မြေပြင်တွင် သွားလာနိုင်ပြီး အသုံးပြုသူကိုယ်တိုင် လိုက်ပါစီးနင်းနိုင်သော တစ်ကိုယ်ရေသုံး သယ်ယူပို့ဆောင်ရေး စက်ရုပ်တစ်မျိုးကို Segway Robotics ကုမ္ပဏီက ဖန်တီးလိုက်ကြောင်း သိရပါသည်။
အဆိုပါစက်ရုပ်ကို Loomo ဟု အမည်ပေးထားပြီး အမည်နှင့်လိုက်ဖက်ကာ ချစ်စဖွယ်အသွင်အပြင်လည်းရှိပြီး အသုံးပြုသူနှင့် အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်သောကြောင့် မိတ်ဆွေတစ်ဦးကဲ့သို့ ပြုမူပေးနိုင်မည်ဟု သိရပါသည်။
၎င်းစက်ရုပ်သည် အကျယ် ၂၂ ဒသမ ၄၄ လက်မရှိပြီး အမြင့် ၁၅ ဒသမ ၅၉ လက်မရှိကာ ၁၉ ကီလိုဂရမ်အလေးအချိန်ရှိကာ လူတစ်ဦးလိုက်ပါစီးနင်းနိုင်ရန် ပုံစံထုတ်လုပ်ထားပါသည်။
၄ ဒသမ ၃ လက်မ အကျယ်ရှိသော LCD မျက်နှာပြင်တစ်ခုပါဝင်ပြီး ၎င်းမျက်နှာပြင်တွင် နည်းပညာမြင့်အာရုံခံစနစ် ထည့်သွင်းပေးထားပါသည်။
Intel Atom Z8750 ပရိုဆက်ဆာပါဝင်ပြီး Android 5.1 စနစ်ကို အခြေခံကာ လည်ပတ်မှုနှင့် ချိတ်ဆက်အသုံးပြုမှုများအတွက် အထောက်အပံ့ပေးထားကြောင်းသိရပါသည်။
RAM 4GB ထည့်သွင်းပေးထားပြီး သိုလှောင်သိမ်းဆည်းမှုအတွက် 64 GB ပမာဏပါဝင်ပါသည်။
Intel Real ZR300 3D ကင်မရာပါဝင်ပြီး အရည်အသွေးမြင့်မားသော ရုပ်သံဗီဒီယိုများ ရိုက်ကူးနိုင်ရန်နှင့် လှုပ်ရှားမှုများ အာရုံခံနိုင်ရန် ထည့်သွင်းတပ်ဆင်ပေးထားသည်ဟု သိရပါသည်။
၎င်းစက်ရုပ်သည် အသုံးပြုသူအနီးမှ အလိုအလျောက်လိုက်ပါကာ ရုပ်သံဗီဒီယိုများ ရိုက်ကူးမှတ်သားထားနိုင်ပြီး အသုံးပြုသူ၏ စမတ်ဖုန်းနှင့် ချိတ်ဆက်ကာ ထိန်းချုပ်နိုင်ခြင်း၊ စကားပြောခြင်း၊ အပြန်အလှန်စာရိုက် ဆက်သွယ်ချက်များ ပြုလုပ်နိုင်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်စွမ်းရှိကြောင်း သိရပါသည်။
အသုံးပြုသူအနေဖြင့် အဆိုပါစက်ရုပ်ပေါ်တွင် လိုက်ပါစီးနင်းကာ တစ်နာရီလျှင် ၁၁ မိုင်နှုန်းဖြင့် ၂၂ မိုင်အကွာအဝေးအထိ လိုက်ပါစီးနင်းနိုင်ကာ အသံဖြင့် စေခိုင်းမောင်းနှင်နိုင်သည်ဟု သိရပါသည်။
လှုပ်ရှားမှုရုပ်သံဗီဒီယိုများကိုလည်း အရည်အသွေးမြင့်မားပြီး ငြိမ်သက်စွာ ရိုက်ကူးနိုင်ကာ လူတစ်ဦးလိုက်ပါစီးနင်းနိုင်ပြီး အပြန်အလှန်ဆက်သွယ်စကားပြောနိုင်သော အဆိုပါ Loomo စက်ရုပ်ကို စိတ်ဝင်စားသူများစွာရှိနေပြီး ရောင်းချမည့်အချိန်နှင့် ဈေးနှုန်းအသေးစိတ်ကို သိရှိရခြင်းမရှိသေးကြောင်း သိရပါသည်။