Lamborghini ဘယ်လိုဖြစ်တည်လာသလဲ


ကားခပ်လန်းလန်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ ကမ္ဘာမှာတော်တော်များများရှိပါတယ်။ အဲဒီအထဲကမှ Limited Edition တွေနဲ့ ထုတ်လုပ်ပြီး အလန်းစားကားတွေကို ထုတ်လုပ်တဲ့ Brand ကိုပြပါဆိုရင် Lamborghini က မပါမဖြစ် ထိပ်ဆုံးစာရင်းက ပါလာမှာ သေချာပါတယ်။

Lamborghini တွေရဲ့ အကျော်ကြားဆုံးလို့ ဆိုရမှာက ဒီဇိုင်းပိုင်းပါပဲ။ ပြိုင်ကားအမျိုးအစားတွေ ကမ္ဘာ့ Car Maker တွေက အမျိုးမျိုးထုတ်လုပ်ကြပေမယ့် အောင်မြင်မှုတော့ မော်ဒယ်လ်တိုင်းရလေ့မရှိပါဘူး။ ဒါပေမဲ့ Lamborghini ကတော့ တစ်စီးထွက်လိုက်တိုင်း အောင်မြင်မှုရလေ့ ရှိပါတယ်။ ဒီလိုအောင်မြင်ကျော်ကြားပြီး အမိုက်စား Lamborghini ကားတွေရဲ့ နောက်ကွယ်မှာ ထူးခြားဆန်းပြားတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ Motoring ကဏ္ဍအတွက် ကျွန်တော်တို့ရဲ့ စာဖတ်ပရိသတ်ကြီးကို စိတ်ဝင်စားဖွယ် Lamborghini ဘယ်လိုဖြစ်တည်လာသလဲဆိုတဲ့ အကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

Lamborghini ကို ဘယ်သူစသလဲ

ကမ္ဘာမှာကျော်ကြားတဲ့ ကားအမှတ်တံဆိပ်တွေ တော်တော်များများရဲ့ Brand Name တွေက ကနဦး စတင်တည်ထောင်သူတွေရဲ့ အမည်နာမတွေကိုပဲ ပေးထားတာဖြစ်သလို Lamborghini အမှတ် တံဆိပ်နာမည်ကိုလည်း သူ့ကိုစတင်တည်ထောင်ခဲ့တဲ့ Ferrucio Lamborghini ဆိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ နာမည်ကိုပဲ ပေးထားခဲ့တာဖြစ်ပါတယ်။ အီတာလျံကုမ္ပဏီကြီးဖြစ်တဲ့ Lamborghini ကို ၁၉၆၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

တည်ထောင်သူ Ferrucio ဟာ စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပြီး ဘယ်အရာကိုမဆို လိုအပ်တဲ့ ကိရိယာတွေ၊ အပိုပစ္စည်းတွေ မရှိဘဲနဲ့ ပြင်ဆင်နိုင်စွမ်းရှိတဲ့ ပါရမီရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမက္ကင်းနစ်ဖြစ်လာပုံက ဆန်းပါတယ်။ သူက ချွန်ပြီး ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ သူနေထိုင်တဲ့ဒေသက စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းကိုတော့ လယ်သမားထက် ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ မော်တော်ကားနဲ့ ဆိုင်ကယ်တွေ ပြုပြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၅၀ ခုနှစ်တွေရဲ့ အလယ်ပိုင်းလောက်မှာ “Lamborghini Trattori S.P.A” ဆိုတဲ့ ထရက်တာ (လယ်ထွန်စက်) ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်ပါတယ်။ မကြာခင်မှာပဲ သူ့ရဲ့ ထရက်တာကုမ္ပဏီက ကျော်ကြားလာခဲ့ပြီး ၁၉၆၀ ခုနှစ် ပြည့်နှစ်နဲ့ နောက်ပိုင်းမှာ တစ်လကို ထရက်တာ အစီးရေ ၄၀၀ ကျော် ထုတ်လုပ်ရောင်းချနိုင်တဲ့ အဆင့်အထိ ဖြစ်လာခဲ့ပါတယ်။

အဲဒီလိုနဲ့ Ferrucio ရဲ့ ကြွယ်ဝမှုက တစ်စတစ်စ တိုးပွားလာပြီး ဈေးကြီးတဲ့ကားတွေကို ဝယ်ယူစုဆောင်းလာနိုင်ခဲ့ပါတယ်။ တကယ်တမ်းပြောရရင် ၁၉၅၀ ခုနှစ်တွေတုန်းကတည်းက အဲဒီခေတ်အချိန်အခါမှာ နာမည်ကျော်ကားတွေဖြစ်တဲ့ Lancia၊ Alfa Romeo စတာတွေအပြင် Maserati 3500 GT နှစ်စီး၊ Mercedes-Benz 200SL၊ Jaguar E-Type Coupe စတဲ့ကားတွေကို ပိုင်ဆိုင်ခဲ့ပြီး ရက်သတ္တပတ်တစ်ခုလုံး ကားမထပ်အောင် စီးနိုင်တဲ့သူလည်းဖြစ်ခဲ့တယ်။

Lamborghini စတင်ခြင်း

၁၉၅၈ ခုနှစ်မှာ Ferrari 250 GT ကို ဝယ်ယူဖို့ Enzo Ferrari (Ferrari ကုမ္ပဏီကို တည်ထောင်ခဲ့သူ) နဲ့ တွေ့ဆုံခဲ့ပြီး ဒီနေ့ခေတ်မှာ နာမည်ကျော်နေတဲ့ Lamborghini ကားတွေဖြစ်လာမယ့် အကြံဉာဏ်တွေအတွက် လမ်းစရခဲ့ပါတယ်။ အဲဒီအချိန်က Ferrari ကားတွေမှာ အတွင်းခန်းညံ့တာကို Ferrucio Lamborghini က သတိပြုမိခဲ့ပြီး ဒီထက်သာတဲ့ ဇိမ်ခံကားကောင်းတွေ ထုတ်ဖို့ အတွေးပေါက်ခဲ့ပါတယ်။ ဒီအတွေးက မကြာခင်မှာ အကောင်အထည်ပေါ်လာပြီး Automobili Lamborghini S.P.A ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်လို့ အကောင်းဆုံးဆိုတဲ့ Grand Tourer ကားတွေကို စတင်ဖန်တီးပါတော့တယ်။

Lamborghini ပထမဆုံးကား

ကုမ္ပဏီတည်ထောင်ပြီး လေးလအကြာမှာတော့ ပရော်ဖက်ရှင်နယ်ဒီဇိုင်နာတွေ၊ Ferrari က အင်ဂျင်နီယာတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ Lamborghini ရဲ့ ပထမဆုံး ကားမော်ဒယ်လ်ဖြစ်တဲ့ Lamborghini 350GTV ကို မိတ်ဆက်နိုင်ခဲ့ပါတယ်။ Lamborghini 350GTV က လူတွေရဲ့ စိတ်ဝင်စားမှုကို ရခဲ့တာတောင် Ferruccio Lamborghini က ထုတ်လုပ်မှုအတွက် ဒီကားကို မွမ်းမံမှုတွေ ထပ်လုပ်ခဲ့ပါတယ်။ အသွင်သစ်နဲ့ ဖန်တီးထားတဲ့ 350 GTV ကို ၁၉၆၄ ခုနှစ် ဂျီနီဗာမော်တာရှိုးမှာ ဖော်ထုတ်ပြသခဲ့ပြီး ကားဝါသနာရှင်တွေနဲ့ မီဒီယာတွေရဲ့ အပြုသဘောဆောင် အကောင်းမြင်တဲ့ ဝေဖန်မှုတွေ၊ သုံးသပ်ချက်တွေ ရခဲ့တယ်။

တစ်နှစ်ကျော်ကြာတဲ့အချိန်မှာ 350GT ကို အခြေခံတည်ဆောက်ထားပြီး ကိုယ်ထည်ပိုကြီးသလို အင်ဂျင်ပါဝါလည်းပိုကောင်းတဲ့ 400 GT ကို မိတ်ဆက်ခဲ့ပါတယ်။ ၁၉၆၆ မှာတော့ လူလေးယောက်အထိ စီးနိုင်ပြီး မိသားစုသုံးကားအဖြစ်လည်း အသုံးပြုနိုင်တဲ့ 400 GT မော်ဒယ်လ်ကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ ဒီကားက ရောင်းအားကောင်းလှတာကြောင့် ကုမ္ပဏီရဲ့ဝန်ထမ်းဦးရေက ၁၇၀ အထိတိုးလာခဲ့ပါတယ်။

Lamborghini ရဲ့ ပထမဆုံးမော်ဒယ်လ် Lamborghini 350GTV ကား

အဲဒီနောက် ၁၉၆၇ ခုနှစ်မှာ Ferruccio က 400 နဲ့ 350 GT မော်ဒယ်လ်တွေရဲ့ နောက်ထပ်မူကွဲကို မိတ်ဆက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီး ဘဝင်မကျလို့ ဒီကိစ္စကို မလုပ်ခဲ့ပါဘူး။ အဲဒီအစား ကမ္ဘာကျော်ကား မော်ဒယ်လ်တစ်ခုဖြစ်တဲ့ Miura ကို ဖန်တီးခဲ့ပြီး ဒီကားက Lamborghini ရဲ့ ရောင်းအားအကောင်းဆုံး ကားတွေထဲမှာ တစ်စီးအပါအဝင်ဖြစ်ခဲ့တယ်။ ၁၉၇၃ ခုနှစ်အထိ ထုတ်လုပ်ရောင်းချခဲ့ရပါတယ်။

ရောင်းအားအကောင်းဆုံး ၁၉၆၇ ခုနှစ်ထုတ် Miura ကား

၁၉၆၉ ခုနှစ်မှာ Lamborghini က နာမည်ကျော် Espada မော်ဒယ်လ်ကို ထုတ်လုပ်ခဲ့ပြီး ကုမ္ပဏီမှာ ပထမဆုံးသော အစီးရေ ၁၂၀၀ ကျော်အထိ ထုတ်လုပ်ခဲ့ရတဲ့ မော်ဒယ်လ်ဖြစ်ခဲ့တယ်။ နှစ်အနည်းငယ်အကြာမှာ ကိုယ်ထည်တိုပြီး Sport ဆန်တဲ့ Jarama ကို ထုတ်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်မှာတော့ Countach အမည်ရ ကားမော်ဒယ်လ်သစ်ကို မိတ်ဆက်ခဲ့ပြီး ဒီကားကလည်း ရောင်းရအကောင်းဆုံးစာရင်းဝင်ခဲ့ပါတယ်။

ဒေဝါလီခံ Lamborghini

၁၉၇၀ ခုနှစ်နှောင်ပိုင်းတွေမှာတော့ Lamborghini က ထုတ်သမျှကားတွေဟာ နာမည်ကျော်ပြီး ရောင်းကောင်းခဲ့ပေမယ့် ရောင်းရတဲ့အရေအတွက်က သိသာထင်ရှားတဲ့ ပမာဏမျိုးအထိတော့ မရောက်ခဲ့ပါဘူး။ ဒီနေ့ခေတ် နာမည်ကျော်ကားတွေလို အစီးရေ သန်းချီရောင်းရတာမျိုးမဟုတ်ဘဲ အများဆုံးထောင်ဂဏန်းလောက်ပဲ ရောင်းခဲ့ရပါတယ်။ ဒါကြောင့် ၇၀ ခုနှစ် အဆုံးပိုင်းကို ရောက်လာတဲ့အခါ Lamborghini အနေနဲ့ အရှုံးတွေကို ရင်ဆိုင်ခဲ့ရပြီး ကုမ္ပဏီက ဒေဝါလီခံခဲ့ရတယ်။ နောက်ပိုင်းမှာတော့ ကုမ္ပဏီကို အစားအသောက်နဲ့ပတ်သက်လို့ နာမည်ကျော် စွန့်ဦးတီထွင်သူတွေဖြစ်တဲ့ Patrick Mimran နဲ့ 0Jean-Claude တို့ကို လွှဲပေးခဲ့ရပါတယ်။

ပိုင်ရှင်သစ်တွေနဲ့ Lamborghini

အဲဒီလိုနဲ့ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှာ ပိုင်ရှင်သစ်၊ ဦးဆောင်မှုသစ်ရဲ့ အောက်မှာတော့ ဒီကုမ္ပဏီက Silhouette မော်ဒယ်လ်ကို ဒီဇိုင်းပြန်လည်ပြင်ဆင်ထားတဲ့ Jalpa မော်ဒယ်လ်ကို ပထမဆုံးမိတ်ဆက်ခဲ့တယ်။ ၁၉၈၄ ခုနှစ်အရောက်မှာတော့ SUV(Sport Utility Vehicle) အမျိုးအစားဖြစ်တဲ့ LM002 ကို ထုတ်လုပ်ခဲ့ပါတယ်။ ဦးဆောင်သူအသစ်တွေရဲ့ ကြိုးစားအားထုတ်မှုနောက်မှာတော့ ကုမ္ပဏီက သူ့ခြေထောက်ပေါ်သူ ပြန်လည်ရပ်တည်လာနိုင်ခဲ့တယ်။

Lamborghini ကို အသက်ဆက်ရှင်သန်နိုင်စေဖို့ Mimran ညီအစ်ကိုတွေက ပမာဏများများ၊ တည်တည်ငြိမ်ငြိမ်ထောက်ပံ့မှုတွေလုပ်နိုင်တဲ့ ပါတနာတွေကို ရှာဖွေခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် ရောက်တဲ့အခါ Chrysler Corporation က ကန်ဒေါ်လာ ၂၅ ဒသမ ၂ သန်းနဲ့ Lamborghini ကို ရယူခဲ့တယ်။ ကုမ္ပဏီဆက်လက် ရပ်တည်နိုင်စေဖို့ ပိုင်ရှင်ဟောင်းတွေက Chrysler ကို ကန်ဒေါ်လာ သန်း ၅၀ ချေးငွေ ထုတ်ပေးခဲ့ရပါတယ်။ ၁၉၉၀ ခုနှစ်တွေဆီ ရောက်တဲ့အခါ Lamborghini Diablo ကို ထုတ်လုပ်နိုင်ခဲ့ပြီး ဈေးကွက်ထဲမှာ အမြန်ဆုံးကားအဖြစ် နာမည်ကျော်ခဲ့တယ်။

အမြန်ဆုံးကား Lamborghini Diablo

၁၉၉၁ ခုနှစ်အထိ Diablo မော်ဒယ်လ်က အောင်မြင်မှုတွေရခဲ့ပေမယ့် တစ်နှစ်လောက်ကြာတဲ့အခါ ရောင်းအားကျလာပြီး Chrysler ကလည်း Lamborghini ကို လက်လွှဲပေးဖို့ ပိုင်ရှင်သစ်ထပ် ရှာရပြန်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ Lamborghini ကို MegaTech ကုမ္ပဏီဆီ ကန်ဒေါ်လာသန်း ၄၀ နဲ့ ရောင်းချခဲ့ရပြန်ပါတယ်။ MegaTech ကလည်း Lamborghini ရဲ့ ဘဏ္ဍာရေးအခြေအနေကို ထိန်းမထားနိုင်တာကြောင့် Fiar S.P.A ရဲ့ အမှုဆောင်အရာရှိကို ငှားခဲ့ပါတယ်။ မကြာခင်မှာ ကုမ္ပဏီက နာလန်ပြန်ထူလာပြီး ၁၉၉၈ ခုနှစ် ရောက်တဲ့အချိန်မှာ Audi AG က Lamborghini ကို ကန်ဒေါ်လာ သန်းပေါင်း ၁၁၀ နဲ့ ဝယ်ယူခဲ့ပြန်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ Lamborghini Murcielago ကို မိတ်ဆက်ခဲ့ပြီး ဒီမော်ဒယ်လ်ကတော့ မြောက်အမေရိကတစ်လွှားမှာ နာမည်ကောင်းရခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ Lamborghini Gallardo ကို ထုတ်လုပ်ခဲ့ပြီး အစီးရေ ၁၄,၀၀၀ ကျော် ထုတ်ခဲ့ရတဲ့အထိ ရောင်းအားကောင်းခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ရောက်တဲ့အခါ Muercielago ရဲ့ ဆက်ခံသူဖြစ်တဲ့ Aventador မော်ဒယ်လ်ကို မိတ်ဆက်ခဲ့တယ်။

ယနေ့ခေတ် Lamborghini

ဒီနေ့ခေတ် အချိန်အခါမှာတော့ Lamborghini က Audi AG ရဲ့ ပိုင်ဆိုင်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး Luxury Sport Type ကားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ Lamborghini ရဲ့ ပြိုင်ဘက်တွေက Ferrari၊ Porsche နဲ့ Mercedes တို့ဖြစ်ပြီး ၂၀၁၂ ခုနှစ် စစ်တမ်းတွေအရ ဒီကုမ္ပဏီအနေနဲ့ တစ်နှစ်ကို မော်တော်ယာဉ် အစီးရေ ၂,၁၉၇ စီးထိ ထုတ်လုပ်နိုင်ပြီး ဝန်ထမ်းပေါင်းရှစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။

Lamborghini နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေက Murcielago R-GT ဟာ ကမ္ဘာ့အမြန်ဆုံး Lamborghini ဖြစ်ပြီး အမြန်နှုန်းအမြင့်ဆုံး 370 Km/h နဲ့ မောင်းနှင်နိုင်တယ်။ ဈေးအကြီးဆုံး Lamborghini မော်ဒယ်လ်က Reventon ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁,၆၀၀,၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ ကုမ္ပဏီက ထုတ်ခဲ့တဲ့ကား မော်ဒယ်လ်တွေရဲ့အမည်ကို ထင်ရှားကျော်ကြားတဲ့ စပိန်သမိုင်းဝင်ဖြစ်ရပ်တွေပေါ် အခြေခံထားတယ်။ Aventador ရဲ့ ဒီဇိုင်းအတွက် အင်းဆက်တစ်ကောင်ကို တုပဖန်တီးထားတယ်လို့လည်း သိရပါတယ်။

Read 901 times