Kawasaki က လျှပ်စစ်မော်တော်ဆိုင်ကယ်များသာ ထုတ်လုပ်တော့ရန် စီစဉ်ဆောင်ရွက်လျက်ရှိ


ဂျပန်ကုမ္ပဏီတွေက ဖွံ့ဖြိုးပြီး နိုင်ငံတွေထဲမှာ စိမ်းလန်းရေး ဦးဆောင်သူ ဖြစ်ဖို့ ရည်မှန်းချက် ထားရှိကြတယ်။ 
 Kawasaki Heavy Industries က ၂၀၃၅ ခုနှစ်မှာ ထုတ်လုပ်သမျှ မော်တော်ဆိုင်ကယ် အကုန်လုံး လျှပစစ်မော်တော်ဆိုင်ကယ်တွေချည်း ဖြစ်ဖို့ ရည်မှန်းချက်ထားရှိပြီး စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ 
အကြိုကာလအတွင်း ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်မော်တော်ဆိုင်ကယ် မော်ဒယ် ၁၀ မျိုးကျော်ကို ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် ချထားပါတယ်။ 
ဓာတ်ဆီအင်ဂျင်ကနေ လျှပ်စစ်မော်တာကို ပြောင်းလဲသုံးစွဲတာအတွက် ကြီးမားတဲ့ စိန်ခေါ်မှုများ ရှိနေပါတယ်။ 
သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ကိုင်ရတဲ့အတွက် ကုန်ကျစရိတ်တွေ ရှိတယ်။
မော်ဒယ်အမျိုးမျိုးကို စီးရတဲ့ အရသာ မတူအောင် အမြင်ခန့်ထည်ပြီး ဝယ်စီးချင်စရဖြစ်နေအောင် ဒီဇိုင်းထုတ်နိုင်ဖို့ လိုတယ်။
ဆိုင်ကယ်ကို ခွစီးတဲ့ ဆိုင်ကယ်ချစ်သူတွေအနေဖြင့် ဓာတ်ဆီအင်ဂျင် ဆိုင်ကယ်စီးတုန်းက အရသာမျိုးကို လျှပ်စစ်မော်တော်ဆိုင်ကယ်က ပေးစွမ်းနိုင်စွမ်း ရှိဖို့လည်း လိုတယ်။ အခက်ဆုံးလို့ ပြောနိုင်တာက ဆိုင်ကယ်စက်သံ တညံညံဖြင့် တဝေါဝေါ မောင်းသွားတဲ့အသံမျိုးကို လျှပ်စစ်မော်တာဆိုင်ကယ်တွေမှ မရနိုင်တော့တာ ဖြစ်တဲ့အပြင် ပတ်ဝန်းကျင် ဆူညံသံ အနှောက်အယှက် မဖြစ်ရအောင် အသံလုံလုံဖြင့် မောင်းတဲ့ ဆိုင်ကယ်အဖြစ်ဖြင့် ထုတ်လုပ်ပေးရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဈေးကွက်က ကိုဗစ်ကြောင့် အသွားအလာတွေ ချုပ်ချယ်ထားလို့ ဆိုင်ကယ်တွေ ရောင်းအား ငြိမ်သက်နေတယ်။ ဈေးကွက်က စက်သေနေသလို ဖြစ်နေတာကို စက်နိုးလာဖို့ စောင့်နေတဲ့အချိန်အခါ ဖြစ်ပါတယ်။ 
ပြန်လည်နိုးကြားလာချိန်မှာ ဈေးကွက်ဝေစု ရရှိဖို့အတွက် Kawasaki Motors ကို မိခင်ကုမ္ပဏီမှ အောက်တိုဘာလဆန်းမှာ ခွဲထုတ်ခဲ့ပါတယ်။ 

မိခင် ကုမ္ပဏီ Kawasaki Heavy Industries က လျှပ်စစ်၊ ဟိုက်ဒြိုဂျင် အစရှိတဲ့ စွမ်းအင်တွေကို အာရုံစိုက်မှာ ဖြစ်ပြီး ခွဲထုတ်လိုက်တဲ့ လုပ်ငန်းတွေက ထုတ်လုပ်ရေး၊ ဈေးကွက်တင်ခြင်း အစရှိတာတွေကို ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့အညီ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ 
 Kawasaki Motors မော်တော်ဆိုင်ကယ် ကုမ္ပဏီအနေဖြင့် လက်ရှိ ဘဏ္ဍာရေးနှစ်မှာ ရရှိနေတဲ့ အမြတ်မာဂျင် ၆.၁ % ကို   ၂၀၃၀ ခုနှစ်မှာ အမြတ်မာဂျင် ၈% ဖြစ်အောင် လုပ်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။ 
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ မိတ်ဖက်ကျတဲ့ မော်တော်ဆိုင်ကယ်မျိုးတွေကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်တဲ့ Kawasaki မော်တော်ဆိုင်ကယ် မရှိသေးဘူး။ လာမယ့် ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်မော်တော်ဆိုင်ကယ် အနည်းဆုံး ၁၀ မျိုး ထုတ်လုပ်ဖို့လည်း ရည်မှန်းချက် ထားရှိပါတယ်။ ၂၀၃၅ ခုနှစ် မတိုင်ခင်မှာ ဂျပန်၊ အမေရိကန်၊ ကနေဒါနဲ့ ဩစတေးလျ နိုင်ငံတို့ရှိ စက်ရုံများမှာ ထုတ်လုပ်နေတဲ့  Kawasaki မော်တော်ဆိုင်ကယ်အားလုံး လျှပ်စစ်မော်တော်ဆိုင်ကယ်တွေချည်း ဖြစ်ဖို့ကိုလည်း ပန်းတိုင်ချမှတ်ထားပါတယ်။ 
နောက်ထပ် မူကွဲတစ်မျိုးကိုလည်း ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ဟိုက်ဒြိုဂျင်ဖြင့် ခုတ်မောင်းတဲ့ အင်ဂျင်ကို သုံးစွဲထားတဲ့ မော်တော်ဆိုင်ကယ်တွေ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ 


၂၀၂၀ ခုနှစ်မှာ Kawasaki Heavy Industries မှ ထုတ်လုပ်တဲ့ မော်တော်ဆိုင်ကယ် စီးရေ ၃၈၀,၀၀၀ ရောင်းချခဲ့ရတယ်။ ကမ္ဘာဈေးကွက် ဝေစုကို ကြည့်ရင်တော့  Kawasaki အမှတ်တံဆိပ်က ဝေစု ၁% မျှသာ ရှိပါတယ်။ ဒါပေမဲ့ ဂျပန်နဲ့ မြောက်အမေရိက ဈေးကွက်တွေထဲမှာ အမာခံ ပရိသတ် ရှိနေတယ်။ 

ကမ္ဘာ့ မော်တော်ဆိုင်ကယ် ဝယ်လိုအားကို ကြည့်ရင် ၂၀၂၀ ခုနှစ်မှာ စီးရေ ၄၄ သန်းခွဲခန့် ရောင်းချရတယ်။ ၂၀၁၉ ခုနှစ်ထက် ၂၀% လျော့ကျသွားခဲ့ပါတယ်။ 
ဒါပေမဲ့ ယခုအခါ မော်တော်ဆိုင်ကယ်ဖြင့် သွားလာရင် လူအုပ်ကြားထဲ အတူ ရထားစီးခြင်း၊ ဘတ်စ်ကားစီးခြင်းများ ကင်းဝေးတာကြောင့် ပိုးကူးခံရမယ့်အရေးမှ ကင်းဝေးလို့ မော်တော်ဆိုင်ကယ် စီးတဲ့သူ ပိုများလာနေပါတယ်။  အဲဒီအချက်ကြောင့်  ၂၀၂၁ မှာ ရောင်းအား ပြန်များလာနေတာ တွေ့ကြရတယ်။ 


မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုမှာ Honda က သရဖူဆောင်းထားဆဲ ဖြစ်ပါတယ်။ Honda ကလည်း လျှပ်စစ်မော်တော်ဆိုင်ကယ်တွေ ဓာတ်ဆီအင်ဂျင်ဖြင့် ထုတ်လုပ်မှုကို ၂၀၅၀ ခုနှစ် နောက်ဆုံးထားပြီး ရပ်ဆိုင်းဖို့ ပန်းတိုင် ထားရှိပါတယ်။ 
Yamaha Motor ကတော့ ၂၀၅၀ ခုနှစ်မှာ ထုတ်လုပ်တဲ့ မော်တော်ဆိုင်ကယ်တွေရဲ့ ၉၀% ကို လျှပ်စစ်မော်တော်ဆိုင်ကယ် ဖြစ်စေရမယ်လို့ ပန်းတိုင် ထားရှိပါတယ်။ 
 

Read 4849 times