လျှပ်စစ်ကားကုမ္ပဏီ Lucid က အလုပ်သမား (၁,၃၀၀) ခန့် လျှော့ချမည်


လျှပ်စစ်ကား ထုတ်လုပ်သည့် Start-Up ကုမ္ပဏီတစ်ခုဖြစ်သည့် Lucid Group Inc., ဟာ ကုမ္ပဏီ ပြန်လည်ဖွဲ့စည်းမှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကုန်ကျစရိတ်လျှော့ချရန် ရည်ရွယ်ပြီး အလုပ်သမား ၁၈% ခန့် သို့မဟုတ် အလုပ်သမား ၁,၃၀၀ ခန့်ကို အလုပ်မှ ထုတ်ပယ်ပစ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

အဆိုပါ ဇိမ်ခံကားထုတ်လုပ်ရေး ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်အတွက် ထုတ်လုပ်မှုကို အစီးရေ ၁၀,၀၀၀ ကျော် ရရှိနိုင်မည် ခန့်မှန်းခဲ့သော်လည်း ၎င်းက လေ့လာစောင့်ကြည့်သူများ မျှော်မှန်းထားသည်ထက် ပိုမိုနည်းပါးနေသည့်အပြင် ၂၀၂၂ ခုနှစ်  စတုတ္ထသုံးလပတ်တွင် အော်ဒါရရှိမှု အလွန်လျော့နည်းသွားခဲ့ပြီး Lucid ရှယ်ယာများသည် ၇% ခန့် ကျဆင်းသွားကြောင်း စာရင်းတင်ပြချက်အရ သိရသည်။ 

 

ကုမ္ပဏီဟာ လာမည့်သုံးရက်အတွင်း အလုပ်သမားများအားလုံးနှင့် ဆက်သွယ်ရန် စီစဉ်ထားကြောင်းနှင့် ကုမ္ပဏီတွင်းရှိ အမှုဆောင်အရာရှိများ အပါအဝင် အဖွဲ့အစည်းနှင့် အဆင့်အားလုံးနီးပါးတွင် အလုပ်သမား လျှော့ချမှုကို ကြုံတွေ့ရမည် ဖြစ်သည့်အကြောင်းကို Lucid ၏ CEO ဖြစ်သူ Peter Rawlinson က စာစောင်တစ်စောင်တွင် ပြောကြားခဲ့သည်။ 

 

Arizona ရှိ Lucid စက်ရုံ

 

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝန်ထမ်းပေါင်း ၇,၂၀၀ ခန့် ရှိခဲ့သည့် Lucid သည် အလုပ်ထုတ်မည့် ဝန်ထမ်းများအတွက် လျော်ကြေးငွေ ဒေါ်လာ ၂၄ သန်းမှ သန်း ၃၀ အထိ ပေးဆောင်ရမည် ဖြစ်သည်။ 

 

ကုမ္ပဏီပြန်လည်ဖွဲ့စည်းမှု အစီအစဉ်ကို ၂၀၂၃ ခုနှစ် ဒုတိယသုံးလကုန်တွင် အပြီးသတ်နိုင်ရန် မျှော်လင့်ထားသည်ဟု သိရပြီး Rawlinson က ယခုအခါ အရေးမကြီးသည့် အသုံးစရိတ်များကို ပြန်လည် စီစစ်သုံးသပ်ကာ ကုန်ကျစရိတ်များကို အသေးစိတ်စီမံ ခန့်ခွဲနေကြောင်း ပြောကြားခဲ့သည်။

 

ဗဟိုဘဏ်မှ အတိုးနှုန်းမြင့်မားလာမှုဟာ စီးပွားရေးပိုမိုကျဆင်းနိုင်သည့် အလားအလာ ဖြစ်သည့်အတွက် အမေရိကန်ကုမ္ပဏီများသည် ၎င်းတို့၏ အသုံးစာရိတ်ကို ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းနေကြသည်။ 

 

Advertisement

Click Here >>> Lat War (TSM)

 

စက်ရုံကျွမ်းကျင်ပညာရှင်များက Tesla ၏ ဈေးနှုန်းလျှော့ချမှု အစီအစဉ်သည် သမာရိုးကျ မော်တော်ကား ကုမ္ပဏီများထံမှ ဈေးသက်သာသည့်  EV မော်ဒယ်များ ရရှိနိုင်မည် ဖြစ်သော်လည်း Lucid နှင့် Rivian မော်တော်ကား Start-Up ကုမ္ပဏီများအတွက်ကိုမူ ဝယ်လိုအားအသစ်များနှင့် ချိန်ညှိနေရကြောင်း ပြောကြားခဲ့သည်။ 

 

လွန်ခဲ့သည့်လကလည်း Rivian သည် ကုန်ကျစရိတ်လျှော့ချရန်အတွက် ၎င်း၏ အလုပ်သမားစုစုပေါင်းမှ ၆% ကို အလုပ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

 

Lucid  Motor ကို ၂၀၀၇ ခုနှစ်တွင်  Bernard Tse၊ Sheaupyng Lin၊ Sam Weng တို့က စတင်တည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၌ ကုမ္ပဏီ၏ ပထမဆုံး Model ဖြစ်သည့် Lucid Air Dream Edition ကို စတင် ထုတ်လုပ်ခဲ့သည်။ 

 

Lucid ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်အတွင်း ကားစုစုပေါင်း ၇,၁၈၀ စီး ထုတ်လုပ်နိုင်ခဲ့ပြီး ၄.၃၆၉ စီး တင်ပို့ ရောင်းချနိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ကားအစီးရေ ၁၀,၀၀၀ မှ ၁၄,၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။ 


Source - Reuters

Read 178 times