ယာဉ်မှန်/မမှန် စစ်ဆေးရန် ကြိုတင်ရက်ချိန်းယူခြင်းကို တစ်ရက်လျင် ယာဉ်အစီးရေ ၇၀ ခန့် လုပ်ငန်းလုပ်ဆောင်ရန် သတ်မှတ်ထားရာမှ ယာဉ်အစီးရေ အကန့်သတ်မရှိဖွင့်ချ၍ online booking တင်ခွင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယာဉ်မှန်/မမှန် စစ်ဆေးပေးနေလျှက်ရှိသော online booking ယူစနစ်တွင် အမှန်တကယ် ယာဉ်စစ်ဆေးခြင်းမရှိဘဲ ယာဉ်အမျိုးအစား၊ ကားနံပါတ်များတင်ထားပြီး ကြိုတင်နေရာဦး၍ ရက်ချိန်းယူထားသူများရှိနေရာ ယာဉ်မှန်/မမှန် စစ်ဆေးသော online booking တင်ခြင်းလုပ်ငန်းအား ယာဉ်အစီးရေ ကန့်သတ်မထားတော့ဘဲ စမ်းသပ်သောသဘောဖြင့် online booking တင်ခြင်း ခွင့်ပြုလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ယာဉ်မှန်/မမှန် စစ်ဆေးဖို့ online booking တင်တာ၊ ကြိုတင်နေရာဦးရက်ချိန်းယူထားတဲ့ ပြဿနာကြောင့် တကယ်စစ်မယ့်ကားတွေက online booking တင်ဖို့အခက်အခဲဖြစ်နေကြရတယ်။ ကြိုတင်နေရာဦးတဲ့သူတွေ လုပ်လို့မရအောင် ကားအစီးရေကိုမကန့် သတ်တော့ဘဲ ဖွင့်ချပြီး စမ်းသပ်သွားမှာပါ။” ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယာဉ်မှန်/မမှန် စစ်ဆေးခြင်းလုပ်ငန်းအား လာရောက်စစ်ဆေးမှုအတွက် ယာဉ်စစ်ဆေးခ ၅,၀၀၀ ကျပ်မှလွဲ၍ အပိုငွေပေးသွင်းရန်မလိုအပ်ဘဲ တရားဝင်မှတ်ပုံတင်ယာဉ် ဟုတ်/မဟုတ်၊ ယာဉ်မှန်/မမှန် စစ်ဆေးပေးခြင်းကို ယာဉ်မှတ်တမ်းမရှိသော နေရာများ၌လည်းကောင်း၊ ရုံးပြင်ပနေရာများ၌လည်းကောင်း ယာဉ်မှန်/မမှန် စစ်ဆေးခြင်းကို မပြုလုပ်နိုင်ဘဲ ရုံးပြင်ပတွင်ငွေကြေးများ လိမ်လည်တောင်းခံ၍ ကညနအင်ဂျင်နီယာများမှ ယာဉ်စစ်ပေးမည်ဟု ပြောဆိုလိမ်လည်သူများတွေ့ရှိပါက သက်ဆိုင်ရာ ကညနရုံးများထံ ဆက်သွယ်အသိပေးအကြောင်းကြားပေးကြပါရန် သတိပေးနှိုးဆော်ထားသည်။