ကားတစ်စီးဝယ်တော့မည်ဆိုလျှင် သိသင့်သည့်အချက်များ


ကားတစ်စီးဝယ်တော့မည်ဆိုပါက မကျွမ်းကျင်သေးသည့် သူများအတွက် အခြေခံအချက်များကို ဖော်ပြပေးလိုက်ပါသည်။

ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။

အုံနာဘုတ် ဝှီးတပ် မှန် / မမှန် ချက်စီ (Chassis) ဘောင် နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာ သေချာအောင် ကညနရုံးမှာ ကားမဝယ်ခင် သွားစစ်ပါ။

မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာ ငွေငါးထောင်ပေးရပြီးကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်နိုင်ပါသည်။

ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ စျေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။

ကားတစ်စီးဝယ်ဖို့ သွားကြည်ပါက

၁။ အင်ဂျင်ခန်း ကြည့်ရမည်။

ကား၏အရိုးအစစ်ဟုခေါ်သည့် အဓိက တန်းတွေ Frame တွေကြည်ပါမည်။

ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေ ရှော့ဘားဘောင်တွေ သေသပ်ရမည်။

အင်ဂျင် ဂီယာဘောက်စ် အားလုံးကြည့်ကောင်း နေရမည်။

အင်ဂျင်ခန်းက အော်ဆေးဖြစ်ရမည်။

Original Spot တွေ ချိတ်တွေဖြစ်ရမည်။

ဘောနပ်အောက်က ချိတ်များ ဆေးများ မှန်ရမည်။

(Original ဟုတ်မဟုတ်သိရန် နားလည်တဲ့သူလိုပါသည်)

၂။ စက်နှိုးမယ် ။ AC ဖွင့်မယ်။

အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက်တာမှန်လား။

AC အေးလားကြည့်မယ် ။

ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းရမည်။

( ဥပမာ Auto Swing )

အင်ဂျင်ဝိုင်တိုင်းသည့်အတံကို ဆွဲကြည့်မည်။

အင်ဂျင်ဝို်င်ထည့်တဲ့အဖုံး ဖွင့်ကြည့်မည်။

အင်ဂျင်ဝိုင် ဂျိုးတွေရှိနေမယ်ဆို အင်ဂျင် cleaning လုပ်ရမည်ဖြစ်သည်။

☑၃။ ကားတစ်စီးလုံး ပတ်လည် အော်ဆေးလား လိုက်ကြည့်မည်။

တံခါးများဖွင့်ပြီး တံခါးဘောင်များ အချိုးများ အရိုးအစစ်များ သပ်ရပ်လား ကြည့်မည်။

အော်ဆေးလားသိဖို့က ခက်ပါသည်။

သို့သော် ဆေးသားအရောင်လွဲတာ မညီတာ လှိုင်းတွေလိုမျိုး ဖြစ်နေတာ အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင် မြင်ရ ပါသည်။

ကားတစ်စီးလုံးမှာ ချိတ်တွေ spot တွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။

တစ်ခုခုကို သံသယရှိတယ်ဆိုရင်ဘယ်ဘက်နဲ့ညာဘက် တစ်ဖက်နဲ့တစ်ဖက် တူလားကြည့်ပါ။

တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင် ခေါက်ကြည့်ပါ။

သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

☑၄။ နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်း အော်ဆေးဖြစ်ရမည်။

☑၅။ အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။

ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မည်။

၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မည်။

အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေ သေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

☑၇။ အတွင်းခန်းကြည့်မယ်။

စီလင် ဒက်ရှ်ဘုတ် ထိုင်ခုံ ဘေးကာဗာများ အခြေအနေ။

စတီရာရင် ဂီယာ အမှန်လား။

ကားမှာပါတာတွေ အကုန်စစ် ( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

☑၈။ Original Alloy လား။ ပြန်ထည့်လား။

တာယာတွေကောင်းသေးလား။ လဲရတော့မလား။

☑၉။ Model Year ကို internet မှာစစ်ပါ။

https://jpcenter.ru/month

ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။

( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )

ပြောထားသည့် ကား Grade ပြည့်လား။

Grade change ထားလား။

( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

☑၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မည်။

AC ဖွင့်ထားပြီး အင်ဂျင်အသံ အောက်ပိုင်းအသံ နားထောင်မည်။

ချိုင့်အသေးလေးတွေကျရင် ဘယ်လိုလဲ။ ရှော့ဘားတွေ ဘွတ်တွေကောင်းလား။

ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မည်။

( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင် )

?ကားများသည် brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။

စျေးပေါ်မူတည်ပြီး ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ပါ။

အချို့လူများသည် ကားအားလုံးကောင်းပြီး စျေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။

ထို့နောက် အရှေ့ရော အနောက်ပါ တိုက်ထားပြီး ဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။

kilo 120000 ကားကို ကီလိုများသည်ဟု မဝယ်ဘဲ kilo 180000 ကို ကီလို 70000 ပြောင်းထားသော ကားကိုဝယ်သည်။

ကီလိုအနည်းအများ အရေးကြီး သော်လည်း အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။

ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံး ပေါ့။

 

Read 2449 times