Kawasaki က ၂၀၂၂ တွင် လျှပ်စစ်ဆိုင်ကယ် ၃ မျိုး ထုတ်လုပ်မည်ဟု ကတိပြု


Kawasaki က ၂၀၂၂ တွင် လျှပ်စစ်ဆိုင်ကယ် ၃ မျိုး ထုတ်လုပ်မည်ဟု ကတိပြု

Kawasaki သည် လျှပ်စစ်မော်တော်ဆိုင်ကယ် ကဏ္ဍတွင် ပါဝင်ဆင်နွှဲရန် လျှပ်စစ်မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ဖို့ စီစဉ်နေသည်။
၂၀၂၅ ခုနှစ်တွင် လျှပ်စစ်မော်တော်ဆိုင်ကယ်များကိုသာ ထုတ်လုပ်ရောင်းချမည်ဟုလည်း ၂၀၂၁ နိုဝင်ဘာလက ကြေညာခဲ့သည်။
ထိုပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့ Kawasaki က လာမည့်နှစ် ၂၀၂၂ တွင် လျှပ်စစ်မော်တော်ဆိုင်ကယ် မော်ဒယ် ၃ မျိုးကို ထုတ်လုပ်မည် ဖြစ်ကြောင်း 2021 EICMA Milan Motorcycle Show တွင်  Kawasaki ၏ စီအီးအို  Hiroshi Ito က ပရိသတ်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ 
“ကတိတဝတ်အသစ်တစ်ခုကို ကျွန်တော် အသိပေးဝေမျှချင်ပါတယ်။ လာမယ့်နှစ် ၂၀၂၂ မှာ ကျွန်တော်တို့ ကမ္ဘာတစ်လွှားမှာ အနည်းဆုံးအနေဖြင့် လျှပ်စစ်မော်တော်ဆိုင်ကယ် ၃ မျိုးကို ပြသပါမယ်။ အဲဒါ ကတိပေးပါတယ်”
ဟု သူက ပြောကြားသည်။ 

 Kawasaki ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနတွင် လျှပ်စစ်မော်တော်ဆိုင်ကယ်ကို ဖန်တီးနေသည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း ယခုအထိ တစ်စီးမှ ပွဲမထုတ်သေးချေ။ ထုတ်လုပ်မည့် သတင်းပလင်းလည်း မထွက်ပေါ်သေးပေ။ ထိုသို့ ရှိရာမှ Hiroshi Ito က ယခုလို ကတိကဝတ်ပေးလိုက်ခြင်း ဖြစ်သည်။ 

Harley-Davidson သည် Harley-Davidson LiveWire လျှပ်စစ်မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချနေသည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ 
Zero Motorcycles Inc သည် လျှပ်စစ်မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချခဲ့သည်မှာ ၁၅ နှစ် ရှိတော့မည် ဖြစ်သည်။ 

ဂျပန်မှ မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့်  မဟာလုပ်ငန်း ၄ ပါး ( Big Four Japanese motorcycle manufacturers) မှာ Honda (၁၉၄၆ တွင် စတင်ထုတ်လုပ်)၊ Suzuki (၁၉၅၂ တွင် စတင်ထုတ်လုပ်)၊ 
Kawasaki (၁၉၅၄ တွင် စတင်ထုတ်လုပ်)၊ Yamaha (၁၉၅၅ တွင် စတင်ထုတ်လုပ်) တို့ ဖြစ်ကြပြီး Yamaha နှင့် Honda တို့သည် လျှပ်စစ်စကူတာများ ထုတ်လုပ်ရောင်းချကြသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။ သိုသော် လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်ရန် ကတိကဝတ် မပြုကြသေးချေ။ Suzuki  ကလည်း လျှပ်စစ်စကူတာ ထုတ်လုပ်ရန် စီမံကိန်း လုပ်ကိုင်နေသော်လည်း လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်ရန် အချိန်ဇယားနှင့် မော်ဒယ်အရေအတွက်တို့ကို စကားမဟသေးချေ။
Kawasaki က အချိန်ဇယားနှင့် မော်ဒယ်အရေအတွက်တို့ကို စကားဟရုံမျှမက ကတိကဝတ်ပြုလိုက်ခြင်း ဖြစ်ပါသည်။ 
 

 

Read 3183 times