချုပ်ထားရှိတဲ့  Electra Meccanica Vehicles Corporation ဖြစ်ပြီး ဦးရေ ၁၃၇ ဦးမျှသာ ရှိပါတယ်။ သူတို့က ပတ်ဝန်းကျင် မိတ်ဖက်ကျတဲ့ လျှပ်စစ်မော်တော်ယာဉ်များ electric vehicles (EVs) ထုတ်လုပ်ပါတယ်။ ကုမ္ပဏီမှာ တိုးချဲ့ဖို့ အစီအစဉ် ရှိနေတယ်။ အမေရိကန်နိုင်ငံအာရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာ အခြေစိုက်ပြီး လုပ်ကိုင်သွားမယ့် အစီအစဉ်ဖြစ်ပြီး ဝန်ထမ်းတွေ ထပ်တိုး ခန့်ထားရပါလိမ့်မယ်။ 
အီးဗီတွေ ထုတ်လုပ်တဲ့ နောက်ထပ် ကးထုတ်လုပ်ရေးလုပ်ငန်း နှစ်ခုဖြစ်ကြတဲ့ Canoo Inc. နဲ့  Nikola Corporation တို့မှာလည်း လူနည်းတယ်။ ဦးရေ တစ်ထောင်အောက်မှာပဲ ရှိကြတယ်။ 

လျှပ်စစ်ကား ထုတ်တဲ့လုပ်ငန်းတွေကြားမှာ လျှမ်းလျှမ်းတောက် ဖြစ်တဲ့ Tesla က လုပ်သားအင်အားစု ဦးရေ ၇၀,၀၀၀ ကျော်မျှသာ ရှိပါတယ်။ အလုပ်ခန့်ထားသူဦးရေ စာရင်းမှာ အလယ်အလတ်နေရာကို ယူထားပါတယ်။ 

လုပ်သားအင်အားစု အနည်းဆုံး ကားကုမ္ပဏီ ၁၀ ခု
လုပ်ငန်းအမည်  ခန့်ထားတဲ့ဦးရေ

Electra Meccanica Vehicles Corporation: 137
Canoo Inc.: 300
Nikola Corporation: 348
Li Auto Inc.: 2,628
Aston Martin: 3,000
Xpeng (Xiaopeng Motors): 3,676
Ferrari S.p.A.: 4,164
NIO Inc.: 7,442
Hotai Motor Co.: 23,533
Mitsubishi Motors Corporation: 29,555
 

 

”Major
By AlansFactoryOutlet.com

Read 419 times