ကားအမည်က Lightyear One
ထူးခြားချက်က နေရောင်ခြည် စွမ်းအင် ဆိုလာပါဝါနဲ့ပါ မောင်းတဲ့ကား။
ဆိုလာပါဝါကိုပါ သုံးစွဲပြီး မောင်းနှင်တာဆိုတော့ အားတစ်ခါသွင်းပြီးရင် ခရီးတာ မိုင် ၅၀၀ အထိ မောင်းလို့ရတယ်။ ရန်ကုန်-မန္တလေး မိုင် ၃၉၀ လောက်ပဲ ဝေးတော့ အားတစ်ခါသွင်းပြီးရင် ရန်ကုန်ကနေ မန္တလေးအထိ ရောက်အောင် စိတ်ချလက်ချ မောင်းသွားလို့ရတယ်။ အားကုန်သွားမှာ ပူစရာ မလိုဘူး။
ဘယ်တော့ စထုတ်မှာလဲဆိုတော့ လာမယ့်နှစ် ၂၀၂၁ ခုနှစ်မှာ စတင်ထုတ်လုပ်မယ်။ ကြိုပွိုင့် preorder စတင်လက်ခံနေပြီ။
Lightyear One ဟာ လျှပ်စစ်ကား စစ်စစ် ဖြစ်ပြီး ဇိမ်ခံ အိမ်စီးကား အကောင်းစားအဖြစ် ဒီဇိုင်းထုတ်ထားတယ်။ ခရီးတာ မိုင် ၅၀၀ မောင်းနှင်လို့ရတာဟာ လျှပ်စစ်ကားတွေအဖို့တော့ စံချိန်သစ်ပဲ။ ပျမ်းမျှအားဖြင့် လျှပ်စစ်ကားတွေက အားတစ်ခါ သွင်းပြီးရင် ခရီးတာ ၁၉၀ မိုင် ဝန်းကျင်အထိ မောင်းလို့ ရတယ်။ Tesla ရဲ့ Model S က မိုင် ၃၇၀ အထိ ရလို့ ချီးကျူးကြရတယ်။ Lightyear One က ဘယ်လိုတွေ စီမံထားလို့ မိုင် ၅၀၀ အထိ ခရီးပေါက်နိုင်တာလဲ။
ကားကိုယ်ထည်မှာ အမိုးနဲ့ ရှေ့ဖုံးနောက်ဖုံးတို့ကို ဆိုလာပြားတွေ တပ်ဆင်ပေးထားတာ ဧရိယာ ၅၄ စတုရန်းပေရှိတယ်။ ဆိုလာပြားတွေထံမှ စွမ်းအင်ကို ရယူပြီး ဘက်ထရီနဲ့အတူ တွဲဘက် သုံးစွဲတာမို့ မိုင် ၅၀၀ အထိ ခရီးရောက်တာ ဖြစ်ပါတယ်။
Lightyear One ထုတ်လုပ်တဲ့ ကားကုမ္ပဏီရဲ့ စီအီးအိုက အသက် ၂၉ နှစ် ရှိသူ Lex Hoefsloot က လျှပ်စစ်ကားဈေးကွက်မှာ သူ့ကားက အပြောင်းအလဲတွေ ဖြစ်စေလိမ့်မယ်လို့ ယူဆထားတယ်။
ပလပ်ထိုးပြီး အားသွင်းတဲ့စနစ် ပါရှိပြီး ၃၅၄ မိုင် မောင်းနှင်လို့ ရစေမယ့် စွမ်းအင်ပမာဏကို နာရီဝက်ဖြင့် အားသွင်းပေးတာမို့ အားသွင်းချိန် တိုတောင်းတယ်။ နေစွမ်းအင်က တစ်နာရီကို ၇ မိုင်ခွဲစာ စွမ်းအင်တွေ ဖြည့်ထည့်ပေးနေမယ်။ တကယ်လို့ နေသာနေတာ အကောင်းဆုံး အခြေအနေ ဆိုရင် တစ်နှစ်တာကာလအတွင်းမှာ ၁၂,၀၀၀ မိုင် မောင်းနှင်လို့ရမယ့် စွမ်းအင်ကို ဆိုလာပြားတွေက ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။
Lightyear One ထုတ်လုပ်တဲ့ ကားကုမ္ပဏီဟာ ဒတ်ချ်(နယ်သာလန်) လုပ်ငန်းသစ်တစ်ခု ဖြစ်ပြီဂ ၂၀၁၆ ခုနှစ်မှာ ထူထောင်ခဲ့တယ်။ Bridgestone World Solar Challenge ကားပြိုင်ပွဲတွေမှာ ၂၀၁၃ ၊ ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်တို့မှာ အနိုင်ရခဲ့တဲ့ ဆိုလာပါဝါကားတွေ လုပ်ကိုင်ခဲ့တဲ့ အဖွဲ့ဝင် အင်ဂျင်နီယာကျောင်းသားတွေ ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။
Lex Hoefsloot က “ကျွန်တော်တို့ မောင်းနှင်နိုင်တဲ့ ခရီးတာအတွက် စိတ်ပူစရာ မလိုတဲ့ ကားတစ်စီးကို ဒီဇိုင်းထုတ်ဖို့ လုပ်ကိုင်ခဲ့ကြတယ်။ ကျွန်တော်တို့ သဘောပေါက်ထားတာက ကမ္ဘာမှာ စွမ်းအင်ရင်းမြစ် နှစ်မျိုး ရှိနေတယ်။ နေ ရှိတယ်။ တစ်ချိန်တည်းမှာပဲ သုံးနေကျ ပါဝါပလပ်တွေ ရှိတယ်။ နေစွမ်းအင်ရင်းမြစ်က သန့်ရှင်းသောစွမ်းအင် ဖြစ်ကြောင်း အာမခံနိုင်တယ်။ ပလပ်ထိုးပြီး ရယူတဲ့ လျှပ်စစ်စွမ်းအင်က တကယ့်ကို သန်းရှင်းတဲ့ရင်းမြစ်ထံမှ လာပါတယ်လို့ အာမ မခံနိုင်ဘူး” လို့ Business Insider မီဒီယာကို ပြောပြတယ်။
ကုမ္ပဏီရဲ့ အဆိုအရ Lightyear One ရဲ့ ဘက်ထရီက ခရီးတာ မိုင် ၄၅၀ အထိ မောင်းနှင်ဖို့ စွမ်းအင် သိုမှီးပေးထားနိုင်စွမ်း ရှိတယ်။ နေသာနေတဲ့နေ့ဆိုရင် ဆိုလာပြားတွေကနေ နောက်ထပ် ၃၅ မှ ၄၇ ခရီးမိုင်အတွက် စွမ်းအင် ထပ်ရမယ်။ နေရောင် လုံးဝမရ သုည၊ လေတိုက်ကြမ်း၊ အအေးချိန်က ရေခဲမှတ်အောက်ကို ရောက်နေတယ်ဆိုရင်တောင် Lightyear One က မိုင် ၂၅၀ အထိ မောင်းလို့ရကြောင်း အာမခံချက် ပေးထားတယ်။
Tesla ရဲ့ ထိပ်တန်းမော်ဒယ် လျှပ်စစ်ကား Model S ထက် ခရီးတာ ပိုဝေးဝေးရောက်တာ သေချာပေမဲ့ အရှိန်ဆောင့်တင်တာ မြန်ဆန်မှု၊ အမြန်နှုန်း မြင့်မားမှုတို့ကို ဉီးတည်ချက်ထားပြီး ထုတ်လုပ်ထားခြင်း မရှိလို့ ခပ်မြန်မြန်ရောက်အောင် မောင်းဖို့အတွက် မဟုတ်ဘူး။ ပုံမှန်အားဖြင့်သာ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
လျှပ်စစ်ကားတွေမှာ ကြီးမားတဲ့ ဘက်ထရီ ထည့်ပေးထားကြရပြီး ကားသုံးသူအနေဖြင့် အားသွင်းဖို့ အခြေခံ အဆောက်အအုံ ရရှိဖို့လည်း လိုအပ်နေတာကို ဆိုလာပါဝါကားက လိုအပ်ချက်ကို လျော့ပါးအောင် လုပ်ပေးထားတာ ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေအတွက် ဒုတိယလှိုင်းအနေဖြင့် နေရာဝင်ယူပေးမှာ ဖြစ်ပြီး ကားတွေအားလုံး လျှပ်စစ်ကားတွေချည်း ဖြစ်စေဖို့ကိုလည်း တကယ် အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်လို့ စီအီးအိုက ပြောကြားပါတယ်။
Lightyear One ပထမအသုတ် စီးရေ ၅၀၀ ကြိုပွိုင့်ဈေးက အမေရိကန်ဒေါ်လာ ၁၃၅,၀၀၀ ဖြစ်ပြီး၂၀၂၁ ခုနှစ်ကျရင် နယ်သာလန်မှာ ကားတွေ ထုတ်လုပ်တဲ့အခါ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇၀,၀၀၀ မှ စတင် ဈေးဖွင့်ဖို့ မျှော်လင့်ထားတယ်။
ထုတ်လုပ်မှု ကုန်ကျစရိတ်ကြောင့် ဈေးမြင့်နေရတာ ဖြစ်ပြီး ဆိုလာနည်းပညာအတွက် ဈေးနှုန်းတွေ ကာလကြာတာနဲ့အမျှ ဈေးသက်သာလာမှာ ဖြစ်ပြီး ဈေးသက်သာတဲ့ ကားမော်ဒယ်တွေကို ထုတ်လုပ်နိုင်မှာ ဖြစ်တယ်။
Lex Hoefsloot က “မျက်လှည့်ပြလိုက်သလို သဘောတရားပေါ့၊ ဟုတ်တယ် မဟုတ်လား။ ကားက သူ့ဘာသာသူ အားသွင်းတယ်။ ကားဆီကို ခင်ဗျား ပြန်ရောက်လာတဲ့အခါ ကားက အားသွင်းပြီးသား ဖြစ်နေတယ်။ လူတွေ ကျေနပ်ကြည်နူးသွားတဲ့ ဖြစ်ပေါ်မှုကို တွေ့ရတာ တကယ် စိတ်ချမ်းသာတယ်။ လောင်စာဆီသုံး အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင်နဲ့ လျှပ်စစ်ကားကို ပေါင်းစပ်ပေးလိုက်တာအတွက် အကျိုးထူးပုံကို သူတို့ တကယ်ကြိုက်နှစ်သက်ကြတယ်။ အခု လျှပ်စစ်ကား စစ်စစ်မှာ အလိုလို အားသွင်းပြီးသား ဖြစ်တာကို ပေါင်းစပ်ပေးထားတာ သူတို့အတွက် ပထမဆုံးပဲ။ အဲဒါက ကျွန်တော့အတွက်တော့ အကြီးမားဆုံး ပန်းတိုင်ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။
Source: Business Insider