Li Auto အစီးရေ ၅ သိန်းမြောက်ကား ထုတ်လုပ်


Li Auto အစီးရေ ၅ သိန်းမြောက်ကား ထုတ်လုပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Li Auto သည် အစီးရေ ၅သိန်းမြောက် ကားကို ထုတ်လုပ်ပြီး  ကုမ္ပဏီသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူလိုက်ပါတယ်။

Li Auto ရဲ့ အစီးရေ ၅သိန်းမြောက် ကားက Li L7 မော်ဒယ်ဖြစ်ပြီး ကျန်းစုပြည်နယ် ချန်ကျိုမှာ တည်ရှိတဲ့ Li Auto ရဲ့ ကားစက်ရုံ တပ်ဆင်ထုတ်လုပ်ရေးလိုင်းမှ စက်တင်ဘာလ ၂၅ ရက်မှာ ထုတ်လုပ်မှုပြီးစီးခဲ့တယ်လို့  Li Auto ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပထမဆုံးကား Li One မော်ဒယ်ကုိ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် တပ်ဆင်ရေးလိုင်းမှ ထုတ်လုပ်ပြီးစီးခဲ့ပြီး ၄၇ လအကြာတွင် ကားအစီးရေ ၅ သိန်းမြောက်ကို ထုတ်လုပ်ခဲ့ပါတယ်။
အစီးရေ ၄ သိန်းမြောက်မှ ၅ သိန်းမြောက်ကို ရောက်ဖို့ အစီးရေ ၁ သိန်းကို ထုတ်လုပ်တာ ရက်ပေါင်း ၁၀၀ ကြာခဲ့တယ်လို့ Li Auto က ပြောကြားပါတယ်။ 
 
Li Auto လက်ရှိရောင်းချနေတဲ့ မော်ဒယ်များမှာ ၅ ယောက်စီး Li L7၊ ၆ ယောက်စီး Li L8 နှင့် Li L9 တို့ ပါဝင်ပါတယ်။ 
ပလပ်ထိုး အားသွင်း ဟိုက်ဘရစ်မော်ဒယ်များ ဖြစ်ပြီး ခရီးတာ တိုးမြှင့် အီးဗီ extended-range electric vehicle(EREV) အမျိုးအစား ဖြစ်ပါတယ်။
ကားမှာပါတဲ့ အင်ဂျင်က ဘီးတွေနဲ့ အချိတ်အဆက်မရှိပဲ ဘက်ထရီအားသွင်းဖို့ ဂျင်နရေတာအတွက်သာ အသုံးပြုပါတယ်။ ယခုလို အားသွင်းပေးခြင်းဖြင့် သွားနိုင်တဲ့ ခရီးတာကို တိုးမြှင့်ပေးပါတယ်။

Li Auto အဦးဆုံး ထုတ်လုပ်ခဲ့တဲ့ Li One မော်ဒယ်ကလည်း EREV ဖြစ်ပြီး ယမန်နှစ်ကစလို့ ထုတ်လုပ်မှု နိဂုံးချုပ်ခဲ့ပါတယ်။

Li Auto က သြဂုတ်လမှာ ကားအစီးရေ ၃၄,၉၁၄ စီး စံချိန်တင် ရောင်းချနိုင်ခဲ့ပါတယ်။ ဩဂုတ်လကုန်အထိ ကားအစီးရေ စုစုပေါင်း ကား ၄၆၅,၄၉၉ စီး ရောင်းချခဲ့ပြီးပြီလို့ CnEVPost မီဒီယာက အချက်အလက် ဖော်ပြပါတယ်။ 
အဲဒီကားတွေထဲမှာ Li One မော်ဒယ် အစီးရေ  ၂၁၀,၀၀၀ ကျော်နှင့် Li L9 မော်ဒယ် အစီးရေ ၁ သိန်းကျော်တို့ ပါဝင်ပါတယ်။ 

Li L9 မော်ဒယ်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့  L စီးရီးမှာ ပထမဆုံး မော်ဒယ် ဖြစ်ပါတယ်။ Li L8 ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ စတင်ထုတ်လုပ်ခဲ့ပြီး Li L7 ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။
Li Auto က L-series မော်ဒယ်တွေကို တလလျှင် အစီးရေ ၄ သောင်းရောင်းချဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။ 

Li Auto ရဲ့ ပထမဆုံး ဘက်ထရီသုံး မော်တော်ယာဉ် electric vehicle (BEV)  က Li Mega မော်ဒယ်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ စတင်ထုတ်လုပ်မယ်လို့ ကြေညာထားပါတယ်။  ဈေးနှုန်းက ယွမ် ၅ သိန်း ($68,400)အထက်မှာ ဖြစ်မယ်လို့ ဆိုပါတယ်။  ဇန်နဝါရီလမှာ ကားတွေ ရောင်းချဖို့ စီးရေ အလုံအလောက် ရရှိမှာ ဖြစ်ပြီး ဖေဖော်ဝါရီလမှာ ဝယ်ယူသူတွေထံ စတင်ပေးပို့မှာ ဖြစ်ပါတယ်။

ယခုအခါ Li Auto  ရဲ့ ကားတွေ အဝယ်လိုက်နေပါတယ်။ တပတ်ကို အစီးရေ ၈,၀၀၀ ဝန်းကျင် ရောင်းချရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်မှ ၁၇ ရက် တပတ်တာမှာ အစီးရေ ၉,၁၀၀ စံချိန်တင် ရောင်းချခဲ့ရပါတယ်။ 

လာမယ့် အမျိုးသားနေ့ ရက်ရှည် အလုပ်ပိတ်ရက်မှာ ထုတ်လုပ်မှု ရပ်နားပြီး စက်ရုံကို တရက် နှစ်ဆိုင်း အလုပ်ဆင်းနိုင်အောင် အဆင့်မြှင့်တင် ပြင်ဆင်မယ်လို့ ကြေညာထားပါတယ်။ 
Source cnevpost

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 562 times