တာယာအဟောင်း ၄၂ သန်းကျော် ကူဝိတ်မှာ ရှင်းလင်း


မော်တော်ယာဉ် တာယာအဟောင်း ခုရေ ၄၂ သန်းကျော်ကို ကူဝိတ်နိုင်ငံ သဲကန္တရထဲမှာ တည်ရှိတဲ့ တာယာသင်္ချိုင်းတစ်ခုမှာ စွန့်ပစ်ထားကြတယ်။ ကမ္ဘာ့အကြီးမားဆုံး တာယာသင်္ချိုင်းတစ်ခု ဖြစ်ပါတယ်။

တာယာသင်္ချိုင်းက လူနေအိမ်ခြေမှ ၄ မိုင်အကွာမှာ တည်ရှိပါတယ်။ ယခုအခါ တာယာသင်္ချိုင်းမြေနေရာကို အိမ်ရာ ဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်တော့မှာမို့ တာယာသင်္ချိုင်းကို ဆော်ဒီအာရေဗျ နယ်စပ်နားမှာ တည်ရှိတဲ့ သင်္ချိုင်း နေရာသစ်ဆီ ပြောင်းရွှေ့ပါတယ်။ 
တာယာသင်္ချိုင်းနေရာမှာ အိမ်အသစ် ၂၅,၀၀၀ တည်ဆောက်မှာ ဖြစ်ပါတယ်။ 

တာယာသင်္ချိုင်းနေရာသစ် တည်ရှိရာ  al-Salmi မှာ တာယာအဟောင်းတွေကို ကြမ်းခင်းပြားအဖြစ် ပြန်လည် ထုတ်လုပ်မယ့် စက်ရုံတည်ဆောက်ပြီး တာယာအဟောင်းတွေကို တစ်ဖန်ပြန်လည်သုံးစွဲသွားမှာ ဖြစ်ပါတယ်။ 
ရောင်စုံအလှ ကြမ်းခင်းရာဘာပြားတွေကို EPSCO Global General Trading ရဲ့ စက်ရုံမှ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ စက်ရုံကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ စတင်လည်ပတ်ခဲ့ပါတယ်။ တစ်နှစ်ကို တာယာလုံးရေ သုံးသန်း အထိ ကြမ်းခင်းပြားအဖြစ်သို့ ပြောင်းလဲပေးနိုင်တဲ့ စက်ရုံ ဖြစ်ပါတယ်။ 
အစိုးရအနေဖြင့် al-Salmi ကို တာယာအဟောင်း တစ်ဖန်ပြန်လည်သုံးစွဲရာ အချက်အချာနေရာအဖြစ် ထူထောင်ရန် အစီအစဉ်ရှိပြီး နောက်ထပ် စက်ရုံတွေ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ကြမ်းခင်း ရာဘာပြားအပြင် အခြားထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်မယ့် စက်ရုံတွေ ဖြစ်ပါတယ်။ 

တာယာတွေ နေရာရွှေ့ပြောင်းတာကို  Al Khair Group ပို့ဆောင်ရေးလုပ်ငန်းမှ ထရပ်ကား အစီး ၅၀၀ ဖြင့် ပို့ဆောင်ပေးလျက် ရှိပါတယ်။ 

နောက်ထပ် တစ်ဖန်ပြန်လည်သုံးစွဲမယ့် နည်းလမ်းတစ်ခုကတော့ လောင်စာဆီ ထုတ်ယူတာ ဖြစ်ပါတယ်။ pyrolysis လို့ ခေါ်ဝေါ်တဲ့ လုပ်ငန်းစဉ်ဖြင့် တာယာများကို အပူပေးမီးရှို့ကာ မီးထိုးဆီအဖြစ် အသုံးပြုလို့ ရမယ့် လောင်စာဆီကို ထုတ်ယူတာ ဖြစ်ပါတယ်။ ဘိလပ်မြေစက်ရုံတွေမှာ သုံးစွဲတဲ့ စက်မှုမီးဖိုမျိုးတွေမှာ သုံးစွဲလို့ ရတဲ့ မီးထိုးဆီတစ်မျိုး ဖြစ်ပါတယ်။ မီးရှို့လို့ ရလာတဲ့ ကာဘွန်မီးသွေးခဲတွေကို တော့ စက်မှုကုန်ကြမ်းတစ်မျိုးအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။ 

news.yahoo.com
 

Read 2135 times