Lexus က ထိုင်းအတွက် လျှပ်စစ်ဓာတ်ဆီ ၂မျိုးသုံးကားကို ရွေးချယ်


ထိုင်းပြည်တွင်းဈေးကွက်သည် လျှပ်စစ်ဓာတ်ဆီ ၂မျိုးသုံးကား အမျိုးအစားဖြစ်သည့် plug-in hybrid electric vehicle (PHEV) ကားများအတွက် သင့်လျော်ပြီး အပြည့်အဝ လျှပ်စစ်ကားဖြစ်သည့် battery-powered electric vehicles (BEVs) ကားများ ထုတ်လုပ်ဖို့ စောနေသေးသည်ဟု Toyota ၏ အထက်တန်းစားကားလုပ်ငန်း Lexus က ပြောကြားသည်။ အပြည့်အဝ လျှပ်စစ်ကား BEV အမျိုးအစားအတွက် အားသွင်းရန် အခြေခံအဆောက်အအုံသည် မြို့ကြီးများတွင်သာ ရနိုင်သဖြင့် မြို့ပြင်ခရီးထွက်ဖို့ အဆင်ပြေမည် မဟုတ်ဟု သုံးသပ်သည်။

PHEV အမျိုးအစား ကားများသည် ဘက်ထရီများ အပြင် အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် internal combustion engine (ICE) ဖြင့်လည်း မောင်းနှင်နိုင်သဖြင့် မြို့ပြင် ခရီးဝေး သွားလာနိုင်စေသည်။ အားသွင်းသည့်နေရာ မရောက်မချင်း ဓာတ်ဆီဖြင့် ခရီးဆက်နိုင်မည် ဖြစ်သည်ဟု Toyota Motor Thailand Co လက်အောက်ရှိ Lexus Group မှ ဒုဉက္ကဋ္ဌ Surasak Suthongwan က ရှင်းပြသည်ယ

အီးဗီ အားသွင်းစတေရှင်များ အလုံအလောက် မရှိသဖြင့် ထိုင်းမှ ကားဝယ်သူတို့သည် ဘက်ထရီကိုသာ အားကိုးသည့် BEV ကို ဝယ်ဖို့ နောက်တွန့်ကြသည်။

တိုင်းပြည်တစ်လွှား အားသွင်းရန် အခြေခံအဆောက်အအုံကို တိုးတက်ကောင်းမွန်အောင် အရင်လုပ်ဖို့ လိုအပ်ကြောင်း Mr Surasak က ပြောကြားသည်။ အားသွင်းစတေရှင်များ နေရာ အများအပြား ရှိနေဖို့ အထူးတလည် လိုအပ်သည်ဟု သူက ပြောကြားသည်။

ဘန်ကောက်မြို့တွင်းမှာသာ မောင်းနှင်မည်ဆိုလျှင် BEV က ပိုကောင်းသည်။ သို့သော် မြို့ပြငမ ခရီးဝေး မသွားနိုင်သည့် အကန့်အသတ် ရှိနေလိမ့်မည်ဟု သူက ပြောသည်ယ

Toyota သည် ထိုင်းပြည်တွင်းမှာ အီးဗီကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး မြှင့်တင်မည့် ထိုင်းအစိုးရ၏ အစီအစဉ်ကို သဘောတူကြောင်းလည်း သူက ပြောကြားသည်။
ထိုင်းအာဏာပိုင်တို့က ၂၀၃၀ တွင် ထိုင်းပြည်တွင်းမော်တော်ယာဉ် ထုတ်လုပ်သည့် စီးရေ စုစုပေါင်း၏ ၃၀% သည် အီးဗီဖြစ်ရမည်ဟု ရည်မှန်းချက် ချမှတ်ထားသည်။ ၂၀၃၀ တွင် ကားစီးရေ ၂.၅ သန်း ထုတ်လုပ်မည်ဟု လျာထားသဖြင့် ၇၅၀,၀၀၀ စီးသည် အပြည့်အဝ လျှပ်စစ်ကားများ ဖြစ်ရမည် ဖြစ်သည်။
မတ်လ ၂၄ ရက်တွင် အာဏာပိုင်တို့က ၃၀% အစား ၅၀% ဟု တိုးမြှင့်သတ်မှတ်လိုက်သည်။ 

Lexus သည် ၂၀၂၁ တွင် ကားစီးရေ ၆၀၀ ရောင်းချရန် မျှော်မှန်းထားသည်။

Read 4867 times