ဂျပန်ကားသမိုင်းရဲ့ ဒုတိယကမ္ဘာစစ်ပြီး ကာလမှာ ကေကား ပေါ်ပေါက်လာခဲ့တယ်။ K-Car ဆိုတာက Kei car ကို ဆိုလိုပြီး အပေါ့စားကား လို့ ဆိုလိုပါတယ်။
ဂျပန်ပြည်တွင်းဈေးကွက်ထဲမှာ Kei car တွေ အရမ်းအောင်မြင်တယ်။ ၂၀၁၃ ခုနှစ်မှာ ကားအသစ် ရောင်းချတဲ့ စီးရေစုစုပေါင်းရဲ့ ၄၀ % ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အစိုးရက Kei car အခွန်ကို ထက်ဝက် ထပ်တိုးလိုက်ပြီးတဲ့အခါ ရောင်းအား လျော့ကျသွားခဲ့တယ်။ ၂၀၁၆ ခုနှစ််မှာ ပြည်တွင်းဈေးကွက် ကားအသစ် ရောင်းချတဲ့ စီးရေရဲ့ ၃၀% ဝန်းကျင်သို့ ရောက်ရှိသွားခဲ့တယ်။ အဲဒီဝေစုကို ဆက်လက် ထိန်းသိမ်းထားတယ်။ ၂၀၁၈ ခုနှစ် အရောင်းရဆုံးကားအမျိုးအစား ၁၀ စာရင်းမှာ ၄မျိုးဟာ ကေကားတွေဖြစ်ပြီး ဘောက်စ်ကားတွေ ဖြစ်တဲ့ Honda N-Box , Suzuki Spacia, Nissan Dayz နဲ့ Daihatsu Tanto တို့ ဖြစ်ပါတယ်။
ကေ-ကား အမျိုးအစားတွေဟာ ဂျပန်အစိုးရရဲ့ ပေါ်လစီကြောင့် ၁၉၄၉ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပြီး ကေ-ကား အမျိုးအစားအတွက် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကို အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်ပေးခဲ့တယ်။အဲဒီ စည်းမျဉ်းစည်းကမ်းတွေထဲမှာ ကားရဲ့ အရွယ်အစားဟာ ဘယ်ရွေ့ဘယ်မျှထက် ပိုမကြီးရဘူး၊ အင်ဂျင်က ဘယ်အရွယ်အစား ဖြစ်ရမယ်။ ပါဝါ ဘယ်လောက် ရှိရမယ် စတာတွေ ပါဝင်တယ်။ ကားပိုင်ရှင်တွေအတွက် အခွန်သက်သာခွင့်၊ ကားအာမခံကြေး သက်သာခွင့်တွေလည်း ပေးထားတယ်။ ကျေးလက်ဒေသတွေမှာ ယာဉ်ရပ်နားထားဖို့် နေရာ အခက်အခဲ မရှိတာမို့ ယာဉ်ရပ်နားထားရန် လုံလောက်သော နေရာရှိကြောင်း အတည်ပြုချက်လက်မှတ် ရှိဖို့ မလိုဘူး။
ပြည်ပ တင်ပို့ဖို့ ထုတ်လုပ်တဲ့ ကေကားတွေကိုတော့ ပြည်တွင်းသုံးစွဲရန် ထုတ်လုပ်တဲ့ကားတွေအပေါ် ပြဌာန်းထားတဲ့ အချက်တွေ လျော့ပေါ့ပေးပါတယ်။ သေးလွန်းနေရင်၊ ကန့်သတ်ချက်တွေ များနေရင် အမြတ်ရဖို့ မလွယ်တဲ့အပြင် ဈေးကွက်ကို ထိုးဖောက်ဖို့လည်း ခဲယဉ်းနေမှာ ဖြစ်လို့ အခုလို လျော့ပေါ့ပေးတာ ဖြစ်ပါတယ်။ ခြွင်းချက်ပြုပေးတာမို့ အင်ဂျင်အရွယ်ပိုကြီးကြီးဖြင့် ထုတ်လုပ်ကြပါတယ်။
ကေကားတွေကို လူကြီးပိုင်းတွေက ကြိုက်ကြတဲ့အပြင် လူငယ်ပိုင်းကလည်း ဈေးသက်သာတာကြောင့် ဝယ်စီးဖို့ တတ်နိုင်တဲ့ငွေနည်းနည်းနဲ့ ကွက်တိဖြစ်နေတာကြောင့် ဝယ်စီးကြပါတယ်။ ဂျပန်ပြည်တွင်းမှာ ကေကားအတွက် ကားနံပါတ်ပလိတ်ပြားကို အဝါရောင် သုံးတာမို့ ‘ပလိတ်ပြားအဝါ’ ကားတွေလို့လည်း ခေါ်ကြတယ်။ အိမ်သုံးဆိုရင် အမည်းဖြင့် စာနဲ့ နံပါတ်ကို အဝါအောက်ခံမှာ ဖော်ပြပါတယ်။
လုပ်ငန်းသုံးကားဆိုရင်တော့ အမည်းအောက်ခံမှာ အဝါရောင်ဖြင့် စာနဲ့ နံပါတ်ကို ဖော်ပြပါတယ်။
ကေ-ကား မျိုးဆက် သမိုင်းကြောင်းကို ခွင့်ပြုအင်ဂျင်အရွယ်အစားဖြင့် ပိုင်းခြားပါတယ်။
360-cc ခေတ်
360-cc ခေတ်ဟာ ၁၉၄၉ မှ ၁၉၇၅ ခုနှစ်အထိ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးချိန်မှာ ဂျပန်နိုင်ငံမှာ အရွယ်ပြည့် ကားတွေ ဝယ်စီးဖို့ မတတ်နိုင်ကြဘူး။ ဒီတော့ တတ်နိုင်တဲ့ငွေပမာဏဖြင့် လက်လှမ်းမီတာဆိုလို့ မော်တော်ဆိုင်ကယ်ပဲ ရှိလို့ မော်တော်ဆိုင်ကယ်တွေ ဝယ်စီးကြတယ်။
1958 Suzuki Suzulight SS
ဈေးသက်သာတဲ့ကားတွေ ထုတ်လုပ်ပေးမှ အများပြည်သူ ကားစီးနိုင်ကြမယ်။ ကားဝယ်စီးကြမှလည်း ကားထုတ်လုပ်ရေးကဏ္ဍ တိုးတက်ကြီးထွားနိုင်မယ်။ နောက်တစ်ချက်က မော်တော်ဆိုင်ကယ်တွေနဲ့ ပစ္စည်းသယ်နေကြရတဲ့ လုပ်ငန်း အသေးစားတွေ ဈေးဆိုင်ပိုင်ရှင်တွေအတွက် ကုန်သယ်ဖို့ အပေါ့စား ထရပ်ကားငယ် ထုတ်လုပ်ပေးရင် စီးပွားရေးလုပ်ငန်း အငယ်စားတွေ ကားဝယ်ပြီး လုပ်ငန်းမှာ သုံးစွဲနိုင်မယ်။ ကျေးလက်မှ လယ်သမားတွေလည်း ကုန်သည်ဖို့ ထရပ်ကား ရှိကြမယ်။ အဲဒီအချက်တွေအပေါ် အခြေခံပြီး ကေကားအမျိုးအစားနဲ့ သတ်မှတ်ချက်တွေကို အစိုးရကားမူဝါဒဖြင့် ၁၉၄၉ ခုနှစ်မှာ ပြဌာန်းပေးတယ်။
1960 Mazda R360
အင်ဂျင်အရွယ်စားက ၁၅၀ စီစီ ထက် မကြီးရ။ နှစ်လုံးထိုးအင်ဂျင်ဆိုရင် ၁၀၀ စီစီထက် မကြီးရ။ ကားအရွယ်အစားနဲ့ ဒီဇိုင်းက ကုန်စုံဆိုင်လို ဆိုင်ငယ်တွေမှာ ပစ္စည်းသယ်ဖို့ အဆင်ပြေမယ့် အရွယ်အစားကို သတ်မှတ်ပေးထားတယ်။ ၁၉၄၉ ခုနှစ်က ပြဌားန်သတ်မှတ်ချက်တွေကို အရွယ်ပိုကြီးပေးတဲ့ ပြင်ဆင်ချက်တွေ ပြဌားန်ပေးခဲ့တယ်။ တစ်ဆင့်ပြီး တစ်ဆင့် အရွယ်အစားကို ပိုကြီးတာ ခွင့်ပြုခဲ့တယ်။ ၁၉၅၀ မှာ တစ်ကြိမ်၊ ၁၉၅၁ မှာ တစ်ကြိမ်နဲ့ ၁၉၅၅ မှာ တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ပြင်ဆင်ချက် ထုတ်ပြန်ပေးခဲ့တယ်။
၁၉၅၅ ခုနှစ်မှာ ပြင်ဆင်ချက်အရ ကေကားတွေကို အင်ဂျင် ၃၆၀ စီစီအထိ ခွင့်ပြုတယ်။ အင်ဂျင်က နှစ်လုံးထိုးဖြစ်ဖြစ် လေးလုံးထိုးဖြစ်ဖြစ် အတူတူ ခွင့်ပြုပေးလိုက်တယ်။ ပြင်ဆင်ချက်နဲ့အညီ ကေကားမော်ဒယ်အသစ်တွေ ထုတ်လုပ်ကြတာ ဈေးကွက်ထဲ စတင်ရောက်ရှိလာခဲ့ပါတယ်။ လူကြိုက်များ ရောင်းအားကောင်းပြီး ထင်ရှားတဲ ကေကားတွေ ထွက်ပေါ်လာတယ်။ ၁၉၅၅ မှာ Suzuki Suzulight နဲ့ ၁၉၅၈ မှာ Subaru 360 တို့ဟာ ၃၆၀ စီစီ အင်ဂျင်ထိုင်ပေးထားတဲ့ ကေကားတွေ ဖြစ်ပါတယ်။
1972 Daihatsu Fellow Max Hardtop TL
၁၉၅၅ မှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန MITI Ministry of International Trade and Industry က မူဝါဒအသစ်တစ်ခု ရေးဆွဲပြီး “အမျိုးသားကား” "national car" ထုတ်လုပ်ဖို့ ပန်းတိုင်တွေ ချမှတ်တယ်။ "national car" တွေအတွက် အရွယ်အစား သတ်မှတ်ချက်တွေက ကေကားတွေထက် အရွယ်အစား ပိုကြီးမားတယ်။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ဦးတည်ချက် ၂ ရပ်ဖြင့် လုပ်ကိုင်ကြတယ်။ တစ်မျိုးက လုပ်လက်စ ကေကားတွေ ဆက်လက်ဖွံ့ဖြိုးရေး ဖြစ်ပြီး နောက်တစ်မျိုးက အရွယ်ပိုကြီးတဲ့ အမျိုးသားကား မော်ဒယ်တွေ ထုတ်လုပ်ရောင်းချနိုင်ဖို့ ဖြစ်ပါတယ်။
ကေကားတွေကို ဆက်လက်ဖွံ့ဖြိုးရေး လုပ်ဆောင်တာမှာ အရွယ်ငယ်ငယ်ဖြင့် လုပ်ကိုင်ရတဲ့အပြင် ယာဉ်စည်းကမ်းတွေကလည်း ကားဒီဇိုင်းကို အဆုံးအဖြတ်ပေးတယ်။ မြို့ပြတွေမှ ကားကို အမြန်နှုန်း တစ်နာရီ ၄၀ ကီလိုမီတာထက် မပိုဖို့ ကန့်သတ်ထားတယ်။ အဲဒီကန့်သတ်ချက် ဘောင်ထဲမှာပဲ ဒီဇိုင်းထုတ်ကြတယ်။ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းကျမှ တစ်နာရီ ၆၀ ကီလိုမီတာ အမြန်နှုန်း ဖြင့် မောင်းနှင်ခွင့်ပေးတယ်။ မိုင်အားဖြင့် တစ်နာရီ ၃၇ မိုင် ဝန်းကျင် ဖြစ်ပါတယ်။
ကေကားတွေကို အရည်အသွေး ပိုမြင့်မားအောင် ကြံဆလုပ်ကိုင်ကြတယ်။ ခေတ်မီအောင် လုပ်တယ်။ အော်တိုဂီယာနဲ့ ထုတ်တဲ့ ကားတွေ ထွက်ပေါ်လာတယ်။ ၁၉၆၈ ခုနှစ် ဩဂုတ်လမှာ ဈေးကွက်ထဲ စတင်မောင်းဝင်လာတဲ့ Honda N360 ဟာ အော်တိုဂီယာနဲ့ ဖြစ်ပါတယ်။ ကေကားတွေကို ထရပ်ကားငယ်အပြင် အိမ်စီးဆလွန်းကားငယ်တွေလည်း ထုတ်လုပ်ကြတယ်။ အိမ်စီးပြိုင်ကား ကေကားကိုတောင် ထုတ်လုပ်ခဲကြတယ်။ ဥပမာ ၁၉၇၀ နှစ်ဆန်းမှ ထုတ်လုပ်ခဲ့တဲ့ Honda Z GS နဲ့ ၁၉၇၀ နှစ်လယ်မှာ ထုတ်လုပ်ခဲ့တဲ့ Daihatsu Fellow Max SS ။
ကေကားတွေ တရပ်ကားရော အိမ်စီးဆလွန်းကားရော ရောင်းအား တရိပ်ရိပ် တက်တယ်။ အရွယ်သာငယ်တယ် ကားထဲမှာ ပါတာတွေက နောက်ဆုံးပေါ် အကောင်းစားတွေ ဖြစ်နေတာမို့ လူကြိုက်များကြတယ်။ ၁၉၇၀ ခုနှစ်မှာ ဂျပန်ပြည်တွင်း ဈေးကွက်ထဲ ကေကားအမျိုးမျိုး စီးရေ ၇၅၀,၀၀၀ ရောင်းရတဲ့အထိ မြင့်မားခဲ့ပါတယ်။
၁၉၇၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ ဂျပန်အစိုးရက ကေကားတွေအပေါ် ပေးထားတဲ့ အခွန်သက်သာခွင့်ကို ရုပ်သိမ်းတယ်။ ကားတွေက ထုတ်လွှတ်တဲ့ မီးခိုးနဲ့ ဓာတ်ငွေ့ကြောင့် လေထုညစ်ညမ်းရတာကိုလည်း အတိုင်းအတာ တစ်ခုအထိ လျော့ကျအောင် လုပ်ခိုင်းတယ်။ ကေကား ထုတ်လုပ်ရတာ စရိတ်မြင့်မားကုန်တယ်။ ဈေးသက်သက်သာသာဖြင့် ရောင်းမယ်ဆိုရင် တွက်ခြေမကိုက်တော့ဘူး။
အစိုးရရဲ့ တင်းကျပ်လိုက်တဲ့ ကားမူဝါဒသစ်ကြောင့် ကေကားကဏ္ဍမှ Honda က ၁၉၇၄ ခုနှစ်မှ ထွက်လိုက်တယ်။ Mazda က ၁၉၇၆ ခုနှစ်မှ ထွက်လိုက်တယ်။ ကေကား အိမ်စီးဆလွန်းကား ထုတ်လုပ်မှုတွေ ရပ်ပစ်လိုက်ပြီး လုပ်ငန်းသုံး ကုန်တင်ကားငယ်တွေကိုတော့ နည်းနည်းပါးပါး ဆက်လက်ထုတ်လုပ်တယ်။
550-cc ခေတ်
550-cc ခေတ်ဟာ ၁၉၇၆ မှ ၁၉၉၀ ခုနှစ်အထိ ဖြစ်ပါတယ်။ အစိုးရ မူဝါဒ အပြောင်းအလဲကြောင့် ကေကားတွေ ရောင်းအား ဆက်လက်ကျဆင်းတယ်။ ၁၉၇၅ မှာ စီးရေ ၁၅၀,၀၀၀ သာ ရောင်းရတယ်။ ၁၉၇၀ ခုနှစ်က ရောင်းအားထက် ၈၀% နည်းနေတယ်။ ကေကားတွေ ဆက်လက် ရပ်တည်နိုင်မှာလားဆိုတာ မေးစရာ ဖြစ်နေတယ်။ Honda နဲ့ Mazda ကတော့ ကေကားလောကကို ကျောခိုင်းထားလိုက်ကြပြီ။
ကားအိပ်ဇောမှ စွန့်ထုတ်မှုကို လေထုညစ်ညမ်းမှု နည်းပါးအောင် စံနှုန်းတွေ ပြဌာန်းတဲ့ စွန့်ထုတ်မှုဥပဒေများ Emissions laws ဟာ ကေကားထုတ်လုပ်မှု လုပ်ငန်းနယ်ငယ်အဖို့ အခက်အခဲတစ်ခု ဖြစ်နေစေတယ်။ ၁၉၇၃ မှ ၁၉၇၈ ခုနှစ်အတွင်းမှာ စံနှုန်းတွေကို အဆင့်လေးဆင့်ဖြင့် ဝက်အူရစ် တင်းသွားတယ်။ အပြင်းထန်ဆုံးအဆင့်ကို ၁၉၇၅ ခုနှစ်မှာ စတင်သက်ဝင်တယ်။ ကေကား ထုတ်လုပ်သူတွေ ခေါင်းခဲကုန်တယ်။
Daihatsu Hijet S40 microvan
အထူးသဖြင့် နှစ်လုံးထိုး အင်ဂျင်ဖြင့် ကေကားတွေ ထုတ်လုပ်တဲ့ Daihatsu နဲ့ Suzuki တို့အဖို့ အခက်ကြုံတယ်။ ပြဌာန်းထားတဲ့ စံနှုန်းတွေဖြစ်ဖို့ဆိုရင် ၃၆၀ စီစီ အင်ဂျင်မှာ လုပ်ဖို့ မဖြစ်နိုင်ဘူး။ အင်ဂျင်ပိုကြီးဖို့ လိုအပ်တယ်။ အင်ဂျင်ပိုကြီးရင် ကားအရွယ်အစားလည်း လိုက်လျောညီထွေ ပိုကြီးပေးဖို့ လိုတယ်။ နောက်ဆုံးမှာတော့ အစိုးရက ကားအရွယ်အစား ကန့်သတ်ချက်ကို ပိုကြီးပေးလိုက်တယ်။ အင်ဂျင်အရွယ်အစားကိုလည်း ၅၅၀ စီစီအထိ ကြီးခွင့် ပေးလိုက်တယ်။ ပြဌာန်းအချက်အသစ်ကို ၁၉၇၅ ခုနှစ် ဩဂုတ်လ ၂၆ ရက်မှာ ထုတ်ပြန်ပေးပြီး ၁၉၇၆ ခုနှစ် နှစ်ဆန်း တစ်ရက်နေ့မှာ စတင်သက်ရောက်တယ်။
ကားထုတ်လုပ်သူတွေအဖို့ လက်ရှိဒီဇိုင်းကို သုံးသပ်ပြီး အရွယ်ပိုကြီးတဲ့ ကိုယ်ထည်နဲ့ အင်ဂျင်တို့ဖြင့် ဒီဇိုင်းအသစ်ထုတ်ဖို့ အချိန်တိုတောင်းလွန်းနေတယ်။ ဒါပေမဲ့ ကေကား ထုတ်လုပ်သူ အများစုက ၅၀၀ စီစီ အင်ဂျင်ကို အစောကတည်းက ဒီဇိုင်းလုပ်ထားပြီးသား ဖြစ်နေတယ်။ ၅၅၀ စီစီ ခွင့်ပြုရမှာပဲ ဆိုတာကို ကြိုတွက်ထားပြီးသား ဖြစ်နေကြတယ်။ ဒီတော့ ၅၀၀ စီစီ ဝန်းကျင်ရှိတဲ့ အင်ဂျင် ထိုင်ပေးထားပြီး အရင်ကထက် နည်းနည်း အရွယ်ပိုကြီးတဲ့ ကေကားတွေကို ထုတ်လုပ်ကြတယ်။ တစ်ချိန်တည်းမှာပဲ ၅၅၀ စီစီ အရွယ်အစား အင်ဂျင်တွေကို ဒီဇိုင်းထုတ်ကြတယ်။
ဈေးကွက်ထဲမှာတော့ ကေအား ရောင်းအားက ထပ်လည်းမတက် ထပ်လည်းမလျော့ မှန်တန်းမှာပဲ ဆက်ရှိနေတယ်။ ကားဈေးကွက်မှာ ဝေစုကတော့ လျော့ကျတယ်။ လူတွေကို ကားဝယ်ဖို့ ငွေပိုသုံးနိုင်လာကြပြီဖြစ်လို့ ဂျပန်ပြည်တွင်း ကားဈေးကွက် ပိုကြီးထွားလာပေမဲ့ လူတွေက အရွယ်ပိုကြီးတဲ့ အမျိုးသားကား အတန်းအစားမှ ကားတွေကို ဝယ်စီးတာ ပိုများလာလို့ ဖြစ်ပါတယ်။
အဲဒီအခြေအနေထဲမှာ ကေကား ထုတ်လုပ်သူတွေက ကေကားတွေကို ပြည်ပတင်ပို့ပြီး ပြည်ပဈေးကွက်တွေကို ထိုးဖောက်ကြတယ်။ အိမ်စီးကားနဲ့ ထရပ်ကား ကေကား နှစ်မျိုးစလုံး ပြည်ပဈေးကွက်တင်ပို့မှု ပိုများလာတယ်။ ထရပ်ကားလေးတွေ ရောင်းအား ပိုကောင်းတယ်။ အိမ်စီးကေကားတွေကတော့ ရောင်းအား ကျဆင်းတယ်။ ကေကား ထုတ်လုပ်သူတွေက ကေကားတွေကို ပိုကောင်းအောင် လုပ်ပေးပြီး ပြည်ပတင်ပို့ကြတယ်။ လေအေးပေးစက်ထည့်ပေးတယ်။ တာဘိုအင်ဂျင် တပ်ပေးတယ်။ လေးဘီးယက်အဖြစ် ထုတ်လုပ်ပေးတာတွေလည်း ရှိတယ်။ အဲဒီလို အဆင့်မြှင့်တာတွေအတွက် အင်ဂျင်ကို အရွယ်ပိုကြီးပေးရင် လုပ်ရကိုင်ရတာ ပိုအဆင်ပြေမယ်။
ပြည်ပပို့ကုန်အဖြစ် အောင်မြင်နေတဲ့ ကေကားထုတ်လုပ်မှုကို ပြန်လည်သုံးသပ်ပေးပြီး ကန့်သတ်ချက်တွေ ပြင်ဆင်သတ်မှတ်ပေးဖို့ လိုအပ်လာတယ်။
660-cc ခေတ်
660-cc ခေတ်ကို ၁၉၉၀ မှ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ ၁၉၉၀ ခုနှစ် မတ်လမှာ အစိုးရက ကေကားမူဝါဒကို ပြန်လည် သုံးသပ်တယ်။ ကန့်သတ်ချက်တွေ ပြင်ဆင်သတ်မှတ်ပေးတယ်။ ပြည်ပဈေးကွက်မှာ ရောင်းပန်းလှမယ့် ကေကားတွေ ဖြစ်စေဖို့ ရည်ရွယ်တယ်။
အင်ဂျင်အရွယ်အစားကို ၁၀၀ စီစီ ထပ်တိုးပေးလိုက်လို့ ၅၅၀ စီစီ အစား ၆၆၀ စီစီ အင်ဂျင်ကို သုံးလို့ ရသွားတယ်။ ကားအလျားကို ၄ လက်မနီးပါး ပိုရှည်ခွင့်လည်း ပေးလိုက်တယ်။ အရင်က ပါဝါကန့်သတ်ချက် မထားရှိပေမဲ့ အခုပြဌာန်းချက်မှာတော့ ပါဝါကို ၆၃ မြင်းကောင်ရေထက် မပိုစေရလို့ သတ်မှတ်ပေးထားတယ်။ ကေကားအင်ဂျင်ိအများစုဟာ အများဆုံးအနေဖြင့် မြင်းကောင်ရေ ၆၀ ဝန်းကျင်အထိသာ လုပ်ပေးနိုင်တာမို့ အဆင်ပြေပါတယ်။
Smart K
660-cc ခေတ်မှာ အရောင်းရဆုံး ကေကားက Suzuki Wagon R ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စက်ရုံထူထောင်ပြီး တပ်ဆင်ထုတ်လုပ် ရောင်းချခဲ့တဲ့ ကေကား ဖြစ်ပါတယ်။ ၂၀၁၁ မှာ တိုယိုတာက ကေကားနယ်ပယ်ထဲ ခြေချခဲ့ပြီး Toyota Pixis Space ကို ထုတ်လုပ်ခဲ့တယ်။ တကယ်တော့ Daihatsu Move Conte ကို တံဆိပ်ပြောင်းကပ်ထားတာ လို့ ဆိုနိုင်ပါတယ်။ Nissan နဲ့ Mitsubishi တို့ ပေါင်းပြီး Mitsubishi eK ကေကားကို ထုတ်လုပ်ရောင်းချကြတယ်။ အဲဒီကားမော်ဒယ်ကိုပဲ Nissan Dayz ၊ Nissan Otti အမည်များဖြင့်လည်း တံဆိပ်ပြောင်းကပ်ပြီး ရောင်းချကြတယ်။
Honda က ကေကားတွေ ပြန်လည် ထုတ်လုပ်တယ်။ N-one, N-Box နဲ့ N-WGN တို့ကို ထုတ်လုပ်တယ်။
၂၀၁၄ မှ ယခုအထိ
၂၀၁၄ ဧပြီလမှာ အစိုးရက မူဝါဒအသစ်ကျင့်သုံးတယ်။ ကေကားတွေအတွက် ပေးထားတဲ့ သက်ညှာမှုတွေ ရုပ်သိမ်းတယ်။ ရောင်းခွန်ကို တိုးကောက်တယ်။ ဓာတ်ဆီခွန်ကိုလည်း တိုးကောက်တယ်။ ကားပိုင်ဆိုင်မှုအတွက် ကောက်တဲ့အခွန်ကိုလည်း တိုးကောက်တယ်။ အရွဘ်သေးတဲ့ ကေကားတွေကို ပုံမှန်အရွယ်အစား ကားတွေထက် လျှော့ပေါ့ပေးထားတဲ့ အခွန်တွေကို တိုးကောက်လိုက်တာ ဖြစ်ပါတယ်။
ကေကား အမြောက်အမြားကို ပြည်တွင်းနဲ့ ပြည်ပ ဈေးကွက်များအတွက် ထုတ်လုပ်တဲ့ ကားထုတ်လုပ်တဲ့ လုပ်ငန်းများမှာ Daihatsu, Honda, Mitsubishi နဲ့ Suzuki တို့ ဆက်လက် ပါဝင်နေဆဲ ဖြစ်ပါတယ်။ Nissan က Mitsubishi နဲ့ Suzuki မော်ဒယ်တွေကို တံဆိပ်ပြန်ကပ်ပြီး ရောင်းတယ်။ Toyota နဲ့ Subaru တို့က Daihatsu မော်ဒယ်တွေကို တံဆပိပြန်ကပ်ပြီး ရောင်းတယ်။
လျှပ်စစ်ကားခေတ်ကို ကားလောက ချဉ်းနင်း ဝင်ရောက်နေပြီဖြစ်လို့ လျှပ်စစ် ကေကား Electric kei car တွေ ထုတ်လုပ်ရောင်းချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။
Gallery