ဖိလစ်ပိုင် တစ်နိုင်ငံတည်းသာ ၇ လ တာ မော်တော်ယဉ်ထုတ်လုပ်မှု လျော့ကျ
အာဆီယံ မော်တော်ယာဉ် အသင်းချုပ် ASEAN Automotive Federation (AAF) မှ မကြာသေးခင်က ထုတ်ပြန်သည့် စာရင်းအရ ဖိလစ်ပိုင် နိုင်ငံတွင် ၂၀၂၂ ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လ တာတွင် မော်တော်ယာဉ်စီးရေ ၄၈,၁၆၆ တပ်ဆင်ထုတ်လုပ်ခဲ့သည်။ ယမန်နှစ် ပထမ ၇ လတွင် စီးရေ ၅၀,၀၄၆ ထုတ်လုပ်ခဲ့သည်ဖြစ်ရာ ယခုနှစ်တွင် ၃.၈% လျော့ကျသည်။
မြန်မာနိုင်ငံ အပါအဝင် စာရင်းပါ ၆ နိုင်ငံတွင် ဖိလစ်ပိုင် တစ်နိုင်ငံတည်းသာ ယမန်နှစ်ထက် ထုတ်လုပ်မှု လျော့ကျခဲ့ပါသည်။ (အသင်းချုပ်၏ စာရင်းအပြည့်အစုံကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်) စာရင်းပါ အခြား အာဆီယံနိုင်ငံများသည် မော်တော်ယာဉ် ထုတ်လုပ်မှုကို ယခုနှစ် ပထမ ၇ လတာအတွင်း အရှိန်တင်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ယမန်နှစ်က ထုတ်လုပ်မှု နည်းပါးခဲ့သဖြင့် ယခုနှစ်တွင် ကြီးထွားနှုန်း အများဆုံး ဖြစ်ခဲ့ပြီး ၁၂၈.၉% ရှိပါသည်။
ဇန်နဝါရီလတွင် ၆၀၃ စီး၊ ဖေဖော်ဝါရီလတွင် ၄၃၁ စီး၊ မတ်လတွင် ၆၁၀ စီး၊ ဧပြီလတွင် ၄၅၇ စီး။ မေလတွင် ၄၅၃ စီး၊ ဇွန်လတွင် ၄၀၉ စီး၊ ဇူလိုင်လတွင် ၈၅ စီး ထုတ်လုပ်ခဲ့ပါသည်။ မတ်လတွင် ၆၁၀ စီးဖြင့် အများဆုံးဖြစ်ပြီး ဇူလိုင်လတွင် စီးရေ ၁၀၀ အောက်သို့ ရောက်ရှိသွားပါသည်။ ဒုတိယနေရာတွင် မလေးရှားနိုင်ငံက ၅၁.၆% ၊ တတိယနေရာတွင် အင်ဒိုနီးရှား (၃၂.၇ ရာခိုင်နှုန်း)၊ စတုတ္ထနေရာတွင် ဗီယက်နမ် (၃၂.၅ ရာခိုင်နှုန်း) နှင့် ပဉ္စမနေရာတွင် ထိုင်း (၈.၉ ရာခိုင်နှုန်း) တို့ အသီးသီး နေရာရရှိကြပါသည်။
၂၀၂၂ ပထမ ၇ လတာတွင် အာဆီယံတွင် မော်တော်ယာဉ် စီးရေ စုစုပေါင်း ၂.၃၉၈ သန်း ထုတ်လုပ်ခဲ့ပါသည်။ ယမန်နှစ် ပထမ ၇ လတာတွင် ၁.၉၆ သန်း ထုတ်လုပ်ခဲ့ပါသည်။
ရောင်းအား
ရောင်းအားကို ကြည့်လျှင် မလေးရှားသည် ရောင်းအားကြီးထွားနှုန်း ၄၈.၃% ဖြင့် အများဆုံး ဖြစ်ပါသည်။ ဗီယက်နမ်က ၃၉.၄% ၊ အင်ဒိုနီးရှားက ၂၂% ရရှိခဲ့ကြပါသည်။ စင်ကာပူနှင့် မြန်မာ နိုင်ငံတို့တွင် ရောင်းအား လျော့ကျခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ကားအသစ်ရောင်းအား ၃၂.၈% ကျဆင်းခဲ့ပါသည်။ အာဆီယံအနေဖြင့် စီးရေ ၁.၉၁ သန်း ရောင်းချခဲ့ပါသည်။ ယမန်နှစ် အလားတူကာလတွင် ၁.၅၀၇ သန်း ရောင်းချခဲ့ပါသည်။
မော်တော်ဆိုင်ကယ်နှင့် စကူတာ တပ်ဆင်ထုတ်လုပ်မှုတွင် မလေးရှား တစ်နိုင်ငံတည်းသာ တိုးများခဲ့သည်။ ရောင်းအားတွင် မလေးရှားနိုင်ငံသည် ၃၈.၃% တိုးများခဲ့ပြီး အာဆီယံတွင် အများဆုံး တိုးများနှုန်း ဖြစ်ပါသည်။ အာဆီယံတွင် ၂၀၂၂ ပထမ ၇ လတာတွင် မော်တော်ဆိုင်ကယ်နှင့် စကူတာ စီးရေ ၁.၉၇ သန်း တပ်ဆင်ထုတ်လုပ်ခဲ့ပါသည်။
Source AAF
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U