ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်နေမှုကြောင့် မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်မှုကို ခေတ္တယာယီ ရပ်ဆိုင်းထားသော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများအနေဖြင့် မော်တော်ယာဉ်အသစ်များ ကနဦးမော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက် နိုင်ရန် ယခု ၂၀၂၀ ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်း ရုံးချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်နှင့်ရွာသာကြီး အပါအဝင် မန္တလေးနှင့် နေပြည်တော် စသော ကညနရုံးလေးရုံးကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်ပေးပြီဖြစ်ကြောင်း၊ အွန်လိုင်းမှ ကြိုတင် စနစ်များဖြင့်လည်း ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကနဦးမော်တော် ယာဉ်မှတ်ပုံတင်ဌာန(ထောက်ကြန့်)ရုံးမှ သိရသည်။
“ကျွန်တော်တို့ ကိုဗစ်-၁၉ ရောဂါကြီးဖြစ်နေလို့ နှစ်ကြိမ်ပိတ်ခဲ့ရတယ်။ဒီနေ့မှာ ဒုတိယအကြိမ်ပိတ်ခြင်းကို ပြန်ဖွင့်ပေးတာပါ။ ဒါကတော့ ကျွန်တော်တို့ ထောက်ကြန့်(ကညန)ရုံးပါ။ဒါ့အပြင် ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းကို အခြားရုံး သုံးရုံးမှာလည်း ဒီနေ့ကစပြီး ပြန်လည်လုပ်ပေးနေပါပြီ။ ဒါ့အပြင် လာရောက်ဆောင်ရွက်တဲ့လူတွေ အခက်အခဲ မဖြစ်ဖို့ကိုလည်း အွန်လိုင်း Booking စနစ်နဲ့ ဆောင်ရွက် ပေးပါတယ်။
ဒီအတွက်လာပြီး ဆောင်ရွက်မယ့်သူဟာ သူလာရမယ့်အချိန်၊ သူလာရမယ့်ရက်ကို ကြိုတင် တွက်ဆပြီး ဆောင်ရွက်နိုင်တဲ့အတွက် လုပ်ငန်းတွေလည်း အဆင်ပြေစေပါတယ်။ အဲဒီအတွက် လူစုလူဝေးဖြစ်ပေါ်ခြင်း မရှိတော့ပါဘူး။ဒီမှာကတော့ ပုံမှန်အားဖြင့် ကနဦး မှတ်ပုံတင်တာ တစ်ရက်ကို ပျမ်းမျှယာဉ်ငယ်အစီး ၁၀၀ ကနေ အစီး ၂၀၀ ကြား ရှိပါတယ်"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်) ဒုတိယညွှန်ကြားရေးမှူး ဦးလှမြင့်က ပြောသည်။
ယခုအခါတွင် လူစီးမော်တော်ယာဉ်များ ကနဦး မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပ တင်သွင်းယာဉ် မှတ်ပုံတင်ခ ကျသင့်သည့်ငွေ၏ တစ်ဝက်ကို လျှော့ချပေးလျက်ရှိကြောင်း သိရသည်။ထို့အပြင် ကိုဗစ် ဒုတိယလှိုင်းတွင် ရုံးပိတ်ရက် ၇၈ ရက်ရှိရာ ယင်းရက်များ အတွက် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးကို ကောက်ခံခြင်း မပြုဘဲ ကင်းလွတ်ခွင့်ပြုကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွာသာကြီး(ကညန)ရုံး၊ ထောက်ကြန့်(ကညန)ရုံး၊ မန္တလေး(ကညန)ရုံးနှင့် နေပြည်တော်(ကညန) ရုံး လေးရုံးတွင် မော်တော်ယာဉ် သစ်များအား ကနဦးနံပါတ်ယူခြင်း၊ ယာဉ်စစ်ခြင်းစသောမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ငယ်များအတွက် ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်းကို ထောက်ကြန့်(ကညန)ရုံးအနေဖြင့် ၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ယာဉ်ကြီးများအတွက် ကနဦးမှတ်ပုံတင်ခြင်းကို ရွာသာကြီး(ကညန)ရုံးတွင် ဆောင်ရွက်ပေးကြောင်း ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်း ထောက်ကြန့်(ကညန)ရုံးမှ သိရ သည်။
The Mirror Daily