ဂျပန်နိုင်ငံတွင် Nissan Leaf အစီးရေ တစ်သိန်းရောင်းချရသည့် အထိမ်းအမှတ်အဖြစ် အမိုးဖွင့် Leaf


Nissan သည် ဂျပန်ပြည်တွင်း၌ လျှပ်စစ်ကား အမျိုးအစားဖြစ်သည့် Nissan Leaf အစီးရေ တစ်သိန်းပြည့်အောင် ရောင်းချရသည့် အထိမ်းအမှတ်အဖြစ် အမိုးဖွင့်ကား Leaf Convertible ကိုထုတ်လုပ်ပြသခဲ့ကြောင်း မေ ၂၇ ရက်တွင် aut.ndtv သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါသည်။

၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် Nissan Leaf ကို စတင်မိတ်ဆက်စဉ်က 24kWh လျှပ်စစ်မိုတာနှင့် ကီလိုမီတာ နှစ်ရာ အကွာအဝေးကိုသာ မောင်းနိုင်သော်လည်း ၂၀၁၅ ခုနှစ်၌ 30 kWh လျှပ်စစ်မိုတာပြောင်းလဲခဲ့မှုနှင့်အတူ ကီလိုမီတာ ၂၈၀ မောင်းနိုင်သည်အထိ တိုးတက်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်က Nissan Leaf ဒုတိယမျိုးဆက်ကို ထုတ်လုပ်ရာတွင် ဒီဇိုင်းပုံစံ ပိုကောင်းလာသလို 40 kWh လျှပ်စစ်မိုတာကြောင့် တစ်ကြိမ်အားအပြည့်သွင်းပြီးပါက ၃၇၈ ကီလိုမီတာ ခရီးဆက်တိုက် မောင်းနိုင်ကာဘက်ထရီ ၈၀ ရာခိုင်နှုန်းပြည့်ရန် အားသွင်းချိန်မှာလည်း နာရီဝက်သာ ကြာမြင့်တော့သည်။

အသုံးပြုရလွယ်ကူသလို ခရီးဝေးမောင်းနိုင်စွမ်းလည်း ရှိလာမှုကြောင့် Nissan Leaf မှာ ကမ္ဘာတစ်ဝန်း အစီးရေ ၃၂၀၀၀၀ ကျော် ရောင်းချခဲ့ရပြီး ဂျပန်ပြည်တွင်းတစ်ခုတည်း၌ပင် အစီးရေ တစ်သိန်းရောင်းချမှုပြည့်မီသွားခဲ့သည်။

Nissan Leaf ကားအစီးရေ တစ်သိန်းရောင်းချရမှု အထိမ်းအမှတ်အဖြစ် အမိုးဖွင့်ကား Leaf Convertible ကို Nissan က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

Leaf Convertible ကို လက်ရှိအချိန်တွင် တစ်စီးသာထုတ်လုပ်ထားပြီး ကားပြပွဲနှင့် အခမ်းအနားများတွင် လှည့်လည်ပြသသွားကာ နောက်ပိုင်းမှ အများအပြားထုတ်လုပ်ရန် အစီအစဉ်ရှိကြောင်း သိရပါသည်။

ဂျပန်နိုင်ငံကို ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိသည့် လူ့အဖွဲ့အစည်းဖြစ်ရန် အာရုံစိုက်ထားသော Nissan သည် လျှပ်စစ်ကားသစ် ရှစ်မျိုးကို ၂၀၂၂ ခုနှစ်မတိုင်မီ ထုတ်လုပ်ကာ ကမ္ဘာတစ်ဝန်း အစီးရေ တစ်သန်းပြည့်အောင် ရောင်းချနိုင်ရန် ပစ်မှတ်ထားလျက်ရှိသည်။

ထို့ပြင် Nissan Leaf ကို လက်ရှိထက် စွမ်းဆောင်ရည် ပိုကောင်းရန် 60 kWh လျှပ်စစ်မိုတာနှင့် Liquid-cooled ဘက်ထရီများ ပြောင်းလဲအသုံးပြုရန်လည်း ကြိုးပမ်းနေကြောင်း သိရပါသည်။

Read 768 times