လမ်းမတွေထက်မှာ ခရီးနှင်သွားလာနေတဲ့ ယာဉ်မောင်းတွေကို အမျိုးအစား ရှစ်ခုအထိ ခွဲခြား ဖော်ပြထားတဲ့ ယာဉ်မောင်းရှစ်မျိုး အကြောင်းက စိတ်ဝင်စားစရာ ကောင်းတာ ကြောင့် ကျွန်တော်တို့ဆီက အခြေအနေတွေ၊ ယဉ်ကျေးမှုတွေနဲ့ ပြန်လည်တိုက်ဆိုင်ပြီး စနစ်တကျ တည်းဖြတ်လို့ ထပ်ဆင့်ဖောက်သည် ချပေးလိုက်ရပါသည်။
လမ်းမပေါ်မှာ မော်တော်ကားမောင်းနှင်နေတဲ့ ယာဉ်မောင်းတွေ ရာထောင်ချီရှိပေမယ့် သူတို့ကို အလွယ်တကူ အမျိုးအစား ခွဲခြား ကြည့်နိုင် ပါသည်။
ဥပမာ ပြောရရင် တစ်ချို့ယာဉ်မောင်းတွေက ရယ်စရာကောင်းပြီး တစ်ချို့ယာဉ်မောင်းတွေ က စိတ်ပျက်စရာ ကောင်းသည်။
သူတို့ရဲ့အကျင့်စရိုက်တွေကို သိထားရင် ယာဉ်မောင်းတွေကို အလွယ်တကူ ခွဲခြား ကြည့် နိုင်ပြီး ဆောင်သင့် ရှောင်သင့်တာ တွေပါ သိလာပါ လိမ့်မည်။
၁။ ဒီဂျေသမားများက ကားပြတင်းကိုချ ပြီး နောက်ဆုံးထွက် EDM သံစဉ်တွေနဲ့ ငြိမ့်နေ တတ်သည်။
တစ်ချို့ဆိုရင် သူတို့ခေါင်းကို သံစဉ်အလိုက် လှုပ်ခါနေတတ် ကြပါသေးသည်။
ထိုသူများသည် ကြမ်းတမ်းသူများမဟုတ်ဘဲ သံစဉ်များနှင့် ကားမောင်းရခြင်းကို နှစ်ခြိုက်သူ တွေပါ။
သူတို့ဆီက ဒေါသထွက်စရာ စကား တစ်ခု မကြားရပေမယ့် တစ်ခါတစ်ရံ အသံကျယ်လွန်း တာကြောင့် စိတ်အနှောက်အယှက် တော့ ဖြစ်ရ တတ် ပါတယ်။ ဒီဂျေ သမားတွေကြောင့် ကိုယ့်ကားထဲက ဂီတသံကို ကောင်းကောင်း မကြားရလောက်တဲ့ ပြဿနာပဲ ရှိတတ်တယ်။
၂။အထိန်းအကွပ်မရှိသူများ
ရှိသင့်တဲ့ အမြန်နှုန်းထက် ပိုမောင်းသူ၊ မီးနီကို အတင်းဖြတ်မောင်းသူ၊ သူတို့ကိုယ်သူတို့ ကာတွန်းဇာတ်ကောင် The Flash အလား အလျှင်အမြန်သုတ်ခြေတင်နေသူတွေက အထိန်းအကွပ်မရှိသူများစာရင်းထဲမှာ ပါဝင်သည်။
ဒီယာဉ်မောင်းတွေက သူတို့ရဲ့ဘဝကို ကတိုက်ကရိုက် ဖြတ်သန်းရ သလိုမျိုး လမ်းပေါ်မှာ ခရီးနှင်လေ့ရှိပါသည်။ အထိန်းအကွပ်မရှိသူလို့ ဆိုထား သောကြောင့် ယာဉ်စည်းကမ်းတွေကို မကြာခဏ ချိုးဖောက်တတ်ပြီး တစ်ခါတစ်ရံ တာဝန်မယူဘဲ ထွက်ပြေး တတ်ကြသေးသည်။
ဒီအမျိုးအစားဟာ သတိပြုသင့်တဲ့ ယာဉ်မောင်းတွေထဲမှာ ပါဝင်ပြီး သူတို့က မတော်တဆမှု အများစုရဲ့လက်သည် တွေလည်း ဖြစ်တတ် ပါသည်။
ထိုယာဉ်မောင်းတွေနဲ့ ပတ်သတ်လို့ သူတို့ရဲ့ ရာဇဝင်ကို လေ့လာပြီး လိုအပ်ရင် အခြေခံ ယာဉ်မောင်း သင်ခန်းစာတွေ ပြန်လေ့လာခိုင်း သင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါသည်။
ထို့အပြင် သူတို့မောင်းနှင်ရ တဲ့ လမ်းမတွေဟာ ပြိုင်ပွဲလမ်းမတွေ မဟုတ်ကြောင်း လည်း သတိပေးသင့်ပါသည်။
၃။ ဘာကိုမှ ဂရုမစိုက်သူ
မြို့ထဲအပါအဝင် တခြားလမ်းကြပ်တဲ့ နေရာ တွေမှာ အတွေ့ရများတဲ့ ယာဉ်မောင်းတွေ ဖြစ်ပြီး လမ်းအလယ်မှာ ခွမောင်းရင်း အတွင်းလမ်းကြောင်း ယူမလိုလို၊ အပြင်လမ်းကြောင်း ယူမလိုလိုနဲ့ လမ်းကြောင်း ရွေးချယ်မှုနဲ့ ပတ်သက်လို့ ဝိရောဓိဖြစ်နေ သူတွေ ဖြစ်ပါတယ်။
ဒီလူတွေဟာ ပိတ်ကြပ်နေတဲ့ ယာဉ်ကြောကို ဖြတ်သန်းဖို့အတွက် စိတ်စောနေတတ် သူတွေဖြစ်ပြီး သူ တို့ရဲ့ အပြုအမူကြောင့် အနောက်မှာ ရှိတဲ့ကားတွေ ဘာဖြစ်ကုန်တယ် ဆိုတာကို သတိမပြုကြပါဘူး။ ဘာကိုမှ ဂရုမစိုက်ဘဲ မောင်းချင်သလို မောင်းနေတဲ့ ဒီအမျိုးအစားက အထိန်းအကွပ် မရှိသူတွေလောက် အန္တရာယ် မပေးနိုင်ပေမယ့် ယာဉ်ကြော ပိတ်ဆို့မှု အတွက်တော့ ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်း ရှိတယ်။ ဒီအမျိုးအစား ထဲမှာ ဒုက္ခအပေးဆုံး ယာဉ်မောင်းတွေက သယ်ပို့ယာဉ် (လိုင်းကား) မောင်းသူတွေပါပဲ။
၄။ ခရီးသွားများ
ထိုအမျိုးအစားက အထိန်းအကွပ် မရှိသူများ၏ ဆန့်ကျင်ဖက်ဖြစ်ပြီး နှေးနိုင်သမျှ နှေးအောင် မောင်းနှင်ခြင်းဖြင့် စိတ်အနှောက်အယှက် ပေးတတ်သူတွေ ဖြစ်ပါသည်။
ထိုအမျိုးအစားမှာ ပါဝင်သူ အများစုက အိမ်ကားတွေနဲ့ ခရီးသည်ရှာနေသည့် တက္ကဆီ များဖြစ်ပြီး သူတို့ကြောင့် နောက်ကားတွေမှာ ရှိသူတွေ ရုံးနောက်ကျတာ၊ ကျောင်း နောက်ကျတာ မျိုးကိုလည်း စဉ်းစားလေ့ ရှိသူတွေ မဟုတ်ပါဘူး။ အားသာချက်တစ်ခုအနေနဲ့ ဒီလူမျိုးတွေက ခပ်အေးအေးသမားတွေ ဖြစ်တတ်ပြီး ပြဿနာ တွေကို ရှောင်တတ်သည်။
သူတို့ရဲ့ ခပ်ဖြည်းဖြည်း မောင်းနှင်မှုက အန္တရာယ် ကင်းပေမယ့် ဘာကိုမှ ဂရုမစိုက်ဘဲ လမ်းကြော အပိုင်စီးသူတွေ နည်းတူ ယာဉ်ကြော ပိတ်ဆို့မှုအတွက် အားဖြည့်ပေးနိုင်ပါသည်။
၅။ ဆူဆူညံညံသမား
ဒီအမျိုးအစား ယာဉ်မောင်းတွေက နားကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါသည်။
ဒီဂျေသမားတွေနဲ့ မတူတာက ဆူဆူညံညံ သမားတွေဟာ ဂီတသံ အစား ဟွန်းသံကို အဆက်မပြတ် ထုတ်လွှတ်တာကြောင့် ပိုစိတ်ပျက်စရာ ကောင်းသည်။
ထိုယာဉ်မောင်းများကို ယာဉ်ကြော ပိတ်ဆို့မှုများ၏ အနောက်ဖက်ပိုင်းမှာ တွေ့ရများပြီး ရှေ့မှာဖြစ်နေတဲ့ အကြောင်းအရင်းကို မသိဘဲ ဟွန်းကို အလိုက်ကမ်းဆိုး မသိ တရစပ် တီးနေလေ့ ရှိပါသည်။
ဒါမှမဟုတ်ရင် အနည်းဆုံး နှစ်မိနစ် တစ်ကြိမ်လောက် ဟွန်းတီးလေ့ ရှိသည်။
သူတို့ဆီက ဆူညံသံကြောင့် လမ်းပေါ်မှာ ရှိသူ တစ်ချို့ ဘုကြည့်ကြည့်တာ ကိုလည်း သိသော်လည်း ဆူဆူ ညံညံသမားတွေကတော့ သူတို့ရဲ့ ဝါသနာကို အလွယ်တကူ စွန့်လွှတ်လေ့ မရှိပါဘူး။
၆။ အေးအေးဆေးဆေးသမား
ယာဉ်မောင်း အများစုက လမ်းကြပ်တဲ့အခါ စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြပါသည်။
သူတို့နဲ့ ဆန့်ကျင်ဖက်က အေးအေး ဆေးဆေး သမားတွေဖြစ်ပြီး လမ်းကြပ်တာနဲ့ ကြုံရင် ပျော်တတ်သူများပါ။
မြို့ထဲလမ်းပိတ်နေချိန် လမ်းမပေါ်ကို လေ့လာ ကြည့်ရင် ဒီလိုယာဉ်မောင်း တစ်ချို့ကို တွေ့ရမှာဖြစ်ပြီး တစ်ခါတစ်ရံမှာ တံခါးမှန်ချလို့ ဘေးကားက ယာဉ်မောင်းနဲ့ စကား လက်ဆုံ ကျနေတတ်ပါ သေးသည်။
တစ်ခုကောင်းတာက လမ်းပိတ်နေတာကြောင့် ဒေါသထွက်၊ ဆန္ဒစော သူတွေ မဟုတ်ဘဲ ကားထဲမှာ အေးအေး ဆေးဆေး ထိုင်စောင့်တတ်သူ တွေဖြစ်ပြီး သူတို့မှာ ထောက်ပြစရာ အပြစ်လည်း သိပ်မရှိပါဘူး။
တစ်ခါ တစ်ရံ စကားပြော တဲ့ထဲမှာ အာရုံရောက်ပြီး ပွိုင့်လွှတ်ချိန်ကို မသိတာကြောင့် နောက်ကားမှ ဟွန်းတီးခံရ တာမျိုးလောက်ပဲ ရှိပါသည်။
၇။ ဒေါသသမား
ဒေါသသမားတွေကတော့ ဘယ်သူ့ကိုမှ ခွင့်မလွှတ်တတ်ပါဘူး။
သူတို့ကိုယ်တိုင် ယာဉ်စည်းကမ်း ချိုးချိုး၊ မချိုးချိုး တခြား ယာဉ်စည်းကမ်း ချိုးဖောက်သူတွေကို ဒေါသနဲ့ တုန့်ပြန်တတ်ပြီး အထူးသဖြင့် သူတို့ဆီမှာ အရေးကြီး ကိစ္စမျိုးတွေ ရှိနေတဲ့ အခါ ဒေါသ ပိုပြင်းတတ် ပါသည်။
တခြား ယာဉ်တစ်စီး စီးက အမှား လုပ်မိရင် ကားပေါ်ကဆင်းပြီး ပြဿနာရှာဖို့ ဝန်မလေးသလို တစ်ခါတစ်ရံ ခိုက်ရန် ဖြစ်တာမျိုးတွေတောင် လုပ်တတ်ကြသည်။
အေးအေးဆေးဆေး သမားတွေနဲ့ မတူတာက သူတို့ပြတင်း မှန်ချတာဟာ တစ်ယောက် ယောက်ကို အော်ဖို့အတွက်ဖြစ်ပြီး
ထိုယာဉ်မောင်းတွေက သူတို့ရဲ့ ဒေါသကြောင့်ပဲ ဒုက္ခ ပြန်ရောက်တာ များပါသည်။
ပြေရာပြေကြောင်း စကား ကောင်းကောင်း ပြောလို့မရတာကြောင့် ဒီလိုယာဉ်မောင်း တွေကို လည်း ရှောင်ရှား သင့်သည်။
၈။ နိုင်ငံသားကောင်း
ပျော်စရာကောင်းတဲ့ ယာဉ်မောင်းတွေ၊ ရှောင်ရမယ့် ယာဉ်မောင်းတွေအကြောင်း ပြီးသွားတဲ့အခါ နိုင်ငံသားကောင်း ပီသတဲ့ ယာဉ်မောင်းတွေ အကြောင်း ပြောချင်ပါသည်။
ဒီလိုလူတွေကိုလည်း လမ်းမတွေထက်မှာ မကြာခဏ တွေ့ရလေ့ရှိပြီး သူတို့ က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာ ကြသည်။
မောင်းနှင်ရာမှာ အန္တရာယ် ကင်းစေမယ့် အချက်တွေကို စနစ်တကျ သိထားပြီး စည်းကမ်း ချိုးဖောက်တာမျိုးလည်း မရှိပါဘူး။ ပြောရမယ်ဆိုရင် ဒီယာဉ်မောင်း ရှစ်မျိုးထဲမှာ အေးအေး ဆေးဆေးသမားနဲ့ နိုင်ငံသားကောင်း အမျိုးအစားတွေက အကောင်းဆုံးဖြစ်ပြီး အခါ အခွင့်သင့်ရင် သူတို့က သင့်ကို အကူအညီ တောင် ပေးတတ်ပါသည်။