ကားပါကင်ထိုးပေးတဲ့ စက်ရုပ်များကို သုံးနေတဲ့ ပြင်သစ်လေဆိပ်


ကုမ္ပဏီများက မောင်းသူမဲ့ကားများကို ဖန်တီးနေကြပါတယ်။ လက်ရှိမှာတော့ ဈေးကွက်ထဲမှာ မောင်းသူမဲ့ကားများကို ရောင်းချထားခြင်း မရှိသေးပါဘူး။

ဒါပေမယ့် မောင်းသူမဲ့ နည်းပညာကို အခြားနယ်ပယ်များမှာ အသုံးချနေကြပါပြီ။ ကုန်ပစ္စည်းနဲ့ အစားအစာများကို Delivery Robots များနဲ့ပို့ဆောင်ပေးနေကြပါပြီ။ အခုလည်း မောင်းသူမဲ့ နည်းပညာပါတဲ့ ကားပါကင်ထိုးပေးတဲ့ စက်ရုပ်များကို ပြင်သစ်ရဲ့ Lyon-Saint-Exupery Airport မှာ စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။

ပြင်သစ်ကုမ္ပဏီ Stanley Robotics က ဖန်တီးထားတဲ့ စက်ရုပ်များဖြစ်ပြီး Stan လို့ အမည်ပေးထားပါတယ်။ လေဆိပ်မှာ ကားထားပြီး ခရီးသွားမယ့် သူများအတွက် ဒီဝန်ဆောင်မှုကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကားပိုင်ရှင်များက ကားကို လေဆိပ်ရဲ့ သတ်မှတ်ထားတဲ့ တည်နေရာမှာ ရပ်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ထိတွေ့မျက်နှာပြင်ကနေ Stan ကို ဆင့်ခေါ်ရမှာ ဖြစ်ပါတယ်။ ကားရဲ့ အရွယ်အစားကို တွက်ချက်ပြီးနောက်မှာ Stan က လက်တံများဖြင့် ကားကို သယ်မသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အသင့်တော်ဆုံး နေရာမှာ ကားကို ပါကင်ထိုးပေးမှာ ဖြစ်ပါတယ်။

Stan ဟာ လျှပ်စစ် စွမ်းအင်ကို အသုံးပြုထားတာ ဖြစ်ပြီး တည်နေရာ လမ်းညွှန်မှုအတွက် GPS ကို သုံးထားပါတယ်။ ကားပါကင်ထိုးတဲ့ စက်ရုပ်များကို ပထမဆုံး အသုံးပြုတာက Lyon-Saint-Exupery Airport မဟုတ်ပါဘူး။ ပဲရစ်ရဲ့ ချားလ်စ်ဒီဂေါ လေဆိပ်မှာ သူတို့ကို စမ်းသပ်ပြီးပါပြီ။ ဒါ့အပြင် Lyon နဲ့ Dusseldorf မှာလည် အသုံးပြုခဲ့ပါတယ်။ ဗြိတိန်မှ Gatwick လေဆိပ်မှာလည်း စမ်းသပ်နေကြပါတယ်။

 

 

 

Source;Digital Time

Read 560 times