အင်ဒိုနီးရှားသမ္မတနှင့် အီလွန်မတ်စ်တို့ အီးဗီဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တွေ့ဆုံဆွေးနွေး


အင်ဒိုနီးရှားသမ္မတနှင့် အီလွန်မတ်စ်တို့ အီးဗီဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တွေ့ဆုံဆွေးနွေး

Tesla ကိုယ်စားလှယ်အဖွဲ့က အင်ဒိုနီးရှားသို့ လာရောက်ပြီး အင်ဒိုနီးရှားနိုင်ငံ နီကယ်လုပ်ငန်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုများ ပြုရန်၊ လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီများ ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုရန် အလားအလာကောင်းများကို အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရက်ပိုင်းအကြာမှာ အမေရိကန်သမ္မတနှင့် အာဆီယံထိပ်သီး အစည်းအဝေးတက်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတ Joko Widodo က Tesla Inc စီအီးအို Elon Musk ကို တက္ကဆက်ရှိ SpaceX အာကာသဒုံးပျံစခန်းမှာ မေလ ၁၄ ရက်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာလမှာ အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ဖို့ သမ္မတ ဂျိုကို ဝီဒူဒူက အီလွန်မတ်စ်ကို ဖိတ်ကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ Tesla ကိုယ်စားလှယ်အဖွဲ့က အင်ဒိုနီးရှားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ ပြုရန် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 

ဂျိုကိုဝီလို့ လူသိများတဲ့ သမ္မတ သမ္မတ ဂျိုကို ဝီဒူဒူက ဝါရှင်တန်မှ တက္ကဆက်ပြည်နယ် ဘိုကာချီကာရှိ SpaceX ဒုံးပျံလွှတ်တင်စခန်းသို့ သွားရောက်ပြီး ဘီလျံနာ စီအီးအို အီလွန်မတ်စ်ကို တွေ့ဆုံခဲ့ပြီး အင်ဒိုနီးရှား အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ မတ်စ်က အင်ဒိုနီးရှားမှာ အလားအလာကောင်းများ ရှိနေတဲ့အတွက် မိတ်ဖက်အဖြစ် အတူလက်တွဲ လုပ်ကိုင်စရာ အများအပြားအတွက် နေရာရှိနေတယ်လို့ မတ်စ်က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

အင်ဒိုနီးရှားမှာ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍအတွက် အလွန်အရေးပါတဲ့ နီကယ်သတ္တုသိုက် ရှိနေပြီး ကမ္ဘာ့အကြီးဆုံး နီကယ်သတ္တုသိုက် ဖြစ်ပါတယ်။ 
ဂျိုကိုဝီက နီကယ် အခြေပြု အီးဗီလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ဆောင်ရန် စိတ်အားထက်သန်ပါတယ်။ နီကယ်သတ္တုမှအစ ၊ ဘက်ထရီထုတ်လုပ်မှုအဆုံး လုပ်ကိုင်လိုပါတယ်။ အီးဗီ တပ်ဆင်ထုတ်လုပ်ရေးကိုလည်း လုပ်ကိုင်လိုပါတယ်။ 
သူက မတ်စ်ကို ဒုံးပျံစခန်းတစ်ခု အင်ဒိုနီးရှားမှာ လာထားဖို့အတွက် စဉ်းစားပေးဖို့ ပြောကြားခဲ့ဖူးပါတယ်။ 

ပြီးခဲ့တဲ့လမှာ အင်ဒိုနီးရှား နီကယ် အခြေပြု အီးဗီလုပ်ငန်းကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု ၂ ခု ရရှိခဲ့ပါတယ်။

တောင်ကိုရီးယားမှ ကုမ္ပဏီစုကြီး LG Energy Solution Ltd ဟာ လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီ ထုတ်လုပ်မှုမှာ ကမ္ဘာ့နံပါတ် (၂) နေရာမှာ ရှိပါတယ်။ LG Energy Solution Ltd က အင်ဒိုနီးရှားမှာ အမေရိကန်ဒေါ်လာ ၉ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး နီကယ်သတ္တု သန့်စင်ရေး၊ ဘက်ထရီဆဲလ်များ ထုတ်လုပ်ရေးတို့ကို လုပ်ကိုင်မယ်လို့ ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ပါတယ်။


LG ရဲ့ အဓိကပြိုင်ဘက် တရုတ်နိုင်ငံမှ Contemporary Amperex Technology က Tesla သို့ ပစ္စည်းပေးသွင်းနေတဲ့ လုပ်ငန်းဖြစ်ပြီး အင်ဒိုနီးရှားမှာ အမေရိကန်ဒေါ်လာ ၉ ဘီလျံ ရင်းနှီးမြှုပ်နှံမယ်လို့ ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ပါတယ်။

Read 275 times