ကုမ္ပဏီ (၄)ခုဖြင့် အစပြုခဲ့တဲ့ ကိုရီးယားကားသမိုင်း


Hyundai ကအသေးစား အလုပ်ရုံတစ်ခုမှ ကမ္ဘာ့အဆင့် ကားထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခု အဖြစ်သို့ ရောက်ရှိခဲ့တဲ့ ကာလတစ်လျှောက် တောင်ကိုရီးယား မော်တော်ယာဉ်လုပ်ငန်း တိုးတက်ဖြစ်ပေါ်မှု နောက်ကွယ်မှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ 
တစ်ချိန်တုန်းက တောင်ကိုရီးယားဟာ ချုံးချုံးကျနေတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့တယ်။ ဘတ်ဂျက် ၇၀% အတွက် အမေရိကန်ပေးကမ်းလှူဒါန်းတဲ့အပေါ် အားကိုးနေခဲ့ရတယ်။ ပြည်ပတင်ပို့စရာ  ထိုက်ထိုက်တန်တန် ဘာမှ ဟုတ်တိပတ်တိ မရှိခဲ့ဘူး။ 
၁၉၆၀ ခုနှစ်မှာ တစ်ဉီးချင်းအရ ဂျီဒီပီတွေကို ကြည့်လိုက်ရင် မလေးရှားက ကန်ဒေါ်လာ ၂၃၄ ရှိတယ်။ မြန်မာက ကန်ဒေါ်လာ ၁၉၀ ရှိတယ်။ တောင်ကိုရီးယားက ကန်ဒေါ်လာ ၁၅၈ မျှသာ ရှိခဲ့ပါတယ်။ 
ယခုအခါမှာတော့  Hyundai က Honda ထက် ပိုကြီးတယ်။ Samsung  က Sony ထက် ပိုကြီးတယ်။  Hallyu  က ဟောလီဝုဒ်အသစ်တစ်ခု ဖြစ်နေပြီ။
ကိုရီးယားရဲ့ ပထမဆုံးကားက Hyundai  လည်း မဟုတ်ဘူး။ Kia လည်း မဟုတ်ဘူး။ ၁၉၅၅ ခုနှစ် မော်ဒယ် Sibal ဖြစ်ပါတယ်။
ကိုရီးယားပြည်တွင်းစစ်မှာ အမေရိကန်‌တွေ လာကူတိုက်ပေးပြီး ထားပစ်ခဲ့တဲ့ စစ်သုံး Willy’s Jeep တွေအတွက် ပိုနေလို့ ထားပစ်ခဲ့တဲ့ အစိတ်အပိုင်းတွေကို သုံးစွဲပြီး မော်တော်ယာဉ် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ 

 

 

ကားထုတ်လုပ်နိုင်တာ မှန်ပေမဲ့ တိုင်းပြည်က ကားဝယ်စီးနိုင်လောက်အောင် မချမ်းသာတော့ ကုမ္ပဏီမှာ ရောင်းအား အလုံအလောက် မရရှိတာကြောင့် ကြာကြာတောင့်မခံနိုင်ဘဲ ပိတ်သိမ်းလိုက်ရတယ်။ 
ကိုရီးယား မော်တော်ယာဉ် လုပ်ငန်းကဏ္ဍကို ပုံစံတကျဖြင့် ၁၉၆၂ မှာ ပြန်စခဲ့တယ်။ ထိုစဉ်က သမ္မတဖြစ်သူ ပတ်ချုံဟီးက စက်မှုဖွံ့ဖြိုးရေး ငါးနှစ် စီမံကိန်းကို ထုတ်ပြန်ကြေညာခဲ့တယ်။ ပြည်ပမှ ကားတင်သွင်းခြင်း ပိတ်ပင်ထားလိုက်တယ်။ ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍကို အကာအကွယ်ပေးဖို့ အခုလို ပိတ်ပင်တာတော့ မဟုတ်ဘူး။  ပြည်တွင်းဖြစ် ကားတွေ သူ လိုချင်လို့ မဟုတ်ဘူး။ ကိုရီးယားနိုင်ငံမှာ နိုင်ငံခြားငွေ နည်းပါးနေတဲ့အတွက် ပြည်ပတင်သွင်းမှုတွေ တင်းကျပ်ထားလိုက်တာ ဖြစ်ပါတယ်။ ကွပ်ကီး၊ ချောကလက် တင်သွင်းခွင့် ပိတ်ပင်ထားတယ်။ ဆေးလိပ်တင်သွင်းရင် ရာဇဝတ်မှု မြောက်တယ်။ 
မော်တော်ယာဉ်တွေကို ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ခြင်း Completely Knocked Down (CKD) စီမံကိန်း တွေ လုပ်ကိုင်ဖို့ အားပေးအားမြှောက် လုပ်ပေးတယ်။ 

 


ပတ်ချုံဟီးက ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်တယ်။ အစိုးရ ချပေးလိုက်တဲ့ ကန်ထရိုက်ကို ဖြစ်မြောက်အောင် မလုပ်နိုင်ရင် စာရင်းထဲမှ အပြီးအပိုင် ပယ်ဖျက်ပစ်တယ်။  Hyundai Motor ထူထောင်သူ  Chung Ju Yung က ဆောက်လုပ်ရေး ကန်ထရိုက်တွေ ရရှိခဲ့ပြီး လမ်းတွေဖောက် တံတားတွေဆောက်တယ်။ ပြီးတော့မှ ကားတွေ တည်ဆောက်တဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး ကန်ထရိုက် အချိန်မီ ပြီးစီးဖို့ လုပ်ငန်းခွင်မှာ ညအိပ်ပြီး ကြီးကြပ်ကွပ်ကဲတယ်။ ကုမ္ပဏီ ထရပ်ကားက သူအိပ်နေကျ နေရာ ဖြစ်ပါတယ်။ 
ထုတ်လုပ်မှု လိုင်စင်တွေ အစိုးရချေးငွေတွေ ထုတ်ပေးတဲ့အခါ ပြည်ပတင်ပို့ဖို့ လျာထားချက်တွေနဲ့ အတူတွဲပြီး ချပေးတယ်။ နိုင်ငံခြားငွေ ရှားပါးနေလို့ ပြည်ပမှ တင်သွင်းမှုတွေ တင်းကျပ်ပေးထားတာကြောင့် ပြည်တွင်းလုပ်ငန်းများအနေဖြင့် ပြည်ပမှ လုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်မှုမှ ကင်းဝေးနေပေမဲ့ ပြည်တွင်းယှဉ်ပြိုင်မှုတွေတော့ ရှိနေတယ်။  ပတ်ချုံဟီးက ပြည်တွင်းကုမ္ပဏီမှ ပြည်တွင်းဖြစ် ကား ထုတ်လုပ်စေဖို့ စိတ်မကူးဘူး။ ပြည်ပကားလုပ်ငန်းတွေ ပြည်တွင်းမှာ စက်ရုံထူထောင်ပြီး တပ်ဆင်ထုတ်လုပ်ဖို့ကိုပဲ ဦးတည်ချက် ထားရှိတယ်။ 

ချပေးထားတဲ့ ရည်မှန်းချက်တွေ လျာထားချက်တွေနဲ့ စိန်ခေါ်ထားတာကို ကုမ္ပဏီ လေးခုက ဝင်ကစားကြတယ်။  Hyundai Motor, Shinjin Motors, Kia Motor, နဲ့  Asia Motors  တို့ဖြစ်ပါတယ်။ ကုမ္ပဏီအသီးသီးက CKD စီမံကိန်း ထူထောင်လုပ်ကိုင်ဖို့ ပြည်ပ ကားလုပ်ငန်းနဲ့ လက်တွဲပြီး ကားထုတ်လုပ်မှုကို သင်ယူကြရတယ်။ ဥပမာ Hyundai Motor က အမေရိကန်မှ Ford နဲ့ လက်တွဲပြီး ပထမဆုံး တပ်ဆင်ထုတ်လုပ်တဲ့ကားများအဖြစ် Ford Cortina ကို ထုတ်လုပ်ခဲ့တယ်။ 

 

 

Mitsubishi Pajero ကို Hyundai Galloper လို့ တံဆိပ်ကပ်ပြီး ထုတ်လုပ်တယ်။ 

.



ကုမ္ပဏီ လေးခုမှာ အဉီးဆုံး ကန်ထရိုက် လက်မှတ်ရေးထိုးခဲ့တာ ဘတ်စ်ကား ထုတ်လုပ်တဲ့  Shinjin Motors ဖြစ်ပြီး ၁၉၆၄ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ Toyota နဲ့ လက်တွဲပြီး  Corona ကားတွေ ထုတ်လုပ်ခဲ့တယ်။ 

 

နောက်ထပ် ၁၀ နှစ်အတွင်းမှာ Shinjin Motors က ကားထုတ်လုပ်မှုလောကကို ကြီးစိုးထားတယ်။ နောက်တော့ Daewoo ဖြစ်လာခဲ့ပါတယ်။ 
၁၉၉၇ အာရှငွေကြေးအကျပ်အတည်းမှာ Daewoo နားသွားတယ်။ လုပ်ငန်းစု ပြိုကျတယ်။ Daewoo Motors ကို အမေရိကန်ကားလုပ်ငန်း GM ထံ ရောင်းချလိုက်တယ်။ ယခုအခါမှာ GM ရဲ့ အာရှအင်ဂျင်နီယာဌာနတစ်ခုအဖြစ်ဖြင့်သာ ဆက်လက်တည်ရှိနေပါတယ်။ 
အဲဓီ ၁၉၉၇ မှာ Daewoo Leganza ဟာ  Daewoo  ရဲ့ ရေချိန်အမြင့်မားဆုံးကားမော်ဒယ် ဖြစ်ခဲ့ပါတယ်။ 

 

Asia Motors ကို ၁၉၆၅ ခုနှစ်မှာ ထူထောင်ခဲ့တယ်။  အီတလီ ကားလုပ်ငန်း Fiat နဲ့ လက်တွဲပြီး Fiat 124 ကို ထုတ်လုပ်တယ်။ နောက်တော့ Kia ဖြစ်လာခဲ့ပါတယ်၊
Kia  ကားတွေ မတည်ဆောက်ခင်မှာ ဂျပန်ကားလုပ်ငန်း  Mazda အတွက် သုံးဘီးကားတွေ တပ်ဆင်ထုတ်လုပ်ပေးခဲ့ပါတယ်။ 

 

Kia က စက်ဘီးထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်ပြီး ၁၉၆၁ ခုနှစ်မှာ  Honda  နဲ့ လက်တွဲပြီး မော်တော်ဆိုင်ကယ်တွေ ထုတ်လုပ်တယ်။ နောက်တော့ Mazda နဲ့ အတူလက်တွဲပြီး သုံးဘီးထရပ်ကားအပေါ့စားတွေ ထုတ်လုပ်တယ်။ နောက်တစ်ဆင့်မှာ ၁၉၇၄ ခုနှစ်မှာ  Mazda Familia ကားတွေ တပ်ဆင်ထုတ်လုပ်ပေးခဲ့ပါတယ်။ အဲဒီကားတွေကို Kia Brisa လို့ တံဆိပ်ကပ်ပြီး ရောင်းချခဲ့ပါတယ်။ 

 

 

ထူးခြားမှုက Kia က ကားကို ပြည်ပသို့ ပထဆုံး တင်ပို့နိုင်ခဲ့တဲ့ ကိုရီးယား ကားလုပ်ငန်း ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ Kia Brisa ထရပ်ကားတွေ တင်ပို့နိုင်ခဲ့ပါတယ်။ 

၁၉၆၇ ခုနှစ်မှာ   Hyundai Motor က အမေရိကန်ကားလုပ်ငန်း  Ford  နဲ့ လက်တွဲပြီး Ford Cortina တွေ ထုတ်လုပ်ခဲ့တယ်။ 
Hyundai  ထုတ်လုပ်တဲ့ကားတွေ ပြည်ပတင်ပို့ခဲ့တာမှာ အရည်အသွေညံ့ဖျင်းလို့ နာမည်ပျက်တယ်။ ကုမ္ပဏီအနေဖြင့် ပြည်ပတင်ပို့ဖို့ အဆင့်အထိ မရောက်သေးခင်မှာ လျာထားတဲ့အချိန် ကျရောက်တာကြောင့် မဖြစ်မနေ တင်ပို့ခဲ့ရလို့ ဖြစ်ပါတယ်။  သမ္မတပတ်ချုံဟီးက အချိန်မီ မလုပ်နိုင်ရင် သည်းမခံဘူး။ ကိုရီးယားတိုင်းပြည်အနေဖြင့်လည်း နိုင်ငံခြားငွေ အသည်းအသန် လိုအပ်နေတဲ့အတွက် ပြည်ပတင်ပို့မှု နောက်ကျရင် ထုတ်လုပ်ခွင့် လိုင်စင် သိမ်းခံရမယ့် အရေး ရှိနေပါတယ်။ 
Hyundai Pony ဟာ ကိုရီးယားပြည်တွင်းမှာ  ပထမဆုံး ဖွံ့ဖြိုးထုတ်လုပ်တဲ့ ကားမော်ဒယ် ဖြစ်ပါတယ်။ Italdesign Giugiaro မှ ဒီဇိုင်း ထုတ်ပေးထားတာ ဖြစ်ပြီး  MItsubishi  အင်ဂျင်သုံးစွဲထားတယ်။ 

 

၁၉၇၀ ပြည့်နှစ်လွန်ကာလ အစောပိုင်းမှာ သမ္မတပတ်ချုံဟီးက ကားလုပ်ငန်းရှင်တွေကို လူထု ဝယ်စီးနိုင်မယ့် တန်ဖိုးနည်း ကားတွေ ထုတ်လုပ်ဖို့ ညွှန်ကြားတယ်။ အင်ဂျင်အရွယ်အစား 1,500 cc သတ်မှတ် ကန့်သတ်ထားတယ်။ 

Asia Motors က လျာထားချက်ကို မမီဘူး။ သမ္မတ ပတ်ချုံဟီ’က စကားတည်တယ်။ Asia Motors ရဲ့ ထုတ်လုပ်ခွင့် လိုင်စင်ကို ရုပ်သိမ်းလိုက်တယ်။ ကုမ္ပဏီ နိဂုံးချုပ်ပြီဖြစ်တဲ့အတွက်  Kia က ကောက်သိမ်းလိုက်တယ်။ 
လျာထားချက် ပြည့်မီဖို့အတွက် Daewoo က GM  ပိုအာကိုးတယ်။  Kia က Mazda ကို ပိုအားကိုးတယ်။ 
မိုးခါးရေ မသောက်တဲ့သူက Hyundai  ဖြစ်ပါတယ်။ ပိုခက်ခဲတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်။ ကိုယ်ပိုင်မော်ဒယ် တည်ဆောက်တယ်။ 
Ford နဲ့ လက်တွဲပြီး Ford Cortina ကားတွေ ထုတ်ရတာ အလွယ်လမ်း လိုက်တာလို့ Hyundai Motor ထူထောင်သူ Chun Ju Yung  က ယူဆတယ်။ 
အစောပိုင်းကာလမှာ Ulsan  မှာ တည်ရှိတဲ့ စက်ရုံရဲ့ ထုတ်လုပ်ရေးလိုင်းက အလုပ်ချိန် ၃၀ % ထက် ပိုကြာကြာ လုပ်ရတယ်ဆိုတာ မရှိခဲ့ဘူး။ အစိတ်အပိုင်းတွေ တပ်ဆင်တဲ့အခါ အရွယ်အစားတွေ မမှန်တာကြောင့် အံဝင်ခွင်ကျ မဖြစ်ဘူး။ အရည်အသွေးတွေက အလွန့်အလွန် ဆိုးဝါးနေတယ်။ သမ္မတပတ်ချုံဟီးက ဖြစ်နိုင်သရွေ့ ဆောလျင်စွာ ပြည်ပသို့ တင်ပို့စေလိုတယ်။ တစ်နှစ် စီးရေ ၅,၀၀၀ တင်ပို့ရမယ်ဆိုတဲ့ လျာထားချက်ကို မလွဲမရှောင် လိုက်နာရတယ်။ ကားကို ကြိုက်ကြမှာ မဟုတ်ဘူးဆိုတာ သိတယ်။ ဒီတော့ မဖြစ်မနေ တင်ပို့ရတဲ့အခါ နိုင်ငံအတော်များများထံ ခွဲဝေပြီး ပို့လိုက်တယ်။ နိုင်ငံတစ်ခုစီမှာ စီးရေအနည်းငယ်သာ ရောင်းချတယ်။ မဖြစ်ညစ်ကျယ် လုပ်ထားလိုက်တာ ဖြစ်ပါတယ်။ ရောင်းတဲ့ စီးရေနည်းတဲ့အတွက် ဝယ်စီးတဲ့သူလည်း နည်းတယ်။ ဒီတော့ ကားမကောင်းကြောင်း သိတဲ့သူလည်း နည်းသွားတယ်။  အခုခေတ်လို  အင်တာနက်နဲ့ လူမှုကွန်ရက် မရှိသေးတော့ သတင်းဆိုးက မပျံ့နှံ့ခဲ့ဘူး။ 

 

တကယ်ကို ဆိုးဝါးခဲ့ပါတယ်။ နိုင်ဂျီးရီးယားမှာ မျက်နှာကြက် လိုင်နာတွေ အပူဒဏ် မခံနိုင်လို့ ကွာကျတယ်။ ဆော်ဒီအာရေဗျမှာ ဘော်ဒီဆေးတွေ နေစားပြီး အရောင်မှိန်ကုန်တယ်။ စက်မကောင်းတဲ့ ပြဿနာတွေလည်း နိုင်ငံတိုင်းဆီမှ အစီရင်ခံချက်တွေ ရရှိခဲ့တယ်။ 
အမေရိကန်နိုင်ငံသို့လည် မတင်ပို့ရင် မဖြစ်တာကြောင့် ၁၉၈၅ ခုနှစ်မှာ Hyundai Excel  ကို တင်ပို့ခဲ့ရတာ တကယ့်အဖြစ်ဆိုးပဲ။ ကားက ဈေးပေါ်သလောက် ညံ့ဖျင်းပါပေတယ်လို့ နာမည်အကြီးအကျယ်ပျက်သွားခဲ့ပါတယ်။ 

 

ကိုရီးယား ကားလုပ်ငန်းတွေက ဆက်လက်သင်ယူရင်း ကားထုတ်လုပ်မှုတွေ လုပ်ကိုင်ကြတယ်။ အစိုးရက ပြည်ပယှဉ်ပြိုင်မှုတွေကို အစဉ်ထာဝရ ကာကွယ်ပေးနေမှာ မဟုတ်ဘူးဆိုတာ သိထားကြတဲ့အပြင် ပြည်ပတင်ပို့ဖို့ ဖိအားပေးခံထားရတော့ သူတို့ထုတ်လုပ်တဲ့ကားတွေကို ရောင်းတန်းဝင် အရည်အသွေးကောင်းမွန်အောင် အစဉ်တစိုက် တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ကြတယ်။ 
ကံဆိုးသူတွေကတော့ ကိုရီးယားပြည်တွင်းမှာ ယာဉ်မောင်းတွေ ဖြစ်ပါတယ်. ၁၉၇၀ မှ ၁၉၉၀ အထိ ကိုရီးယားဖြစ် ကားအညံ့တွေ မောင်းကြရတယ်။ ကိုရီးယားတွေက တိုင်းပြည်ချစ်စိတ်ဖြင့် ကိုရီးယားဖြစ် ကားတွေ ဝယ်သုံးကြတယ်ဆိုတာ တစ်ဝက်ပဲ မှန်တယ်။ ကိုရီးယားဖြစ် ကားတွေက လွဲလို့ တခြားနိုင်ငံထုတ် ကားတွေ မရှိတဲ့အတွက် ကိုရီးယားဖြစ် ကားတွေကိုပဲ ဝယ်စီးကြရတယ်။ 

ကိုရီးယားတွေမှာ ဂျပန်ထက် သာအောင် လုပ်မယ်ဆိုတဲ့ ဆန္ဒကိန်းအောင်းနေတယ်။  Hyundai က  Mitsubishi Motors နဲ့ အတူလက်တွဲပြီး လုပ်ကိုင်ပေမဲ့  ဂျပန်ထက် သာအောင် လုပ်မယ်ဆိုတဲ့ ဆန္ဒရှိတယ်။ 
ကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်တပ်က ကိုရီးယားကျွန်းဆွယ်ကို သိမ်းပိုက်ပြီး လူထုကို အနိုင်ကျင့်ခဲ့ကြတယ်။ အဲဒီအတွက် စိတ်နာတယ်။  လက်စားချေချင်တယ်။ ဂျပန်ကို ဒူးထောက်ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တာကြောင့် အရှက်ကွဲနေရတာကို ချေဖျက်ဖို့ ဂျပန်ထက် ပိုသာအောင် လုပ်ချင်ကြတယ်။ 

၁၉၈၆ ခုနှစ်မှာ ကိုရီးယားအစိုးရက ကားတင်သွင်းမှု ပိတ်ပင်ထားတာကို ဖြေလျော့လိုက်တယ်။ ကားတွေ တင်သွင်းခွင့် ပေးလိုက်တယ်။ ဒါပေမဲ့ အကောက်ခွန်နှုန်းထား ၆၀% စည်းကြပ်တယ်။ စာရွက်စာတမ်းကိစ္စတွေ လိုအပ်တာရော မလိုအပ်တာရော လုပ်ကိုင်ကြရတယ်။ ကားတွေ တင်သွင်းပြီး ပြည်တွင်းဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ ခက်ခဲအောင် တမင်လုပ်ထားတယ်။ ထူးခြားဆန်းပြားတဲ့ ကန့်သတ်ချက်တွေ ပြဌာန်းထားတယ်။ ကားအရောင်းပြခန်း အရွယ်အစားကို ကန့်သတ်ထားတယ်။ တီဗီကြော်ငြာကိုလည်း ပြသချိန် ကန့်သတ်ချုပ်ချယ်ထားတယ်။ ပြည်ပမှ တင်သွင်းတဲ့ကားကို ဝယ်မယ့်သူကို ဝင်ငွေခွန် အစစ်ခံပြီးမှ ဝယ်ခွင့်ပေးတယ်။ 

ပြည်ပကားလုပ်ငန်းတွေက တီဗီကြော်ငြာ ပြသချိန်ကို ကန့်သတ်ခံထားရတော့ K-drama ဇာတ်လမ်းတွဲတွေထဲမှာ ပြည်ပကားတွေ ထည့်ရိုက်ပြပြီး တစ်ဖက်လှည့်နဲ့ ကြော်ငြာကြတယ်။ ကြော်ငြာတယ်လို့ စွပ်စွဲလို့ မရအောင် ကားရဲ့ အမှတ်တံဆိပ်ကို ဖြုတ်ထားပြီး လက်တစ်လုံးခြား လုပ်ကြရတယ်။ 


ယခုအခါမှာတော့ ပြည်တွင်းကားဈေးကွက်ကို တံခါးဖွင့်ပေးထားလိုက်ပြီ။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ချမှတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေ လိုက်နာဆောင်ရွက်ရတယ်။ 
တောင်ကိုရီးယားက အမေရိကန်နဲ့ လွတ်လပ်ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးထားတယ်။ အီးယူနဲ့လည်း အလားတူ လက်မှတ်ထိုးထားတယ်။ ဒီတော့ အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တဲ့ တိုယိုတာကား၊ ဂျာမနီမှာ ထုတ်လုပ်တဲ့ အော်ဒီကား၊ မားစီးဒီး စတဲ့ကားတွေ ကိုရီးယားဈေးကွက်ထဲ လွတ်လွတ်လပ်လပ် ဝင်ရောက်ရောင်းချလို့ ရနေပြီ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ကားအရောင်းစာရင်းမှာ Mercedes-Benz ကို အများဆုံး တင်သွင်းထားတယ်။ စီးရေ ၈၀,၀၀၀ နီးပါး ရောင်းချခဲ့တယ်။ တောင်ကိုရီးယားက Mercedes-Benz အတွက် အကြီးမားဆုံးဈေးကွက်စာရင်းမှာ နံပါတ်(၅) နေရာမှာ ရှိတယ်။ 
ပြည်တွင်းထုတ်ကားတွေကလည်း အရည်အသွေး တက်လာတော့ တိုယိုတာ၊ ဟွန်ဒါ၊ ဗောက်ဝဲဂင်တို့ကို ဝယ်စီးမယ့်အစား ကိုရီးယားဖြစ် ကားတွေကိုပဲ ဝယ်စီးကြတယ်။ Mercedes-Benz  လို့ အမြင့်တန်း စည်းစိမ်ပြကား အတန်းအစားမှာတော့ တတ်နိုင်သူတွေက Mercedes-Benz ကို ဝယ်စီးကြတယ်။ 

တောင်ကိုရီးယားကားလုပ်ငန်းအနေဖြင့် အမြင့်ဆုံး အမြင့်တန်းအထိ ထုတ်လုပ်မယ့် အရိပ်အယောင် မတွေ့ရတဲ့အတွက် အဲဒီအတန်းအစားအတွက်ကတော့ အနောက်တိုင်းက ကားအမှတ်တံဆိပ်တွေကိုပဲ စီးကြရတာ ဖြစ်ပါတယ်။ 

 

 

 

 

wapcar.my

Read 2198 times